“မိစ္ဆာမရှိတဲ့ တိုင်းပြည်”
ညီလင်းအိမ်
အီရန်ဒါရိုက်တာ Mohammad Rasoulof ရဲ့ ရုပ်ရှင်တွေတိုင်းဟာ အီရန် အာဏာရှင်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ ယင်းဖိနှိပ် မှုတွေတဆင့်ကနေမှ ထပ်မံရိုက်ခတ်ခံရတဲ့ နောက်ပါ လူ့အဖွဲ့အစည်းများထဲက အဖြစ်သနစ်တွေကို ဖော်ပြတာမျိုးဖြစ်တယ်။ သူ့ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေဟာ အများအားဖြင့် အီရန်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ် ဇာတ်ရုပ်များအဖြစ် တွေ့ရပြီး သူတို့တွေကတဆင့် အီရန်၏ ပျက်စီးယိုယွင်းနေသော တရားဥပဒေစနစ်တွေနဲ့ ယင်းအခြေအနေများနဲ့ ပတ်သက်မှုကို မေးခွန်းထုတ်စေတဲ့ ဇာတ်လမ်းကြောင်းတွေ ဖြစ်ပါတယ်။ ယခု ရေးသားဖော်ပြချင်တဲ့ သူ့ရဲ့ နာမည်ကျော်လက်ရာ There Is No Evil ရုပ်ရှင်ဟာလည်း အီရန်ပြည်ရဲ့ ကြိုးပေးကွပ်မျက်တဲ့ တရားစီရင်မှု စနစ်အကြောင်းကို ဖော်ပြထားခြင်းဖြစ်တယ်။ ဇာတ်ကြောင်းထဲမှာ ကြိုးပေးစီရင်မှုနဲ့ ပတ်သက်သော အခြင်းအရာများနဲ့ ဆက်စပ်နေတဲ့ ဘဝဇာတ်ကြောင်း လေးခုကို ဖော်ပြထားတယ်။ သူတို့တခုချင်းစီရဲ့ ဘဝတွေကနေ ဒီစနစ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကြောင့် ဖြစ်ပျက်ခံစားကြရတဲ့ နာကျင်ဖွယ်ရာ အဖြစ်သနစ်တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူက ဒီလို မျိုး ဘဝလေးခုရဲ့ ဇာတ်ကြောင်း ပုံသဏ္ဌာန်တွေကို “There Is No Evil” ၊ “She Said: ‘You Can Do It'” ၊ “Birthday” ၊ “Kiss Me” ဆိုတဲ့ ခေါင်းစဉ်လေးခုနဲ့အတူ တင်ပြထားပါတယ်။ ပထမဆုံး Episode က ဇာတ်ကြောင်းကို အကျဉ်းချုပ် ပြန်ရေးပြပါ့မယ်။
There Is No Evil
ဒီ ခေါင်းစဉ်နဲ့ ဇာတ်ကြောင်းဟာ အကြောင်းအရာ လေးခုထဲကနေ ကြည့်ရသူ့အဖို့တော့ Shock ဖြစ်ပြီး အတွေးတွေ တသီကြီး ကျန်နေစေမယ့် ပါးကွက်သားတယောက်ကို တွေ့ကြရမယ် ထင်တယ်။ ကနဦး ပြသမှုမှာ ဘာရယ်လို့ မမြင်ရ။ ဇာတ်လမ်းပြကွက်ဟာ အီရန်ရဲ့ ဘဝအဖုံဖုံနဲ့ လုံးထွေးရစ်ပတ်နေကြတဲ့ လူနေမှုသရုပ်တွေကို စတင်ပြသတယ်။ ဒီလိုထဲကနေမှ ဟတ်ရှ်မတ်လို့ အမည်သညာရှိတဲ့ သက်လတ်ပိုင်း လူတယောက်ကို မြင်ရမယ်။ သူ့ကိုကြည့်ရတာတော့ သာမန် လူလတ်တန်းစားထဲက ပုံပါပဲ။ သပ်ရပ်ကျယ်ဝန်းတဲ့ တိုက်ခန်းတခန်း ပိုင်ဆိုင်ထားတယ်။ ဇနီးနဲ့ သမီးလေးတယောက်ရှိပြီး ပျော်ရွှင်အဆင်ပြေတဲ့ အနေအထားပါ။ စမြင်ရချိန်မှာတော့ သူက ဘေးတိုက်ခန်းက ကြောင်ကလေးတကောင် ညပ်နေတာကို