“မဟာဗျူဟာနဲ့ နည်းဗျူဟာ”
လေးမောင်
‘မဟာဗျူဟာ (Strategy)’
မဟာဗျူဟာဆိုတာ မရေရာ မသေချာတဲ့ အခြေအနေအောက်မှာ ကိုယ့်ရဲ့ ရေရှည် သို့မဟုတ် တစုံလုံးလွှမ်းခြုံတဲ့ ရည်မှန်းချက်ပန်းတိုင် (Goal) ရောက်ရှိ ပေါက်မြောက် အောင်မြင်စေဖို့ ရည်ရွယ်ရေးဆွဲတဲ့ ယေဘုယျအစီအစဥ် (Plan) ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် မဟာဗျူဟာမှာ ပန်းတိုင်နဲ့ ဦးစားပေးကိစ္စ (Priorities) များ ချမှတ်ခြင်း၊ ပန်းတိုင်ရောက်ဖို့ လက်တွေ့အကောင်အထည်ဖော်ရမယ့် အလုပ်များ ဆုံးဖြတ်သတ်မှတ်ခြင်း၊ ကိုယ်သတ်မှတ်ထားတဲ့ အလုပ်များ လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ကိုယ့်မှာရှိတဲ့ အရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချခြင်းတို့ ပါဝင်ပါတယ်။
မဟာဗျူဟာက အရေးကြီးပါတယ်။ ပန်းတိုင်ရောက်အောင်သွားဖို့ ရနိုင်တဲ့ အရင်းအမြစ် (Resources) ဆိုတာ အမြဲ အကန့်အသတ် ရှိတတ်လို့ပါ။
မဟာဗျူဟာက ဘယ်လိုနည်းလမ်းတွေ (Means) ဘယ်လိုအရင်းအမြစ်တွေ (Resources) သုံးပြီး ပန်းတိုင် (End/Goal) ရောက်အောင်သွားမလဲဆိုတာ ဖော်ပြပါတယ်။
Max McKeown (2011) ကတော့ မဟာဗျူဟာဆိုတာ အနာဂတ်ကို ပုံဖော်ခြင်း (Shaping the Future) ဖြစ်တယ်၊ရနိုင်သမျှ အရင်းအမြစ်/နည်းလမ်းများ (Means) သုံးပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင် (Ends) ရောက်အောင် သွားတဲ့ လူသားရဲ့ ကြိုးပမ်းမှုဖြစ်တယ်လို့ ဖွင့်ဆိုဖူးတယ်။
မဟာဗျူဟာဆိုတာက တိုင်းတာဖို့ အကဲဖြတ်ဖို့ ခက်ခဲတယ်၊ ကိုင်တွယ်ထိတွေ့လို့ (Intangible) မရနိုင်စကောင်းဘူး၊ မဟာဗျူဟာရေးသူဟာ သတင်းအချက်အလက် အပြည့်အစုံရရှိပြီး အမြော်အမြင်ကြီး (High Level Thinking) ရှိဖို့ လိုတယ်လို့ ဆိုကြပါတယ်။
‘နည်းဗျူဟာ (Tactics)’
မဟာဗျူဟာက တောင်တလုံးကိုတက်ဖို့ ဖြစ်တယ်ဆိုရင် မဟာဗျူဟာရဲ့ အဓိက အစိတ်အပိုင်းတရပ်က တောင်ရဲ့ ဘယ်ဘက်အခြမ်းကနေ တက်မလဲဆိုတာကို ဆုံးဖြတ်ဖို့ဖြစ်တယ်။ နည်းဗျူဟာ ဆိုတာကတော့ တောင်တက်တဲ့အခါ ဘယ်ဝတ်စုံကို ဝယ်မယ်၊ ကိုယ်နဲ့အတူ ဘယ်သူ့ကို ခေါ်သွားမယ်၊ တောင်ပေါ်ရောက်ဖို့ ဘယ်လောက် အချိန်ယူမယ်၊ ဘယ်ရာသီမှာတက်မယ်၊ ခရီးစဉ်ကို ဘယ်လိုရေးဆွဲမယ် ဆိုတာတွေ ဖြစ်တယ်လို့ နမူနာပေးတတ်ပါတယ်။
မဟာဗျူဟာက သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ရည်မှန်းရာခရီးကို ပေါက်မြောက်ဖို့ လိုအပ်တဲ့ လမ်းကြောင်းကို ပေးပြီး နည်းဗျူဟာကတော့ ပိုလက်တွေ့ကျပြီး ရည်မှန်းရာ လမ်းတလျှောက် ပိုမိုအသေးစိတ်တဲ့ ခြေလှမ်းများနဲ့ ပိုမိုတိုတောင်းတဲ့ အချိန်သတ်မှတ်ချက်များကို ပေးတယ်။
ဆွန်ဇူးက ‘စစ်ရေးအနုပညာ’ ဆိုတဲ့ကျမ်းမှာ “နည်းဗျူဟာမပါသော မဟာဗျူဟာသည် အောင်ပွဲသို့သွားရာ အနှေးကွေးဆုံး လမ်းကြောင်းဖြစ်ပြီး မဟာဗျူဟာ မပါသော နည်းဗျူဟာသည် မရှုံးနိမ့်မီ ဆူညံဆူညံ လုပ်ခြင်းသာဖြစ်သည်” ဟု ရေးသားခဲ့တယ်။
မဟာဗျူဟာက ကိုယ့်ရဲ့ပန်းတိုင်ကို ပုံဖော်တဲ့ ရေရှည်အစီအစဥ်ဖြစ်ပြီး နည်းဗျူဟာကတော့ ပန်းတိုင်ရောက် ပေါက် မြောက်စေဖို့ လက်တွေ့ အကောင်အထည်ဖော်ရမယ့် အလုပ်များ (Actions) များ ဖြစ်တယ်။ ဒီအလုပ်တွေဟာ ကာလတို (Short-term) အလိုက် လုပ်ဆောင်ရန်များ ဖြစ်လေ့ရှိတယ်။
Be the first to comment