”မန်းမြောက်အကျပ်နဲ့ တောင်ပိုင်းက အလှည့်အပြောင်း”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
မိုးကုတ်ကို နိုဝင်ဘာ ၂၉ ရက်နေ့ကစပြီး စစ်တပ် ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။ တပြိုင်နက်တည်းမှာပဲ မတ္တရာတမြို့နယ်လုံးကို စစ်တပ်က ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပြီး စဥ့်ကူးအစပ်ကို ရောက်ရှိလာတယ်။ ဒါကြောင့် မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျဥ်းနဲ့ မိုးကုတ် စတဲ့ မန်းမြောက်တခွင်မှာ စဥ့်ကူးကို ထိုးစစ်ဆင်ဖို့ စစ်တပ်ဘက်က အဆင်သင့်ဖြစ်လာနေတာကို တွေ့ရတယ်။
‘တရုတ်လက်နက်တွေ’
မြန်မာနောင်းက သတင်းတပုဒ်မှာ MDY PDF ဆီကရတဲ့ ဓာတ်ပုံတပုံကို ထည့်သွင်းဖော်ပြထားတာ တွေ့ရတယ်။ ဒီသတင်းဓာတ်ပုံဟာ ဇူလိုင်လအတွင်းက မန္တလေးတိုင်း တိုက်ပွဲတွေအတွင်း တော်လှန်ရေးဘက်က သိမ်းပိုက်ရမိတဲ့ တရုတ်ကပေးပို့ထားတဲ့ စစ်လက်နက်သေတ္တာတွေ ဖြစ်တာကို တွေ့ရတယ်။ သတင်းဓာတ်ပုံမှာ လက်နက်ကြီးကျည်သေတ္တာတွေလို့ ဖော်ပြတယ်။ သေတ္တာပေါ်မှာ ရိုက်နှိပ်ထားတာအရ ထုတ်လုပ်တဲ့ကုမ္ပဏီက China North Industries Corporation (Norinco) ဖြစ်တယ်။
ဝီကီက သတင်းအချက်အလက်ကို ကြည့်တော့ နော်ရင်ကို (Norinco) ကို တရုတ်အစိုးရခွင့်ပြုချက်နဲ့ ၁၉၈၀ မှာ တည်ထောင်ပြီး မြို့ပြ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ စစ်ရေးပရောဂျက်တွေ၊ စွမ်းအင်နဲ့ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို အားပြုလုပ်ကိုင်တဲ့ ကုမ္ပဏီတခုဖြစ်တယ်။ အီရန်၊ ပါကစ္စတန်၊ ဆော်ဒီ၊ ဇင်ဘာဘွေ၊ ကွန်ဂိုနဲ့ ဗင်နီဇွဲလားတို့ဟာ အဓိကဖောက်သည်တွေလို့ ဆိုတယ်။ နော်ရင်ကိုကုမ္ပဏီဟာ ၁၉၉၄ က အမေရိကန်ကို တရုတ်ဗားရှင်း အေကေ ၄၇ အလက်၂၀၀၀ အမေရိကန် မာဖီးယားတွေဆီ ခိုးသွင်းခဲ့တယ်လို့ ဖော်ပြထားတယ်။
၂၀၀၃ ဘုရှ်လက်ထက်မှာ အီရန်ကို ဒုံးပျံနဲ့ ဆက်စပ်ပစ္စည်းတွေ သွင်းလို့ဆိုပြီး နော်ရင်ကိုကို အမေရိကန်က ပိတ်ဆို့အရေးယူတယ်။ ၂၀၂၀ ထရမ့် ပထမသက်တမ်း ကုန်ခါနီးမှာ နော်ရင်ကိုအပါအဝင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) နဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ ဆက်ဆံတဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို အရေးယူမယ့် သမ္မတရဲ့ ညွှန်ကြားချက်တခု ထုတ်ပြန်တယ်။
နော်ရင်ကိုဟာ ယူကရိန်းစစ်မှာ ရုရှားကို အော်တို မောင်းပြန်ရိုင်ဖယ်၊ ဒရုန်းအစိတ်အပိုင်းတွေနဲ့ ကျည်ကာအင်္ကျီတွေ၊ ဂါဇာမှာ ဟားမာ့စ်တွေကို အော်တို မောင်းပြန်ရိုင်ဖယ်တွေ ရောင်းချပေးခဲ့တယ်။ ဒါဆိုရင် စစ်တပ်ဘက်ကို တရုတ်ဘက်က ရောက်လာနိုင်တဲ့ လက်နက်တွေကို ခန့်မှန်းလို့ ရနိုင်မှာဖြစ်သလို မြန်မာစစ်တပ်ဘက်က ဘယ်လိုပရောဂျက်တွေ ကုန်ကြမ်းတွေနဲ့ လဲလှယ် ဝယ်ယူနိုင်မလဲ အကြမ်းအားဖြင့်ခန့်မှန်းကြည့်နိုင်မှာဖြစ်တယ်။