ဝင်ကယ်ပေးတာ။ ဘေးအခန်းကလူတွေကတော့ ကျေးဇူးတင်တဲ့ အကြည့်တွေနဲ့ပေါ့။ ဒီလိုကနေ သူ့ရဲ့ နိစ္စဓူဝ လုပ်စရာအနေနဲ့ ဇနီးဖြစ်သူကို သွားကြိုမယ်။ ယာဉ်ကြောတွေ ပိတ်ဆို့နေတာကနေ လစာထုတ်ဖို့ ဘဏ်ရှိရာဆီကို ကားကလေးနဲ့ သွားကြတယ်။ ပြီးတဲ့အခါမှာတော့ သမီးကလေးကို ကျောင်းသွားကြိုရတယ်။ နောက် Shopping Centre ထဲသွားကြပြီး အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ဝယ်ကြခြမ်းကြပေါ့။ အိမ်ပြန်ရောက်တော့ ရောက်နေတဲ့ ယောက္ခမကြီးကို လိုအပ်တာတွေ ကူလုပ်ပေးနဲ့။ တနေ့တာမြင်ရတဲ့ သူတို့ မိသားစုအခြေအနေဟာ နွေးနွေးထွေးထွေးနဲ့ အားကျဖွယ်ရာပါပဲ။
ဒီအတိုင်းအမြင်အရ စီးပွားရေး အလုပ်အကိုင် ပြေလည်နေကြတဲ့ အီရန်က လူလတ်တန်းလွှာ မိသားစုတစုကို တွေ့ရတယ်။ အီရန်ပြည်ဟာ ပကတိအားဖြင့် ဘာသာရေး၊ လူမှုရေးအလွှာတွေမှာ ခွဲခြားကန့်သတ်မှုတွေ တပုံတပင်နဲ့ စီးပွားရေးမှာလည်း ဆင်းရဲ အဆင်မပြေသူတွေ များပြားနေကြတာ မဟုတ်ပါလား။ ဒါပေမဲ့ သူတို့ကတော့ ဘယ်လိုအလုပ်အကိုင်ကောင်းတွေ ရှိနေလို့ ခုလို ပြေပြေလည်လည် ဖြစ်နေရသလဲ။ ဟတ်ရှ်မတ်ဆိုတဲ့ အစိုးရအရာရှိဆိုက်ဂိုက် ပေါက်နေတဲ့ ဒီလူဟာ ဘာကြောင့် အခုလို အဆင်ပြေနေသလဲ။ တွေးမိလာချိန်မှာ သူ့ရဲ့ ပကတိ အသက်မွေးဘဝကို စတင် ရိပ်စားမိလာတယ်။
သူဟာ လူအများစု နှစ်ခြိုက်စွာအိပ်မောနေကြတဲ့ အရုဏ်တက်ချိန်မှာပဲ သူ့အလုပ်ကို လုပ်ကိုင်ရတာ။ အိမ်မှာ ညဦးကတည်းက စောစောစီးစီးပဲ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်ရတယ်။ မြို့တော်တခုလုံး အိပ်မောကျနေတဲ့အချိန်ကြမှ သူ့ကားကလေးကိုထုတ်ပြီး အလုပ်ရှိရာကို သွားရတယ်။ သူလုပ်ကိုင်ရတဲ့ အလုပ်ခန်းကလေးထဲမှာ ဘယ်သူမှ ရှိမနေ။ လူအများကြီးမှ မလိုအပ်တာပဲလေ။ သူ့အတွက်တော့ အေးအေးဆေးဆေးပါပဲ။ ခုအတိုင်း မြင်ရတာတော့ အားကျစရာတောင် ကောင်းတယ်။ မနက်အစောလေး ထရုံကလွဲလို့ အလုပ်မှာ မနက်စာစားရင်းတောင် အေးဆေး လုပ်နေရလို့လေ။
ဒါပေမဲ့ အခန်းဘေးက အံဝှက်တံခါးလေးကို ချောင်းကြည့်လိုက်ချိန်မှာတော့ ကျနော်တို့ မှတ်ထင်နေသမျှဟာ ကြောက်စရာကောင်းလောက်အောင် အမှားကြီး မှားနေပါတော့တယ်။ အခန်းထဲမှာ ကြိုးပေးကွပ်မျက်ဖို့အတွက် အကျဉ်းသားတွေကို စင်တွေပေါ်မှာ အစီအရီ တင်ပေးထားတယ်။ သူက အနေအထား မှန်မမှန် လှမ်းကြည့်ရုံပဲ။ သေချာမှန်းသိပြီဆိုမှ အနားက ခလုတ်ကလေးကို နှိပ်ချပေးလိုက်ရုံပဲ။ ဒီအခါမှာ သူတို့ခြေထောက်အောက်တွေက အံဝှက်တွေဟာ လွတ်ထွက်သွားပြီး အကျဉ်သားတွေဟာ အောက်ကို ပြုတ်ကျလာတော့တယ်။ ထွက်သက်မတိုင်မီ သူတို့ခြေထောက်တွေဟာ လေထဲမှာ တဆန့်ငင်ငင် ဖြစ်နေကြတယ်။ အချို့သူတွေမှာတော့ လိင်အင်္ဂါ ဒွါရပေါက်တွေကနေ ကျင်ငယ်ရည်တွေ စီးထွက်လာနေတယ်။
