မဟာမိတ် ပိုးလုံချည်

◼️ဆူးရစ်နွယ်
တတိုင်းပြည်လုံး နယ်ချဲ့လက်အောက်ကို ကျရောက်သွားချိန်၊ ကိုလိုနီခေတ်ဦး တော်လှန်ရေးတွေ ဦးနှိမ်ခံလိုက်ရချိန်မှာတော့ ဗမာတွေ တော်လှန်ရေးကိစ္စနဲ့ အလှမ်းဝေးသွားကြတော့တယ်။ စားဝတ်နေရေး ယန္တရားကြီးထဲမှာ မငတ်ရုံတမယ် နင်းပြားလူတန်းစားတွေ ပေါ်ပေါက်လာကြတော့တယ်။ ဆင်းရဲကြတာချင်းအတူတူ ပဒေသရာဇ်ခေတ်မှာလို နေသာသမှု မရှိတော့ဘူး။ တပါးကျွန် ဖြစ်ရလေခြင်းဆိုတဲ့ မချိတင်ကဲစိတ်တွေနဲ့ ကျော်ဖြတ်နေကြရတယ်။ ဒါသည်ပင် တနေ့မှာ အုံကြွပေါက်ကွဲလာမယ့် တော်လှန်ရေးကြီးတရပ်အတွက် အခြေခံကောင်းလို့တောင် ပြောနိုင်ပါတယ်။ ပြည်တင်း မင်းမခံနိုင် ဆိုတဲ့စကားရှိသကိုး။ အားမတန်လို့ ဒူးတုပ်လိုက်ရပေမယ့် နေနှင့်ဦးပေါ့ကွာဆိုတဲ့ ရင်တွင်းအကြိတ်တွေ တည်လာကြတော့တယ်။
၁၉၀၀ ပြည့်အလွန်မှာတော့ ကောလိပ်ကျောင်းသား လူငယ်လေးများက ဦးဆောင်ပြီး YMBA ဆိုတဲ့ အသင်းတသင်းပေါ်လာတယ်။ စတင်တည်ထောင်ကြသူတွေက ကိုမောင်ကြီး၊ ကိုဘရင်၊ ကိုဘဘေ စတဲ့ ကောလိပ်ကျောင်းသားများ ဖြစ်ပါတယ်။ YMBA ခေါ် ဗုဒ္ဓကလျာဏယုဝအသင်းက ဘာလုပ်သလဲဆိုတော့ ဘာသာရေးနဲ့ ပညာရေးကိစ္စတွေအတွက် လုပ်ဆောင်တယ်။ အသင်းအဖွဲ့ဆိုတာရှိပေမယ့် အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်မယ်ဆိုတဲ့ နိုင်ငံရေးအတွေးခေါ်မျိုး မရှိသေးပါဘူး။ အင်္ဂလိပ်အစိုးရရဲ့ ယန္တရားဟာလည်း အရှိန်ကောင်းလာတဲ့အချိန် ဖြစ်လေတော့ ခိုးသား ဓားပြ ဘေးကအစ အေးနေတယ်။ ကုန်သွယ် ရောင်းဝယ်ဖောက်ကားမှု စနစ်တွေကလည်း ဗမာဘုရင်ရှိစဥ်ကထက် ပိုပြီး အဆင်ချောလေတော့ လူတွေက ငွေရှာမယ်၊ ဇိမ်ခံမယ်၊ ငွေကြေးရဲ့သြဇာနဲ့ အုပ်ချုပ်ရေးအာဏာကိုပါ ရလာနိုင်တာကို သိလာကြတယ်။ မိမိသားသမီးကို ငွေနဲ့ပေါက်ပြီး ပညာသင်စေမယ်၊ ကောလိပ်ပြီးတဲ့အခါ အင်္ဂလိပ်အုပ်ချုပ်ရေးယန္တရားမှာ အလုပ်ဝင်လုပ်ပြီး ဆီဦးထောပတ် လူတန်းစားအဖြစ် နေထိုင်ကြမယ်။ ဒီလိုပဲတွေးကြတယ်။ ဘာလို့လဲဆိုတော့ ဗမာလူမျိုးစရိုက်ကိုက သြဇာအာဏာကို မက်မောတတ်ကြလို့ပါပဲ။