‘လားရှိုးနဲ့ မိုးကုတ်’
ခုရက်ပိုင်း လားရှိုးနဲ့ပတ်သက်လို့ MNDAA နဲ့ စစ်တပ်အကြား လားရှိုးအဝင်အထွက်က လမ်းကြောင်းတွေ (သီပေါဘက်နဲ့ တန့်ယန်းဘက်) ကို ကိုးကန့်ဘက်က ဖယ်ပေးဖို့ စစ်တပ်က တောင်းဆိုထားတာ တွေ့ရတယ်။ လားရှိုးကို စစ်တပ် ပြန်ရသွားတာမှာ မြို့ပေါ်ရပ်ကွက်တွေသာဖြစ်ပြီး မြို့ပြင်ထွက်ပေါက်အားလုံးကို ကိုးကန့်တပ်တွေက ဆက်လက် နေရာယူထားဆဲ ဖြစ်တာကြောင့် စစ်တပ်က ခုလို တောင်းဆိုလာတာဖြစ်တယ်။ တနည်းပြောရရင် မန်းမြောက်မှာ လမ်းပွင့်လာတာနဲ့ တပြိုင်နက်တည်း ရှမ်းမြောက်မှာ လားရှိုးအထိ မိမိရရ ထိန်းချုပ်ထားနိုင်ဖို့ကို စစ်တပ်ဘက်က ရည်ရွယ်လာတဲ့သဘောလို့ တွက်ဆရမှာဖြစ်တယ်။
မိုးကုတ်နဲ့ မိုးမိတ်ဘက်မှာတော့ လားရှိုးလို ကန့်သတ်ထားပုံ မတွေ့ရဘူး။ ဒီမြို့ နှစ်မြို့စလုံးကို TNLA က စစ်တပ်ဆီ အလုံးစုံ လွှဲအပ်ထားခဲ့တဲ့ သဘောဖြစ်တယ်။ TNLA အနေနဲ့ ဒီမြို့တွေဟာ ပထဝီဝင်အနေအထားနဲ့ လူမျိုးစုအခြေချနေထိုင်ပုံအရကို တအာင်းနဲ့ ဆက်စပ်မှုမရှိဘူးဆိုတဲ့ သဘောထားမျိုး ဖြစ်နိုင်တယ်။ ဒီယူဆချက်သာမှန်ရင် TNLA မိုးကုတ်ကိုတိုက်ခဲ့တာဟာ စစ်ရေးကို အထောက်အပံ့ပေးနိုင်မယ့် စီးပွားရေးအမြင်အရ ဖြစ်တယ်လို့ ဆိုရမှာဖြစ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် လားရှိုး၊ မိုးကုတ် အတွေ့အကြုံအရဟာ တော်လှန်ရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍ တိတိကျကျမရှိခြင်းရဲ့ အားနည်းချက်ကို ထောက်ပြရဖို့ ဖြစ်လာတယ်။ ဒီမြို့တွေဟာ တော်လှန်ရေးဘက်က သိမ်းပိုက်ထားတာမဟုတ်ဘဲ အီးအေအိုတခုချင်းစီက သိမ်းပိုက်ထားတယ်ဆိုတဲ့ သဘောတရားဟာ ကိုးကန့်နဲ့ တအာင်းကို ရှေ့ဆက်ဖို့ အခက်အခဲဖြစ်စေခဲ့သလား ချိန်ဆကြည့်ကြဖို့ဖြစ်တယ်။ တဆက်တည်းမှာ ဒီအားနည်းချက်ကို ရှေ့မှာဘယ်လိုပြင်ဆင်မလဲ ဆိုတာပဲဖြစ်တယ်။
‘ကွန်ဂရက် နဲ့ TPS’
အမေရိကန်ကွန်ဂရက်ရဲ့ ကျားဖြန့်ကြားနာပွဲမှာပါတဲ့ Strike Force ကို တော်လှန်ရေးဘက်ကသာမက စစ်တပ်ဘက်ကပါ သေသေချာချာ နားစွင့်လာချိန်မှာ ထရမ့်အစိုးရရဲ့ TPS ကို ဖျက်သိမ်းတဲ့သတင်းက ကပ်ပြီး ထွက်လာခဲ့တယ်။ (မှတ်ချက် – Temporary Protection Status – အမေရိကန်အစိုးရက စစ်ကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ၊ နိုင်ငံတခုကနေ အမေရိကန်နိုင်ငံတွင်း ဝင်ရောက်လာသူတွေကို ယာယီ အကာအကွယ်ပေးထားတဲ့ ဥပဒေဖြစ်တယ်။ အချိန်ကာလတခု ဥပမာ ၆ လကနေ တနှစ်၊ တနှစ်ခွဲအတွင်း တရားဝင်နေထိုင်ခွင့် နောက်တခုကို ပြောင်းရတယ်။ ခရီးသွားလာခွင့်နဲ့ အလုပ်လုပ်ခွင့်ရတယ်။)