သူဟာ အဲဒီအလုပ်ကို မနက်စာတောင် အစားမပျက်၊ ပန်းသီးဝါးတောင် မပျက်ဘဲ ငေးကြည့်ရင်း အလုပ်လုပ်နေတာတဲ့။ စာတွေအရ အီရန်ပြည်မှာ ရာဇဝတ်မှုကျူးလွန်လို့ ကြိုးပေးစီရင်ခြင်းခံရတာထက် အီရန်အစိုးရရဲ့ လက်ချက် ကြောင့် ကြိုးပေးစီရင်ခံရသူက ပိုမိုများပြားပါတယ်။ အာဏာရှင်အစိုးရအပေါ်ကို ဆန္ဒပြဆန့်ကျင်တဲ့ ပြည်သူတွေ၊ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့သူလို့ သင်္ကာမကင်း ဖြစ်တဲ့သူတွေကို အာဏာပိုင်တွေဟာ ရက်စက်တဲ့နည်းလမ်းတွေနဲ့ ဖမ်းဆီးနှိပ်ကွပ်လေ့ရှိပြီး ဖမ်းမိလာတဲ့ သူတွေကိုလည်း အထက်ပါနည်းလမ်းနဲ့ ကြိုးပေး စီရင်စေတာ ဖြစ်ပါတယ်။
ဒီတော့ ဟတ်မတ်ရှ်ဆိုတဲ့ ဒီလူဟာ ယင်းအခြင်းအရာတွေကို တကယ်ပဲ မသိတာလား။ ကြိုးစင်ပေါ်မှာ မြင်နေရတဲ့ အဲဒီလူတွေကို သူ့စိတ်ထဲမှာ ဘယ်လိုသတ္တဝါတွေ အဖြစ်နဲ့များ ပြောင်းလဲ မြင်ယောင်လိုက်သလဲ။ သူ့မှာ ခလုတ်တချက် နှိပ်ဖို့အတွက် တစက္ကန့်လေးတောင်မှ တုံ့ဆိုင်းတာ မရှိ။ စိတ်ပျက်ထိတ်လန့်တဲ့ အမူအယာ တစက်ကလေးတောင် မှ မရှိ။ သာမန် ကုန်ထုတ်လုပ်ရေးစက်ရုံက အလုပ်သမားတဦး အလုပ်လုပ်နေတဲ့ အသွင်မျိုးနဲ့ပဲ ကွပ်မျက်စီရင်နေတယ်။ ပန်းသီးကို တကိုက်ကိုက်ရင်း ကျင်ငယ်ရည်တွေ တစက်စက်ကျနေတဲ့ စီရင်ခံရသူတွေကို အေးအေးဆေးဆေးပဲ လှမ်းကြည့်နေပါတယ်။ သူ့အကြည့်က စိတ်မကောင်းတဲ့အကြည့် မဟုတ်တန်ရာ။ တကယ်လို့ အသက်ရှင်သန်နေသေးရင် ထပ်မံစီရင်ဖို့ စောင့်ကြည့်နေတာသာဖြစ်တယ်။
နောက်ထပ်အပိုင်းတွေမှာတော့ ကြိုးပေးစီရင်ခြင်းရဲ့ နောက်ဆက်တွဲ ဘဝတွေကိုပဲ ဖော်ပြထားတာ ဖြစ်ပါတယ်။ မလွှဲမရှောင်သာဘဲ စစ်သားဘဝကို ရောက်ရတဲ့အချိန်မှာ အီရန်အာဏာပိုင်တွေကပဲ ကြိုးပေးကွပ်မျက်တဲ့နေရာမှာ တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခံရတဲ့ လူတယောက်အကြောင်း၊ အီရန်အာဏာပိုင်တွေရဲ့ လက်ကိုင်တုတ်စစ်သားအဖြစ် ကြိုးပေးစီရင်ပေးရခြင်း အမှုကိစ္စတွေကိုပါ တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ပြီးနောက် ချစ်ရသူဆီကို သွားရောက်ဆုံဆည်းခဲ့ချိန်မှာ သူလုပ်ဆောင်ခဲ့တဲ့ ကွပ်မျက်မှုတွေဟာ အရိပ်ဆိုးတခုလို