တဘက်မှာလည်း ကောလိပ်ကျောင်းသားများရဲ့ ဝိုင်အမ်ဘီအေအသင်းကြီးဟာ အမျိုးသားရေးစွက်တဲ့ နိုင်ငံရေးဦးဆောင်မှုတွေကို လုပ်လာကြတယ်။ ဝတ်စားဆင်ယင်မှု၊ ပြောဆိုနေထိုင်မှု၊ အသုံးအစွဲလက်ဖွာမှု စတဲ့ကိစ္စတွေကို ဝေဖန်လာကြတယ်။ တခါ အင်္ဂလိပ်အစိုးရကို အထင်မကြီးဖို့၊ အင်္ဂလိပ်ယဥ်ကျေးမှုကို အထင်မကြီး အတုမယူကြဖို့ တိုက်တွန်းလာကြတယ်။ ဥပမာ မင်္ဂလာဆောင် တက်ရောက်လာကြသူတွေကို လက်ဆောင်ပြန်ပေးတာဟာ ဗမာ့ရိုးရာမှာမရှိဘူး။ ဒါ အင်္ဂလိပ်ယဥ်ကျေးမှုပဲ။ ဒါတွေကိုမလုပ်ကြဖို့ ဝိုင်အမ်ဘီအေက လှုံ့ဆော်သမှုပြုတယ်။ ဗမာတွေထက် အမျိုးသားရေးအရာမှာ ရှေ့တန်းရောက်နေတဲ့ အိန္ဒိယ အမျိုးသမားရေးသမားများရဲ့ အမျိုးသားရေး လှုပ်ရှားမှုများကိုလည်း ထောက်ခံလာကြတယ်။ ၁၉၁၄၊ ၁၅၊ ၁၆ ခုနှစ်များမှာ ဝိုင် အမ်ဘီအေက ဦးဆောင်ပြီး နိုင်ငံခြားဖြစ် အထည်လိပ်တွေကို ဆန့်ကျင်ပြီး ရိုးရာအထည်တွေကို ဝတ်ကြဖို့ စတဲ့ အမျိုးသားရေးဦးတည်ချက်တွေကို တစိုက် မတ်မတ် လုပ်လာကြတယ်။ သို့ပေမယ့် ၁၉၁၄ ပထမကမ္ဘာစစ်မှာ အိန္ဒိယအမျိုးသားရေးသမားများ၊ ဗမာအမျိုးသားရေးသမားများ ကန့်ကွက်နေတဲ့ကြားက ဗမာတွေဟာ အင်္ဂလိပ်စစ်တပ်မှာ ဝင်ပြီး အမှုထမ်းကြ တိုက်ကြတယ်။
ငွေမရှိလို့ ကောလိပ်မတက်နိုင်၊ မြို့ပိုင်ဖြစ်ဖို့ ဝေးနေတဲ့သူတွေဟာ စစ်နိုင်တဲ့အခါ အစိုးရတော်မင်းများက မြှောက်စားရင် ပွဲဝင်ရချည်သေးလို့ အထင်ရောက်တာလည်း ဖြစ်နိုင်ပါတယ်။ လူမျိုးကိုယ်တိုင်ကလည်း အမြှောက်ကြိုက် အမြှောက်စားခံ ပဒေသရာဇ်မျိုးကိုး။ ဒီလိုနဲ့ ၁၉၁၉ မှာ ပထမကမ္ဘာစစ်ပြီးပါတယ်။ စစ်ရဲ့ဆိုးကျိုးကတော့ နှစ်အတော်ကြာ ခံစားကြရတာပါပဲ။ ထုတ်ကုန်ပစ္စည်း မယ်မယ်ရရမရှိတဲ့ ဗမာကိုလိုနီနယ်လေးဟာ အများထက်ပိုပြီး စစ်ထောင်းနာရှည် ဖြစ်ကြရပါတယ်။ တစတစ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် လူထုမှာ အပူရုပ် လူလုပ်ပြီး ဒဏ်ခံကြရပါတယ်။ သို့ပေမယ့် ပထမကမ္ဘာစစ်ပြီးစမှာ နာမည်ကြီးတဲ့ ကြော်ငြာသီချင်းတပုဒ် ရှိခဲ့ပါတယ်။ မဟာမိတ်သီချင်း တဲ့။ ရေးတာက နန်းတော်ရှေ့ဆရာတင်၊ ဆိုတာက မမြယုံ။ ဓာတ်ပြားသွင်းတော့ အဆိုတော်ပြောင်းပြီး မြခြေကျင်း မငွေမြိုင်ကဆိုပါတယ်။ “မဟာမိတ် ပိုးလုံချည်၊ အထည်ကမ္ဗလာကောင်းတာမို့၊ ဗမာပြည်အပေါင်းမှာဖြင့် ရောင်းချတဲ့ကုမ္ပဏီ၊ နိုင်ငံနယ်သုံးဝယ်အုံးမည်၊ အမှားမရှိရ အများသိရတဲ့ ဘီအက်စ်စီ ……” BSC ဆိုတာ Burma Silk Company ကိုခေါ်တာပါ။ BSC ပိုးလုံချည် ဖဲလုံချည်များဟာ အဲဒီခေတ်က နာမည်ကြီးပါတယ်။ ဗမာ့ယက္ကန်းလုပ်ငန်းကလည်း ဖျဥ်ကြမ်းထည်များသာ အများစုထုတ်ကြပါတယ်။ ပိုးချည် ဝါချည် ဖဲချည် စတာတွေကို အင်္ဂလိပ်ကုမ္ပဏီများက လက်ဝါးကြီးအုပ်ထားလေတော့ မင်းစိုးရာဇာပွဲတက်တဲ့အခါ သူတို့ဆီက ရက်လုပ်ပြီးသားများကိုသာ ဝယ်ကြရပါတယ်။ အရင်းရှင်စနစ်ရဲ့ ကုန်ကြမ်းလက်ဝါးကြီးအုပ်စနစ် ဖြစ်ပါတယ်။
အထက်ကသီချင်းကို ထောက်ဆရင် ဗမာအထက်တန်းလွှာများ၊ လုလတ်တန်းစားများဟာ စစ်ဒဏ်ကိုခံရပေတဲ့ စားဟယ် သောက်ဟယ် မော်ကြွားနေကြစမြဲဖြစ်ပါတယ်။ အမျိုးသားရေး ဦးတည်လှုပ်ရှားမှုများ အရာမရောက်သေးလို့လည်း ဆိုနိုင်ပါတယ်။ သို့သော် ကုန်ပစ္စည်း ရှားပါးပြတ်လပ်မှု၊ စျေးအဆမတန် မြင့်မားမှုတွေဟာ တနေ့တခြား ကြီးထွားလာခဲ့ပါတယ်။ သခင်ဗဟိန်းရဲ့စာအုပ်ထဲမှာ ၁ ပြားဖိုး နှစ်လုံးရတဲ့ မျောက်တံဆိပ်မီးခြစ်ဟာ ပထမကမ္ဘာစစ်ပြီးတော့ ၁ လုံးကို ၂ ပြားအထိ စျေးတက်သွားတယ်လို့ ရေးထားတာ ဖတ်ဖူးပါတယ်။ ဒီအခါမှာ မိဘကို မှီခိုနေကြရတဲ့ ကောလိပ်ကျောင်းသားတွေ အခက်တွေ့ကြရတယ်။ စီးပွားရေးကြပ်တည်းခြင်း၊ အင်္ဂလိပ်ပညာရေးစနစ်ရဲ့ ဖိနှိပ်ခြင်းတွေကပဲ ကောလိပ်ကျောင်းသားအများစုကို အမျိုးသားရေးစိတ် တွေ ပွင့်အန်ထွက်လာစေတော့တယ်။ မကျေနပ်မှုတွေနဲ့ပြည့်နေတဲ့ ကျောင်းသားတွေဟာ လောင်စာကိုရှာနေကြတဲ့ မီးခဲတွေ ဖြစ်နေကြပါပြီ။ သူတို့ရသွားတဲ့ လောင်စာအစကတော့ တက္ကသိုလ်ပညာရေးဥပဒေပဲ ဖြစ်ပါတယ်။
