
“မသိခြင်းတွေဆိုတာ”

ကျနော်တို့နိုင်ငံရဲ့ နေ့စဉ်လူနေမှုဘ၀မှာ လူတန်းစားမညီမျှမှုဟာ လက်တွေ့ပြဿနာတရပ် ဖြစ်လာပြီး အဲဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်လာပါတယ်။ အထူးသဖြင့် အရင်းရှင်လူတန်းစားရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကြောင့် အခြေခံလုပ်သားတွေမှာ ရပိုင်ခွင့် အပြည့်အ၀မရတာက အရင်းခံပြဿနာဖြစ်လာရာကနေ အခုဆိုရင် ဖက်စစ်စစ်တပ်ကြောင့် နိုင်ငံရဲ့ ဥပဒေရေးရာက ယိုယွင်းလာပြီး လူ့အခွင့်အရေးဟာ မပြည့်ဝတော့တဲ့ အိပ်မက်တခု ဖြစ်လာပါတယ်။ ဒါကြောင့် အရင်ကတည်းက ထိုက်တန်တဲ့အခွင့်အရေး အပြည့်အ၀မရခဲ့တဲ့ အခြေခံလူတန်းစားတွေရဲ့ လူမှုဘ၀ဟာလည်း ပိုပိုအဖိနှိပ်ခံရပြီး ရပိုင်ခွင့်တွေ ဆုံးရှုံးလာပါတော့တယ်။
ဒီလိုအနေအထားမှာ အခြေခံလူတန်းစားတွေဟာ အသိပညာဆိုင်ရာ တိုးတက်ခြင်းတွေကို သေချာမလေ့လာလို့ ဒီလိုရပိုင်ခွင့်တွေ ဆုံးရှုံးလာနေရတာဆိုတဲ့ ကရုဏာဒေါသနဲ့ ပြစ်တင်ပြောဆိုမှုတွေကို အွန်လိုင်းပေါ်မှာ (ဒါမှမဟုတ်) နေ့စဥ်ဘဝထဲမှာ ကြားနေ မြင်နေရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လက်တွေ့အဖြစ်အပျက်ကို တွေ့မြင်ခဲ့ရတဲ့ ကျနော့်ရဲ့အမြင်ကို တင်ပြပါမယ်။ ဥပမာအနေနဲ့ လှိုင်သာယာစက်မှုဇုန်ထဲက စက်ရုံတခုခုမှာလုပ်ရတဲ့ အမျိုးသမီးတယောက်ရဲ့ နေ့စဉ်ဘ၀ကို မြင်ယောင်ကြည့်ကြည့်ပါ။ မနက် ၅ နာရီ မျက်စိနှစ်လုံးဖွင့်ကတည်းက အိပ်ယာ ကမန်းကတန်းထပြီး ထမင်းအိုးထတည်ရ၊ အိမ်ထောင်ရှိ အမျိုးသမီးတဦးသာဆိုရင် သူမရဲ့ လင်ယောက်ျား၊ ကလေးတွေရဲ့ ဝေယျာဝစ္စအားလုံးကို “သားကိုသခင်၊ လင်ကိုဘုရား” ဆိုတဲ့ ဒီနိုင်ငံရဲ့ ရှေးရိုးစွဲ ယဥ်ကျေးမှု ဓလေ့ထုံးစံအတိုင်း ပြင်ဆင်ပေးရပါတယ်။
အကယ်၍ သူမ’သာ နယ်ကနေလာပြီး အဆောင်ငှားနေတဲ့သူသာဆိုရင် ရေချိုးဖို့ တန်းစီရတာကစပြီး စက်ရုံဖယ်ရီကား အမီဖြစ်အောင် ကတိုက်ကရိုက် ရေမိုးချိုး၊ အလုပ်သွားဖို့ ပြင်ရပါတယ်။ တနေ့အလုပ်လုပ်ချိန်က ၈ နာရီဆိုပေမဲ့ ခေါင်းပုံဖြတ်အရင်းရှင်တွေရဲ့ စက်ရုံမှာ ၈ နာရီမက အလုပ်လုပ်ရပြီး ထိုက် သင့်တဲ့ အခကြေးငွေလည်း ပြန်မရကြပါဘူး။ မနက် ၆ နာရီခွဲ ၇ နာရီ ၀န်းကျင်ကတည်းက ဖယ်ရီပေါ် ရောက်နေရပြီး ညနေ ၅ နာရီခွဲ ၆ နာရီမှ စက်ရုံက အလုပ်ဆင်းရပါတယ်။ ဖယ်ရီက အိမ်ပြန်လိုက်ပို့ပြီး အိမ်ရောက်တဲ့အခါ ည ၇ နာရီထိုးနေပါပြီ။ (ဒီ့အပြင် တချို့သော စက်ရုံတွေမှာဆိုရင် အောလင်း၊ အောနိုက်ဆိုတဲ့ မနက်ခင်းအလုပ်ချိန်အပြင် တညလုံးနီးပါး အချိန်ပိုဆင်းရတာမျိုး ရှိပါတယ်။)
