မိမိကိုယ်ကို သတ်သေခြင်း သို့မဟုတ် ဆူဆိုက် (Suicide)

◼️မောင်မူ
ဒီရက်ပိုင်းမှာ ရဲဘော်တချို့ မိမိကိုယ်ကို သတ်သေတဲ့ သတင်းတချို့ကို ခပ်စိပ်စိပ် ကြားရပါတယ်။ ပြောရရင် စိတ်ပိုင်းဆိုင်ရာ အဆင်ပြေသူတယောက်သာဆို ဘယ်သူမှ မသေချင်ပါဘူး။ သူတို့တွေရဲ့စိတ်ထဲ ဘယ်လို ဒဏ်ရာဒဏ်ချက်တွေရပြီး ဘယ်လောက် ပင်ပန်းဆင်းရဲခဲ့လို့များ ဒီလိုနည်းလမ်းကို ရွေးချယ် သွားကြရှာသလဲဆိုတာ စဉ်းစားဖို့တောင် မရဲစရာပါဘဲ။ ဘယ်လိုပဲဖြစ်ဖြစ် သွားနှင့်သူတွေက သွားကြပါပြီ။ ကျန်ရစ်သူတွေအနေနဲ့ ဒီလိုမျိုးတွေ ထပ်မဖြစ် အောင် ကူညီမယ့် လက်တစုံဖြစ်ဖို့ ဒီအကြောင်းကို လုံးဝ ရေးဖို့လိုတယ်လို့ တွေးမိပါတယ်။ အထူးသဖြင့် ဒီလို တော်လှန်ရေးထဲက စိတ်ကျန်းမာရေးအကြောင်း ရေးတဲ့အခါမှာပေါ့။
မိမိကိုယ်ကို သတ်သေတယ်ဆိုတာက အပြုအမူတခုဟာ သေနိုင်တယ်ဆိုတာကို သိသိကြီးနဲ့ အဲဒီလို သေသွားဖို့ကို မျှော်လင့်ပြီးတော့ အဲဒီအပြုအမူကို တမင်ရည်ရွယ်ချက်ရှိရှိ အစပြု၊ ဆောင်ရွက် သေဆုံးသွားတာပါပဲ။ ဒေတာအချက်အလက်တွေ ရနိုင်တဲ့ နိုင်ငံအများစုမှာ လူတွေသေဆုံးရတဲ့ အကြောင်းအရင်း ထိပ်ဆုံးဆယ်ခုထဲ မိမိကိုယ်ကို သတ်သေခြင်းက အမြဲပါသလို လူငယ်တွေကို ဒုတိယအများဆုံး သေဆုံးမှုဖြစ်စေတဲ့ အကြောင်းကိစ္စလည်း ဖြစ်ပါသတဲ့။ အချိန်မီသာ ကာကွယ်နိုင်မယ်ဆိုရင် ကုန်ကျစရိတ်လည်း သိပ်မရှိဘဲ အဲဒါကြောင့်ဖြစ်တဲ့ သေဆုံးမှုကို လျှော့ချနိုင်ပါသတဲ့။
“Suicide is a permanent solution to a temporary problem” ဆိုတဲ့ ဝါကျတကြောင်းကို ဖတ်ခဲ့ဖူးပါတယ်။ အဓိပ္ပါယ်က မိမိကိုယ်ကိုသတ်သေတယ် ဆိုတာက လတ်တလောပြဿနာ တခုအတွက် ပြန်ပြင်လို့မရတဲ့ ဖြေရှင်းနည်းပါတဲ့။ လတ်တလောကာလမှာ ပြဿနာတခု ရှိနေတယ်၊ အဲဒါကို မိမိကိုယ် ကို သတ်သေတဲ့နည်းနဲ့ ဖြေရှင်းလိုက်တယ်၊ သေသွားပြီးတဲ့နောက်မှာတော့ ပြန်ရှင်အောင်လည်း လုပ်လို့မရ၊ ပြန်ပြင်လို့လည်း မရတော့ဘူးလို့ ပြောတာပါပဲ။ ဒီစကားကို ကြည့်လိုက်တာနဲ့တင် မိမိကိုယ်ကိုသတ်သေသူကို သေသွားပြီးချိန်ကျမှ ဘာမှ လုပ်လို့မရတော့ဘူး၊ မသေခင်၊ သူ့ကိုယ်သူ သတ်သေမှုမလုပ်ခင်မှာပဲ ကြိုတင်ပြီး တားဆီးကာကွယ်ရမယ်ဆိုတာကို မြင်နိုင်မယ်လို့ ထင်ပါတယ်။
ဒီတော့ ကျနော်တို့သိဖို့ လိုအပ်လာတာက ဘယ်သူတွေမှာ မိမိကိုယ်ကို သတ်သေမှု ပိုဖြစ်ကြသလဲပေါ့။