လာရောက်ရိုက်ခတ်တဲ့အကြောင်းနဲ့ နောက်ဆုံးအပိုင်းမှာတော့ အီရန်အာဏာပိုင်တွေရဲ့ အမိန့်အာဏာကို ဖီဆန်ပြီးတော့ ထွက်ပြေးကြတဲ့ ဆရာဝန်လင်မယားနှစ်ယောက်ရဲ့ ရင်နာဘွယ်ဘဝကို မြင်ကြရပါတယ်။ ကြိုးပေးစီရင်စေခြင်း အလုပ်ကိစ္စကို ဖီဆန်ကြတဲ့ သူတို့နှစ်ယောက်ဟာ ထွက်ပြေးရှောင်တိမ်းရင်း သမီးလေးတယောက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အသက်ကြီးလာတဲ့အခါမှာ အီရန်အစိုးရရန်ကို ကြောက်တဲ့အတွက် ပြည်ပရပ်ခြားက သူငယ်ချင်းဖြစ်သူကို မွေးစားဖို့ ပေးလိုက်ရတဲ့ အကြောင်းပါ။
ဇာတ်ကြောင်းလေးခုစလုံးဟာ အဲဒီလို ရင်နာဖွယ်ရာ အဖြစ်သနစ်တွေနဲ့ပဲ အီရန်ပြည်က လူနေမှုဘဝတွေကို ပြဆိုထားပါတယ်။ သူတို့တွေမှာ ဘာမှ ငြင်းဆန်ပိုင်ခွင့် မရှိတာ၊ သတ်ဖြတ်ကွပ်မျက်ပေးဖို့ ခိုင်းစေခြင်းကနေ ကားဒရိုင် ဘာ လိုင်စင်ကိစ္စအထိ အာဏာပိုင်တွေရဲ့ ဖိနှိပ်ခြယ်လှယ်မှုတွေအောက်မှာပဲ အသက်ရှင်သန်ကြရပုံတွေကို ဖော်ပြထားတယ်။ ဒီလိုလူနေမှုထဲမှာ ရှင်သန်ကြရသူတွေအဖို့ ပျော်ရွှင်ဖွယ်ရာဘဝကို ပိုင်ဆိုင်ဖို့ ဖြစ်နိုင်ပါ့မလား၊ တရားမျှတမှုမရှိဘဲ သေဆုံးပျောက်ကွယ်သွားသူတွေ၊ နေ့စဉ်ရက်ဆက် ထင်သလို သတ်ဖြတ်ခံနေကြရတဲ့ လူတွေရဲ့နောက် က ကျန်ရစ်ခဲ့ရသူတွေရဲ့ ဘဝတွေ၊ ပြီးတော့ သူတို့တွေကြားမှာ လက်ကိုင်တုတ်အဖြစ် စီရင်ပေးကြရတဲ့သူတွေရဲ့ ဘဝ မိသားစုအတွင်းပိုင်းထဲမှာရော တရက်မဟုတ် တရက်ဖြစ်လာမယ့် ပြဿနာအကြောင်းအရာတွေ၊ နာကျင်ဝမ်းနည်းဖွယ် အဖြစ်အပျက်တွေကို အသေးစိတ် ဖော်ထုတ်ပေးထားပြီး ကြည့်ရှုသူ ကျနော်တို့တွေ၊ နောက် သက်ဆိုင်ရာအစိုးရအသိုက်အဝန်းတခုလုံးကို မေးခွန်းထုတ်ထားပါတယ်။ ပြီးတော့ တကမ္ဘာလုံးလည်း သိရစေအောင် ခုလို ရုပ်ရှင် တွေကနေ တဆင့်ပါ ပြဆိုခြင်းလည်း ဖြစ်တယ်။
အီရန်ဒါရိုက်တာ Mohammad Rasoulof က ယခုလက်ရာနဲ့ပဲ ၂၀၂၀ ခုနှစ် ဘာလင်ရုပ်ရှင်ပွဲတော်မှာ Golden Bear ဆုကို ဆွတ်ခူးရရှိပါတယ်။ ထုံးစံအတိုင်း ဒီကားကို အီရန်အာဏာပိုင်တွေကလည်း ဘန်းထားပြီး ဒါရိုက်တာနဲ့ ရုပ်ရှင် ထဲမှာ ပါဝင်သူတွေကိုလည်း ဖမ်းဝရမ်းထုတ်ထားတာမို့ သူတို့တွေဟာ ပြည်ပရပ်ခြားမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီလိုအခြေအနေမှာတောင် သူက ၂၀၂၃ မှာပဲ ဆက်ပြီး အီရန်နိုင်ငံရေးနဲ့ပဲ နှီးနွယ်တဲ့ ရုပ်ရှင်ကားတကားကို ဆက်လက် ရိုက်ကူးခဲ့ပါသေးတယ်။
ရုပ်ရှင်ရည်ညွှန်း – There Is No Evil Movie (2020)
Be the first to comment