ဖြစ်နိုင်ခြေက ၂ ခုဖြစ်တယ်။ ပထမတခုက ထရမ့်အစိုးရဟာ မြန်မာတော်လှန်ရေးနဲ့ စစ်တပ်ကို ရောထွေးဗျူဟာ (mixing signals) တွေ ပေးပို့နေတာဖြစ်တယ်။ နောက်ဖြစ်နိုင်ချေက ကွန်ဂရက်နဲ့ အစိုးရကြား လစ်ဟာချက်တွေထွက်ပေါ်လာတာဖြစ်တယ်။ ကွန်ဂရက်က လာမယ့်ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲလို့ သတ်မှတ်ထုတ်ပြန်ချိန်မှာ အစိုးရ (အမိမြေလုံခြုံရေးဝန်ကြီးဌာန) က မြန်မာမှာ အခြေအနေတွေ ကောင်းနေပြီ၊ ရွေးကောက်ပွဲတောင် လုပ်တော့မှာဖြစ်လို့ ပြန်မယ်ဆို ပြန်လို့ရနေပြီလို့ သတင်းထုတ်ပြန်တာဖြစ်တယ်။
ဝန်ကြီးဌာနဘက်က ထရမ့်အစိုးရရဲ့ တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေးကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာဖြစ်တယ်။ TPS ဟာ မြန်မာတနိုင်ငံတည်း မဟုတ်ဘဲ တခြားနိုင်ငံတွေပါသလို TPS သာမက နောက်ပိုင်းမှာ ပေးပြီးသား ဂရင်းကဒ်တွေကိုပါ ပြန်လည်စိစစ်မယ်လို့ ဆိုပြန်တယ်။ ကွန်ဂရက်ဘက်ကတော့ အမေရိကန်တွေရဲ့ နဂိုမူလပေါ်လစီတွေနဲ့ ရည်မှန်းချက်တွေ (တရားမျှတမှု၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနဲ့ အမေရိကန်ပရိုမိုးရှင်း) ကို အားပြု ထုတ်ပြန်တာဖြစ်တယ်။ အမေရိကန် မူရင်းပေါ်လစီနဲ့ ထရမ့်ပေါ်လစီ ထိပ်တိုက်တွေ့တဲ့ နောက်တပွဲဖြစ်တယ်။
သို့ပေမယ့် ကျားဖြန့်နှိမ်နှင်းရေးဟာ တရုတ်ကိုကျူံးသွင်းမယ့် အစီအမံတခုဖြစ်သလို (ဒါဟာ နောက်ပိုင်း အမေရိကန်အစိုးရ အဆက်ဆက်ရဲ့တူညီတဲ့ ပေါ်လစီဖြစ်လာပြီး အကောင်အထည်ဖော်ပုံတွေမှာသာ ကွဲပြားတာ တွေ့ရတယ်)၊ အမေရိကန်အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်တဲ့ (တိုက်ရိုက်တိုက်ခိုက်ခံရတဲ့) အနေအထားတရပ်လည်း ဖြစ်လို့ ကျားဖြန့်နဲ့ TPS ကို ခွဲခြားမြင်တာဟာ ပိုပြီး သင့်တော်ပါလိမ့်မယ်။
‘ခေါင်းဆောင်မှုကို ပြုပြင်ခြင်း’
ခုနောက်ဆုံး ကျားဖြန့်နှိမ်နှင်းရေးမှာ နုဂျီဘက်က အသံမကြားရဘဲ ကေအင်ယူဘက်က အသံထုတ်ပြလာတယ်။ ဒါကလည်း ရွှေကုက္ကိုတို့၊ ကေကေပတ်တို့ဟာ ကရင်ပြည်နယ်ဘက် (ကေအင်ယူဂွင်ထဲ) ကို ရောက်ရှိလာလို့ပဲဖြစ်တယ်။ ဒီအလှည့်အပြောင်းမှာ ကေအင်ယူဟာ အနည်းဆုံး ကရင်တော်လှန်ရေးအဖွဲ့တွေကို ပြန်လည် စုစည်းနိုင်မလား၊ ပြီးရင် ဒီအခွင့်အရေးကို တော်လှန်ရေးတခုလုံးနဲ့ ဘယ်လို ပြန်လည်ချိတ်ဆက်လာနိုင်မလဲ စတဲ့ ချိန်ဆစရာ ဆက်စပ်စရာတွေလည်း ရှိလာတာ တွေ့ရတယ်။
မေးခွန်းက တော်လှန်ရေးဦးဆောင်မှုဟာ ပြောင်းလဲလာတဲ့ အချိုးအကွေ့တွေကြား ဘယ်လို လိုက်လျောညီထွေ ဖွံ့ဖြိုးလာနိုင်မလဲ ဆိုတာဖြစ်တယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