သုတေသန အချက်အလက်တွေအရ မိမိကိုယ်ကို သတ်သေမှုပမာဏမှာ ယောက်ျားတွေက မိန်းမတွေထက် လေးဆပိုတယ် ဆိုပါတယ်။ တကယ်တမ်း မိန်းမတွေက ယောက်ျားတွေထက် သတ်သေတဲ့ကိစ္စကို ပိုပြီးလုပ်ကြပေမယ့် ယောက်ျားတွေက ပိုပြီး အောင်အောင်မြင်မြင် သတ်သေနိုင်ကြတာကြောင့် အဲဒီလို များသွားရတာပါတဲ့။ ဆူဆိုက်လုပ်ရာမှာ ယောက်ျားတွေက မိန်းမတွေထက် ပိုပြီး တော်တယ်ဆိုတဲ့ သဘောပေါ့။ အမှန်တော့ ယောက်ျားတွေက ပိုပြီး တော်တယ်ဆိုတာထက် မိန်းမတွေက ပိုပြီး စဉ်းစဉ်းစားစားနဲ့ လုပ်တာကြောင့်လို့ ဆိုရမယ်ထင်ပါတယ်။ ယောက်ျားတွေက သေနတ်တို့၊ ကြိုးဆွဲချတာမျိုးတို့လို့ မြန်ဆန်ပြီး နာကျင်ခံစားရတဲ့ နည်းလမ်းတွေကို သုံးတာများပြီး မိန်းမတွေကတော့ နာကျင်မှု နည်းပါးတဲ့ ဆေးလွန်တာလိုမျိုးကို သုံးကြတာကြောင့်လို့ ဆိုပါတယ်။ ဒီတော့ ဆူဆိုက်လုပ်ထားတာကို စပြီးတွေ့တဲ့အချိန်မှာ ယောက်ျားတွေက ကယ်လို့မရတော့ဘဲ သေဆုံးပြီးသား ဖြစ်နေပြီးတော့ မိန်းမတွေကတော့ ကူညီ၊ ကယ်မဖို့ အချိန်ရသေးတာကြောင့် မအောင်မြင်တဲ့ သတ်သေမှုတွေ ဖြစ်သွားကြတာကြောင့်ပါတဲ့။
အသက်အရွယ်အရ ပြောရရင်တော့ ဆူဆိုက်က သက်ကြီးရွယ်အိုတွေမှာ ပိုဖြစ်တယ်ဆိုပါတယ်။ အိမ်ထောင်ရှိသူတွေက အိမ်ထောင်မကျဖူးသူတွေနဲ့ ယှဉ်ရင် တွယ်ငြိစရာတွေ၊ တွယ်တာစရာတွေ ရှိနေတာကြောင့် မိမိကိုယ်ကိုသတ်သေနှုန်း နည်းပါသတဲ့။ ဒါပေမဲ့ အဲဒီအိမ်ထောင်သည်တွေက အိမ်ထောင် ကွဲပြီး တခုလပ်ဖြစ်သွားရင်၊ ဒါမှမဟုတ် ဇနီး ခင်ပွန်း သေဆုံးပြီး မုဆိုးဖို၊ မုဆိုးမ ဖြစ်သွားတဲ့အခါကျရင်တော့ သတ်သေမှုနှုန်းက အိမ်ထောင်မကျဖူးသူတွေထက် ပိုပြီး မြင့်သွားပြန်ပါသတဲ့။ ပြီး အလုပ်လက်မဲ့တွေ၊ အကျဉ်းသားတွေမှာလည်း ဆူဆိုက်လုပ်တဲ့နှုန်းက မြင့်တယ်လို့ ဆိုပါတယ်။
လူတယောက် မိမိကိုယ်ကို သတ်သေနိုင်ခြေရှိတဲ့ အကြောင်းအချက်တွေထဲ ဝေးပေမဲ့ ဆက်နွယ်တာတွေကတော့ မျိုးရိုးထဲမှာ သတ်သေဖူးတဲ့ ဆွေမျိုးသားချင်းရှိသူ၊ ဒေါသကြီးပြီး စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူ၊ ကိုယ်ဝန်ဆောင်ကာလ ကြီးထွားမှု နည်းသူတွေနဲ့ မွေးဖွားတဲ့ကာလတဝိုက်မှာ ခက်ခဲတဲ့သူ၊ ကလေးဘဝ အစောပိုင်းကာလတွေမှာ စိတ်ဒဏ်ရာ အဖြစ်အပျက် ကြုံရသူတွေပါတဲ့။ ပြီး နီးနီးကပ်ကပ်နဲ့ ပိုပြီး တိုက်ရိုက်ဆက်စပ်တဲ့အကြောင်းတွေကတော့ စိတ်ပိုင်းဆိုင်ရာဝေဒနာ ရှိတာ၊ ပြင်းထန်တဲ့ ဒါမှမဟုတ် နာတာရှည် ကိုယ်ခန္ဓာရောဂါ ရှိတာ၊ ကိုယ်ခန္ဓာအစိတ်အပိုင်း နာကျင်တဲ့ရောဂါတခုခု၊ စိတ်နဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေ ကြုံနေရတာ၊ အခြားသတ်သေမှုတွေကို အထိအတွေ့ ရှိခဲ့ဖူးတာတွေနဲ့ သတ်သေဖို့ နည်းလမ်းကို လွယ်လင့်တကူရနိုင်တဲ့ အခြေအနေကြောင့်လို့ ဆိုပါတယ်။
ဒီနေရာမှာ မိမိကိုယ်ကိုယ် သတ်သေသူတွေရဲ့ ၉၀% က စိတ်ပိုင်းဆိုင်ရာဝေဒနာ ရှိကြတယ်လို့ ဆိုပါတယ်။ စိတ်ကျတာ၊ အရက်စွဲတာ၊ ဆေးစွဲတာ၊ စိတ်ကစဥ့်ကလျားရောဂါ၊ အတက်ရောဂါနဲ့ အရင်က မိမိကိုယ်ကို ထိခိုက်နာကျင်အောင် လုပ်ဖူးတဲ့ ရာဇဝင်ရှိသူတွေမှာ ဖြစ်တတ်တယ် ဆိုပါတယ်။
လူမှုရေး အကြောင်းအချက်တွေကတော့ ကိုယ့်ရဲ့ မိဘသားချင်း မိသားစုဝင်တယောက်ယောက် သေဆုံးတာမျိုး၊ ကာလတာရှည် စိတ်ဖိစီးမှုရှိနေတာ၊ အလုပ်လက်မဲ့ဖြစ်တာ၊ ငွေရေးကြေးရေး ခက်ခဲဆင်းရဲတာ၊ ပြီးတော့ ကွာရှင်းပြတ်စဲထားသူနဲ့ လူမှုဆက်ဆံရေး အစိတ်စိတ်အမြွာမြွာကွဲပြီး အထီးကျန်ဆန် ကူကယ်ရာ မဲ့နေတာမျိုးတွေ၊ ပြီးတော့ ရုပ်ရှင်နဲ့ တယ်လီဗေးရှင်းလိုမျိုး မီဒီယာတွေမှာ မိမိကိုယ်ကို သတ်သေတဲ့အကြောင်း ပါလာတဲ့အချိန်တွေမှာ ပိုဖြစ်ပါသတဲ့။
စိတ်ပိုင်းဆိုင်ရာ အချက်တွေမှာဆိုရင် မျှော်လင့်ချက်မဲ့တာ၊ စိတ်လိုက်မာန်ပါ လုပ်တတ်တာ၊ အဖြူနဲ့အမည်း၊ အမှားနဲ့အမှန် နှစ်ခုပဲတွေးပြီး ကြားဆိုတာကို မတွေးတတ်တဲ့သူ (ဝါ) အားလုံး ဟုတ်ရင်ဟုတ် မဟုတ်ရင် တခုမှ မဟုတ်ဘူးလို့ တွေးတတ်တဲ့သူ၊ တွေးခေါ်သိမြင်မှုမှာ ကန့်သတ်ချက်များတဲ့သူ၊ ပြဿနာဖြေရှင်းနိုင်စွမ်း အားနည်းတဲ့သူ၊ ပြီးတော့ အဖြစ်အပျက်တွေကို မှတ်ရာမှာ ယေဘုယျသဘော ရောထွေးမှတ်မိပြီး အဖြစ်အပျက်တခုချင်းစီကို မှတ်မိဖို့ ခက်တဲ့သူ၊ ဥပမာပြရရင် ဘဝရဲ့ အပျော်ဆုံးအချိန်ကို ပြောရာမှာ ကိုးတန်းနှစ် နွေရာသီကျောင်းပိတ်ရက် ပျော်ပွဲစားထွက်တုံးကလို့ တိတိကျကျ မမှတ်မိဘဲ ငယ်ငယ်တုန်းကလို့ ရောထွေးပြီး မှတ်မိတာမျိုး၊ အဲဒီသူတွေက မိမိကိုယ်ကိုသတ်သေဖို့ အခွင့်အလန်း ပိုများတယ်လို့ ဆိုပါတယ်။
အခုပြောခဲ့တာတွေက သာမန်လူတွေထဲက မိမိကိုယ်ကို သတ်သေနိုင်မှု မြင့်တဲ့လူတွေ ဖြစ်ပါတယ်။ ဒါဆိုရင် စစ်မြေပြင်မှာ ရောက်နေတဲ့ ရဲဘော်တွေဆိုရင်ကော ဘယ်သူတွေမှာ ပိုမြင့်သလဲပေါ့။