အိမ်ပြန်ရောက်တာနဲ့ ရေမိုးချိုး၊ ညစာစားဖို့ ချက်ပြုတ်၊ လျှော်စရာရှိတဲ့အ၀တ်တွေ လျှော်ရပြုရနဲ့ ည ရှစ်နာရီခွဲ ကိုးနာရီဖြစ်နေပါပြီ။ အဲဒီအချိန်ကျမှ သူမ’အတွက် ကိုယ်ပိုင်အချိန်ရပြီး အပန်းဖြေဖို့အတွက် သူ(မ) ကြိုက်နှစ်သက်တဲ့ ဗမာကား (လူအများ လှောင်ပြောင်နေကြတဲ့ ဗမာပေါကား) ဖြစ်ဖြစ်၊ TikTok ဖြစ်ဖြစ်၊ Facebook ဖြစ်ဖြစ် ကြည့်မှာပါ။ ပြီးတာနဲ့ အိပ်ရာ၀င်၊ နောက်တရက်ရောက်နဲ့ အပေါ်ကပြောသလိုပဲ သူမရဲ့ နေ့စဥ်ဘဝက ဒီသံသရာထဲမှာပဲ လည်ပတ်နေမှာဖြစ်ပါတယ်။ တနေကုန် ပင်ပန်းထားတဲ့အတွက်ကြောင့် ခက်ခဲတဲ့လေလာမှုတွေ မလုပ်နိုင်ပါဘူး။ ထူထဲတဲ့ ပညာရပ်ဆိုင်ရာ စာအုပ် တွေလည်း မဖတ်နိုင်သလို ကျနော်တို့အတွက် ရယ်ရပါတယ်ဆိုတဲ့ ဟာသတွေကို သိမြင်နိုင်အောင်လုပ်ခွင့်မရ လုပ်ဖို့လည်း အချိန်မရှိပါဘူး။ ဒါကြောင့် ကျနော်တို့အမြင်မှာ မရယ်ရတဲ့ ဟာသတွေ၊ sexist ဖြစ်တဲ့ ဟာသတွေကိုပဲ ရယ်မောပြီး အပန်းဖြေကြပါတယ်။
အသိပညာဖွံ့ဖြိုးအောင် လုပ်ဖို့အချိန်မရှိ၊ အချိန်မရှိတော့ မသိခြင်းတွေများလာ၊ မသိခြင်းတွေကြာင့် ခေါင်းပုံဖြတ်ခံရမှန်းမသိ၊ အနိုင်ကျင့် စော်ကားခံနေရမှန်းမသိ အဲဒီလိုနဲ့ ပစ္စည်းဆင်းရဲမှု၊ သိမှုဆင်းရဲမှု သံသရာထဲမှာပဲ မုန့်လုံးစက္ကူကပ်နေသလို လည်ပတ်နေရပါတော့တယ်။ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးအတွက် ဖူလုံအလျင်မီအောင် ရုန်းကန်နေရတဲ့သူတွေကိုမှ အသိပညာဖွံ့ဖြိုးဖို့ အားမထုတ်ရကောင်းလားလို့ အပြစ်တင်တာက ရေနစ်သူကိုဝါးကူထိုးသလို အကူအညီတစုံတရာမဖြစ်တဲ့ လုပ်ရပ်တခုသာဖြစ်ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို မြင်အောင်မကြည့်ဘဲ အပေါ်ယံဆန်တဲ့ သုံးသပ်မှုတခုလည်း ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီနေရာမှာ အပေါ်မှာတင်ပြခဲ့တဲ့ အပြစ်တင်မှုဟာ ပြဿနာကို ပြေလည်စေမယ့် နည်းလမ်းဆီ ခေါ်ဆောင်သွားနိုင်လား၊ ပြဿနာရဲ့အရင်းအမြစ်က ဘာလဲ၊ ဘယ်လိုနည်းလမ်းက လက်တွေ့ကျတဲ့ ဖြေရှင်းနည်းဖြစ်မလဲ ဆိုတာကို ဦးစားပေးစဥ်းစားဖို့ လိုလာပါတယ်။ အခြေခံလုပ်သားတွေရဲ့ နေ့စဥ်ဘဝထဲ အတွင်းကျကျဝင်မကြည့်ဘဲ ရှာဖွေနေတဲ့အဖြေဆီ ရောက်နိုင်လောက်လား ဆိုတဲ့မေးခွန်းကို ကျနော်တို့ မေးဖို့ လိုအပ်လာပါတယ်။
Be the first to comment