ပညာမင်းကြီး မစ္စတာဟန်တာက ၁၉၂၀ ဇူလိုင်မှာ တက္ကသိုလ်ပညာရေးဥပဒေမူကြမ်းကို ဥပဒေပြုကောင်စီကို တင်ပြတယ်။ ဇူလိုင် ၃၁ မှာ ဝိုင်အမ်ဘီအေအသင်းချုပ်က ဥပဒေမူကြမ်းကို ပြည်သူအင်အား ၅၀၀ ခန့်နဲ့ ကန့်ကွက်တယ်။ သို့ပေမယ့် သြဂုတ်လမှာ ဥပဒေပြုကောင်စီက အတည်ပြုပေးလိုက်တယ်။ နိုဝင်ဘာ ၃ ၀မှာ ပညာမင်းကြီးက ဒီဥပဒေကို ဒီဇင်ဘာ တက္ကသိုလ်ဖွင့်တာနဲ့ အတည်ပြုတယ်လို့ ကြေညာလိုက်တယ်။ တက္ကသိုလ်ဖွင့်ပြီး ၂ ရက်အကြာမှာ ကောလိပ် သိပ္ပံကျောင်းသားကြီး ၁၂ ယောက်က ရွှေတိဂုံစေတီရင်ပြင် စနေထောင့်မှာ သပိတ်မှောက်ဖို့ ဆွေးနွေးကြတယ်။ စာသုံးမျက်နှာလောက် ရေးထားတဲ့ သစ္စာပြုလွှာကို လက်မှတ်ရေးထိုးကြတယ်။ ကိုစိန်လွင်ဆိုတဲ့သူက လက်မှတ်မထိုးလို့ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်စာရင်းက ၁၁ ဦးဖြစ်ရတာဖြစ်ပါတယ်။ ရွှေတိဂုံရင်ပြင် စနေထောင့်မှာ ကျောက်တိုင်ရှိပါတယ်။
တော်လှန်ရေးရဲ့ အဓိကလိုအပ်ချက်ဟာ ပညာတတ်ဖို့ဖြစ်တယ်ဆိုတဲ့ ချေရဲ့စကားဟာ အတိအကျမှန်ပါတယ်။ ကမ္ဘာပေါ်မှာ တော်လှန်ရေးကို လူလတ်တန်းစား ပညာတတ်များကသာ ဦးဆောင်တာများပါတယ်။ ဒီလိုလူတန်းစားကို ဘူဇွာလို့ ရုရှားလိုခေါ်ပါတယ်။ ရုရှားမှာဖြစ်ခဲ့တဲ့ ဘူဇွာတော်လှန်ရေးဟာ ဘူဇွာတွေကို တော်လှန်တာမဟုတ်ဘဲ ဘူဇွာတွေက ဇာဘုရင်ကို ဖြုတ်ချ တော်လှန်တာသာ ဖြစ်ပါတယ်။ အခုလည်း ကောလိပ်တက် မြို့ပိုင်မလုပ်လိုတဲ့ ဗမာဘူဇွာလေးများက ဗမာ့တော်လှန်ရေးကို သန္ဓေချဖို့ တာစူနေကြပါပြီ။ ဒီဇင်ဘာ ၄ ရက်နေ့၊ နေ့လယ် ၃ နာရီမှာ ၂၆ ဦးပါ သပိတ်ကော်မတီကို ဖွဲ့လိုက် ကြပြီး လိပ်ကန်အနီးက ရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးအရိယာကျောင်းမှာ သပိတ်စကြမှာဖြစ်ပါတယ်။
အဲဒီတုန်းက ကျောင်းသားချင်း အချိန်းအချက်လုပ်ကြပုံက လက်သုံးချောင်းထောင်ပြီး လန်ကိတ်လို့ အချင်းချင်း သတင်းပေးကြပါတယ်။ လန်ကိတ် လိပ်ကန် ၃ နာရီပေါ့။ အဲဒီကစပြီး ဗမာ့နိုင်ငံရေးဟာ လွတ်လပ်ရေးလမ်းစပေါ် စတင်ရောက်ရှိလာတာ ဖြစ်တယ်လို့ သုံးသပ်လိုက်ရပါတယ်။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*