ပထမဆုံး မိမိကိုယ်ကိုယ် သတ်သေနိုင်ခြေ မြင့်တဲ့သူကတော့ ရှေ့တန်းရောက်နေတဲ့သူပါတဲ့။ ပြီးတော့ စိတ်ဒဏ်ရာနောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာ (PTSD) ရှိတဲ့သူ၊ နှစ်ကြိမ် ဒါမှမဟုတ် အဲဒီအထက် ဒဏ်ရာရဖူးသူ၊ အဲဒီလူတွေက ၁.၇၆ ဆကနေ ၁၂ ဆအထိ မိမိကိုယ်ကိုသတ်သေနိုင်ခြေ ပိုများပါသတဲ့။ ဒါက ဗီယက်နမ်စစ်ပွဲကာလ သုတေသနအချက်အလက် ဖြစ်ပါတယ်။
နောက်ထပ် သုတေသန အချက်အလက်တွေအရဆိုရရင် တချိန်လုံး ရှေ့တန်းမှာရှိနေတဲ့ သူတွေလိုပဲ ရှေ့တန်းကို လုံးဝ မထွက်ရသူတွေကလည်း ၄၁ ကနေ ၆၁% အထိ မိမိကိုယ်ကိုသတ်သေနှုန်း မြင့်တယ်လို့ ဆိုပါတယ်။ PTSD ရှိတဲ့သူ၊ ပြီးတော့ စိတ်ကျရောဂါရှိသူ၊ အရက်နဲ့ မူးယစ်ဆေး သုံးစွဲနေသူ၊ ပြီးတော့ အခုပြောခဲ့တဲ့ အကြောင်းတွေကြောင့် သင့်တော်မှုမရှိ ဆုံးဖြတ်ချက်ချခံရပြီး ရှေ့တန်းမထွက်ရတဲ့သူ၊ မိသားစုဝင်တွေ၊ ချစ်ခင်သူတွေနဲ့ ဆက်ဆံရေးပြဿနာကြောင့် စိတ်ဖိစီးမှုရှိတဲ့သူ၊ တည်မြဲပြီး အေးဆေးသာယာတဲ့ ဆက်ဆံရေးမျိုး မရှိတဲ့သူ၊ ကိုယ်ခန္ဓာ မသန်စွမ်းတဲ့သူ၊ ငွေကြေးအခက်အခဲ ရှိနေသူ၊ ပြီးတော့ သေနတ်ကို ဘယ်လိုသုံးရမယ်ဆိုတာ သိပြီး လွယ်လင့်တကူလည်း လက်လှမ်းမှီနေတဲ့သူတွေပေါ့။ တိုက်ပွဲကာလ ကြာလေလေ၊ ပြီး ကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲအတွေ့အကြုံက ပိုပြင်းထန်ဆိုးရွားလေလေ မိမိကိုယ်ကိုသတ်သေနိုင်ခြေက ပိုမြင့်လေလေပါပဲတဲ့။ အဲဒီလိုအချက်တွေ ရှိနေတာကိုမှ ရုတ်တရက် တပ်ရင်းကနေ အပြီးထွက်ရတာမျိုး၊ ပြီး တပ်ရင်းတပ်ဖွဲ့ လူတွေနဲ့ လူမှုအဆက်အသွယ် ပြတ်တောက်ပြီး သီးခြားလူ ဖြစ်သွားရတာမျိုးဆိုရင် အပေါ်က ပြောခဲ့တဲ့ မိမိကိုယ်ကိုသတ်သေနိုင်ခြေက ချဲ့လိုက်သလို ပိုမြင့်လာတယ်ဆိုပါတယ်။
‘သတ်သေမှု သီအိုရီနှစ်ခု’
ဆိုခဲ့ပြီးသလိုပါပဲ။ လူတိုင်းက အသက်ရှင်ချင်ကြပါတယ်။ လူတိုင်းက အသက်ရှင်ဖို့ ကြိုးစားနေကြပါတယ်။ ရဲဘော်တွေဆိုရင် အနာဂတ်အတွက်၊ ဖက်ဒရယ် ဒီမိုကရေစီအတွက် မျှော်လင့်ပြီးတောင် တော်လှန်ရေးထဲ ဝင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမဲ့ နေထိုင်ရင်း၊ ကြိုးစားရင်းက ရဲဘော်တချို့ဟာ တချိန် ချိန်မှာ မိမိကိုယ်ကိုသတ်သေဖို့ ဆုံးဖြတ်ချက်ချတဲ့အထိ ဖြစ်သွားပါတယ်။ ဘာတွေက သူတို့ကို ပြောင်းလိုက်လိုက်ပါသလဲ။ သေပြီးသွားသူတွေကို မေးမြန်းလို့ရတဲ့ကိစ္စ မဟုတ်ပေမဲ့ ကျန်ခဲ့တဲ့သူတွေက အဲဒါကို စဉ်းစားကြ၊ သီအိုရီတွေ အဖြေထုတ်ကြပါတယ်။ အဲဒီအထဲ သီအိုရီတခုက Interpersonal-Psychological Theory of Suicide (လူလူချင်း ဆက်ဆံမှုဆိုင်ရာ – စိတ်ဓါတ်ရေးရာ ဆူဆိုက်သီအိုရီ) ဖြစ်ပါတယ်။ အဲဒီ သီအိုရီအရ လူတယောက် သတ်သေရတာမှာ အဓိကအကြောင်းအချက် သုံးခုရှိတယ် ဆိုပါတယ်။ အဲဒါတွေက –
1. Perceived burdensomeness
2. Thwarted belongingness
3. Acquired capability for tolerating pain and injury ပါတဲ့။
Perceived burdensomeness ဆိုတာက ကိုယ့်အတွက် အရေးပါတဲ့သူတွေနဲ့ ဒါမှမဟုတ် ပိုပြီးကျယ်ပြန့်တဲ့ လူမှုအဖွဲ့အစည်းနဲ့ လူမှုဆက်ဆံရေးပြုလုပ်ရာမှာ အဓိပ္ပါယ်ရှိတဲ့ လုပ်အားတွေ ပံ့ပိုးပါဝင်နိုင်မှု မရှိတော့ဘူးဆိုတဲ့ ခံစားချက်ကို ခံစားရတာပါတဲ့။ ရဲဘော်တယောက်အနေနဲ့ဆိုရင် တပ်ရင်း၊ တပ်ဖွဲ့ရဲ့ အစိတ်အပိုင်း အဖွဲ့ဝင်အနေနဲ့ အရေးပါတဲ့ စစ်ဆင်ရေးတွေမှာ ရလာဒ်ကောင်းတွေ ရရှိအောင် ဆောင်ရွက်နိုင်ပြီး တပ်ဖွဲ့အတွက် ပံ့ပိုးပါဝင်နိုင်မှုမှာ နေသားကျ၊ ကျင့်သားရနေတာကနေ အဲဒီလိုမဟုတ်တော့ဘူးလို့ ခံစားရတာမျိုးဆိုတော့ ဘယ်လောက်တောင် သိသာတဲ့ ပြောင်းလဲမှု ဖြစ်နေမလဲ။ ကိုယ်က တပ်ရပ်းတပ်ဖွဲ့အတွက် အသုံးဝင်တဲ့လူလို့ ယုံကြည်ချက် ရှိနေရာကနေ ငါက တပ်ရင်းအတွက် အသုံးမဝင်တော့ဘူး၊ ငါက တပ်ရင်းအတွက် အပိုပဲလို့ ခံစားရတာမျိုးဆိုပါတော့။
Thwarted belongingness ဆိုတာကတော့ လူမှုဆက်ဆံရေးတွေ အစိတ်စိတ်အမြွာမြွာ ပြတ်တောက်သွားတာ ဒါမှမဟုတ် လူမှုဆက်ဆံရေး လုံးဝ မရှိတော့ဘဲ ဆိုးရွားပြင်းထန်တဲ့ တကိုယ်ရေ အထီးကျန်ဖြစ်မှု ဒါမှမဟုတ် ငါတယောက်တည်းပဲ၊ ငါ့မှာ ဘယ်သူမှ မရှိတော့ဘူးဆိုတဲ့ ခံစားချက်ကို ခံစားရတဲ့ အခြေအနေမျိုးလို့ ဆိုပါတယ်။ ရဲဘော်ဆိုတာ ကိုယ်က ဘယ်တပ်ရင်း၊ ဘယ်တပ်ခွဲက ဖြစ်တယ်ဆိုပြီး အဖွဲ့အစည်းရဲ့အစိတ်အပိုင်းဖြစ်ကြောင်း၊ ကိုယ်က ဘယ်တပ်ဖွဲ့ဝင်ဆိုတဲ့ အမှတ်သညာနဲ့ ကိုယ်ကိုယ်တိုင်အတွက်၊ ကိုယ့်ရဲ့တပ်ရင်းတပ်ဖွဲ့အတွက် ဖော်ထုတ် ဂုဏ်ယူကြတာမျိုး ဖြစ်ပါတယ်။ အဲဒီလို အဖွဲ့အစည်းရဲ့အစိတ်အပိုင်းအနေနဲ့ ခံစားရတာကလည်း မိမိကိုယ်ကိုသတ်သေမှု မဖြစ်အောင် ကာကွယ်ပေးတယ်ဆိုပါတယ်။ အဲဒီမှာ ရဲဘော်တယောက်ဟာ ကိုယ့်ကိုယ်ကို အဲဒီလိုမျိုး အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအဖြစ် မခံစားရတော့ဘူး၊ အဖွဲ့အစည်းနဲ့မဆိုင်ဘဲ သီးသန့် လူတယောက်အဖြစ် ခံစားလာရတာက Thwarted belongingness ပါပဲ။
တတိယတခုဖြစ်တဲ့ Acquired capability for tolerating pain and injury ကတော့ ရဲဘော်တွေဆိုတာက နာကျင်မှုဒဏ်တွေ၊ ထိခိုက်ဒဏ်ရာရမှုတွေကို အလေ့အကျင့်ဖြစ်အောင် လေ့ကျင့်ထားကြသူတွေ ဖြစ်တာကြောင့် အဲဒီ အလေ့အကျင့်စွမ်းရည်ကပဲ မိမိကိုယ်ကို သတ်သေအောင် အားပေးတဲ့ကိစ္စ ဖြစ်လာတယ်လို့ ဆိုပါတယ်။ နောက်တနည်းပြောရရင် သေနတ်ကို ရင်းနှီးကျွမ်းဝင်ပြီး အသုံးပြုတတ်နေတာကြောင့် သေနတ်ကို အသုံးပြုပြီး သတ်သေဖြစ်သွားတာမျိုးလို့လည်း ဆိုလို့ရပါသတဲ့။
ဒီတော့ အခု ဒီသီအိုရီကို အပေါ်ကပြောခဲ့တဲ့ မိမိကိုယ်ကို သတ်သေနိုင်ခြေမြင့်တဲ့ ကိစ္စတွေနဲ့ ဆက်စပ်ပြီး စဉ်းစားကြည့်ပါမယ်။ ရဲဘော်တယောက် တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရပြီး ကိုယ်ခန္ဓာ မသန်စွမ်းတာမျိုး၊ စိတ်ကျတာလို၊ PTSD လိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတခုခု ခံစားရပြီး သူ့ရဲ့တာဝန်တွေမှာ ချို့ယွင်းလာတာမျိုးကနေ ကို်ယ့်ကိုယ်ကို တပ်ရင်းတပ်ဖွဲ့အတွက် အသုံးမဝင်တဲ့သူ၊ အသုံးမကျတဲ့သူ၊ အဓိပ္ပါယ်မရှိတဲ့သူဆိုပြီး ခံစားလာရပါတယ်။ Perceived burdensomeness စပြီး ဖြစ်လာတယ်ဆိုပါတော့။ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် စိတ်ပင်ပန်း လူပင်ပန်းတဲ့ လက္ခဏာတွေ ခံစားရသလို ကိုယ့်ကိုယ်ကိုလည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတယ်ဆိုတဲ့ သိမ်ငယ်စိတ်ကပါ ထပ်ပေါင်းတဲ့အခါမှာ တပ်ရင်းတပ်ဖွဲ့ထဲက လူတွေနဲ့ ကင်းကွာပြီး တယောက်တည်း ခပ်ခွာခွာနေရင်းက အထီးတည်း၊ အထီးကျန်၊ တပ်ရင်းတပ်ဖွဲ့နဲ့ မသက်ဆိုင်တဲ့လူလို ခံစားလာရပါသတဲ့။ ငါက တယောက်တည်းပဲ၊ ငါ့မှာ ဘယ်သူမှ မရှိဘူးပေါ့။ သူနဲ့ တပ်ရင်းတပ်ဖွဲ့က လူတွေကြား ဆက်သွယ်ထားတဲ့ကြိုးတွေ မရှိတော့သလိုမျိုး ခံစားလာရတယ်ပေါ့။ ဥပမာပြရရင် ကြိုးပြတ်ပြီး လေထဲပါသွားတဲ့ လေတံခွန်ကို မြင်ဖူးကြတယ်မဟုတ်လား။ အဲဒီမှာ Thwarted belongingness ဆိုတာ ဖြစ်လာပါတယ်။ အဲဒီအခြေအနေမှာ ကနဦး ရဲဘော်တယောက် အဖြစ် သူ လေ့ကျင့်ခဲ့ရတဲ့ ကိုယ်ခန္ဓာနာကျင်မှုဒဏ် ခံနိုင်ရည်ရှိတာမျိုးတို့၊ လက်နက်တွေနဲ့ ကျွမ်းဝင်နီးစပ်တာမျိုးတို့ ထည့်ပေါင်းတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ဖို့ အခွင့်အလမ်းများတဲ့ စစ်မြေပြင်သဘာဝကပါ ထပ်ဆင့်လိုက်တော့ အားလုံးက ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတဲ့ လမ်းကြောင်းကို ဦးတည်သွားတယ်ဆိုပါတော့။
ဒါကိုပဲ Klonsky နဲ့ May ဆိုတဲ့ ပညာရှင်နှစ်ယောက်က မိမိကိုယ်ကိုယ် သတ်သေခြင်း သုံးဆင့် သီအိုရီ (Three-step theory of suicide) ဆိုပြီး ထပ်ချဲ့ပြပါတယ်။ ပထမအဆင့်မှာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့ မျှော်လင့်ချက်မဲ့မှု ပေါင်းစပ်ပြီးတော့ မိမိကိုယ်ကိုယ် သတ်သေဖို့ဆိုတဲ့ စိတ်ကူးကို မကြီးမားလှတဲ့ အတိုင်းအတာတခုအထိ စပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်တဆင့်မှာတော့ အဲဒီနာကျင်မှုက လူမှုဝန်းကျင်ကရတဲ့ အထောက်အပံ့တွေ၊ ဆက်သွယ်ထားတဲ့ နှောင်ကြိုးတွေနဲ့ အားပြိုင် လွန်ဆွဲရာမှာ နာကျင်မှုက အလေးသာပြီး သတ်သေချင်တဲ့စိတ်ကူးက ပိုဆိုးလာပါသတဲ့။ နောက်ဆုံးမှာ ပြင်းထန်တဲ့ နာကျင် မှု၊ အားနည်းတဲ့ လူမှုအထောက်အပံ့နဲ့ ဆယ်သွယ်ထားတဲ့ နှောင်ကြိုးတွေက ပင်ကိုယ်ဗီဇအခံ၊ လက်တွေ့ကျမှုနဲ့ လေ့ကျင့်ထားတဲ့ နာကျင်မှုဒဏ် ခံနိုင်ရည် တွေနဲ့ပေါင်းပြီး သေကြောင်းကြံစည်ဖို့ အားပေးအားမြှောက် ပြုတယ်ဆိုပါတော့။ ဒီသီအိုရီအခြေခံနဲ့ တည်ဆောက်ရာမှာ သုတေသနတွေက စိတ်လိုက်မာန်ပါလုပ်တဲ့ ဆူဆိုက်တချို့ ရှိတယ်ဆိုပေမဲ့ အဲဒီလို စိတ်လိုက်မာန်ပါ အပြုအမူတခုကြောင့် ဆူဆိုက် အောင်မြင်သွားတာထက် ကြံစည်စိတ်ကူးတာကနေ အမှန်တကယ် လုပ်တဲ့အထိ လမ်းကြောင်းရှည်တလျှောက် အပြုအမူတွေက တဖြည်းဖြည်း ဆိုးရွားလာတဲ့ ဆူဆိုက်ပုံစံငယ်ကို ပိုအသားပေးထားပါတယ်။
ဒါက Interpersonal-Psychological Theory of Suicide (လူလူချင်း ဆက်ဆံမှုဆိုင်ရာ-စိတ်ဓါတ်ရေးရာ ဆူဆိုက်သီအိုရီ) ကပြောတဲ့ မိမိကိုယ်ကို သတ်သေနိုင်ခြေနဲ့ လောကဓံကို ခံနိုင်ရည်ရှိမှု အားပြိုင်ကြတဲ့ အခြေခံပုံစံနဲ့လည်း ကိုက်ညီပါတယ်။ ဆိုရရင် စိတ်ပိုင်းဆိုင်ရာနာကျင်မှု၊ တကိုယ်ရေအထီးကျန်ဖြစ်မှု၊ ကိုယ့်ကိုယ်ကို အသုံးမဝင်ဘူးဆိုပြီး ခံစားရတဲ့ အခြေအနေတွေနဲ့ ဆူဆိုက်လုပ်ဖို့အတွက် စွမ်းဆောင်နိုင်ရည်တွေ ရှိနေတာတို့လို မိမိကိုယ်ကို သတ်သေနိုင်ခြေမြင့်စေတဲ့ အကြောင်းအချက်တွေနဲ့ အဲဒါတွေရဲ့ ဆန့်ကျင်ဘက် လူမှုဝန်းကျင်ကရတဲ့ အထောက်အပံနဲ့ အဆက်အဆံ၊ ပြီးတော့ လူမှုဝန်းကျင်ကို အဓိပ္ပါယ်ရှိတဲ့ လုပ်အားတွေ ပံ့ပိုးပါဝင်နိုင်မှု၊ အသုံးကျမှုတွေအကြောင်း ထည့်သွင်းစဉ်းစားထားတယ် ဆိုပါတော့။
မိမိကိုယ်ကို သတ်သေတာနဲ့ပတ်သက်ပြီး နောက်ထပ် သီအိုရီတခုကတော့ Military Transition Theory ( စစ်ဘက်ဆိုင်ရာ အပြောင်းအလဲ သီအိုရီ) ဖြစ်ပါတယ်။ ဒီသီအိုရီကတော့ ရှည်လျားတဲ့ စစ်မှုထမ်းသက်တလျှောက် အဓိကအချိုးအကွေ့၊ အပြောင်းအလဲဖြစ်ချိန်တွေရဲ့ ဖြစ်စဉ်နဲ့ အခြေအနေတွေကနေ ကိုယ့်ကိုယ်ကို အသုံးမဝင်ဘူးလို့ ခံစားရတာ၊ လူမှုပတ်ဝန်းကျင်ကနေ ကွဲထွက်ပြီး အထီးကျန်ခံစားရတာ၊ ဆူဆိုက် ပြုလုပ်နိုင်စေတဲ့ မိမိကိုယ်ကို နာကျင်မှုဒဏ် ခံနိုင်အောင် လေ့ကျင့်သင်ယူမှုတွေ ရှိခဲ့တာတွေကို ဦးတည်သွားတဲ့အကြောင်း ဖြစ်ပါတယ်။ ဒီနေရာမှာ သိသာထင်ရှားတဲ့ အချိုးအကွေ့၊ အပြောင်းအလဲကတော့ ရဲဘော်ဘဝကနေ အနားယူပြီး အရပ်သားအဖြစ် ပြန်ပြောင်းလဲတာပါပဲ။ တပ်ရင်း၊ တပ်ဖွဲ့ကနေ ထွက်ခွာပြီး အရပ်သားအဖြစ် ပြောင်းလဲရာမှာ စစ်ဘက်ယဉ်ကျေးမှုကနေ အရပ်ဘက်ယဉ်ကျေးမှုကို ပြောင်းလဲတာ၊ လူမှုဆက်ဆံရေးမှာ ပြောင်းလဲတာ၊ လူမှုစံနှုန်းနဲ့ တန်ဖိုး၊ အလုပ်သဘောသဘာဝနဲ့ ပုဂ္ဂလိကနဲ့ လူမှုရေးဆိုင်ရာ အမှတ်အသားတွေ ပြောင်းလဲတာတွေ တွေ့ကြုံရပါတယ်။ ဒီအပြောင်းအလဲ သီအိုရီက လူတွေ သတ်သေရတဲ့အကြောင်းကို တခုနဲ့တခု အပြန်အလှန် တည်မှီနေပြီး တခုနဲ့တခုလည်း ထပ်နေတဲ့ ပြောင်းလဲမှု အဆင့်သုံးဆင့်နဲ့ တင်ပြပါတယ်။
အဲဒီအထဲက ပထမအဆင့်ကတော့ တပ်ရင်းတပ်ဖွဲ့ကနေ အပြီးထွက်ခွာဖို့ နီးကပ်လာချိန် အဲဒီအပြောင်းအလဲကို ဖြစ်စေခဲ့တဲ့ တကိုယ်ရေ ပုဂ္ဂလိကအမှတ်အသား၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ အကြောင်းအချက်တွေဖြစ်ပါတယ်။ ဒီအဆင့်မှာ အဲဒီရဲဘော်ဟာ ရဲဘော်ဘဝကနေ သာမာန်အရပ် သားတယောက် ဖြစ်လာဖို့ ပြင်ဆင်ရပါ တယ်။ အဲဒီမှာ အလုပ်အကိုင်အတွက် အစီအစဉ်ဆွဲတာ၊ ကျောင်းတခုခု တက်မလား စဉ်းစားတာ၊ နေအိမ်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တွေ့ကြုံရမယ့် စာရွက်စာတမ်းအလုပ်တွေ၊ အရပ်သားမိသားစု၊ အရပ်သားမိတ်ဆွေတွေနဲ့ အဆက်အဆံ လုပ်ရမှာ၊ ပြီး အဲဒီအပြောင်းအလဲက ကိုယ့်ရဲ့ အမှတ်သညာကို ဘယ်လိုရိုက်ခတ်မလဲ ဆိုတာတွေ ပါပါတယ်။ ဒုတိယအဆင့်ကတော့ အပြောင်းအလဲအတွက် စီမံခန့်ခွဲရတဲ့ ကာလဖြစ် ပြီး ရဲဘော်ဘဝကနေ အရပ်သားအဖြစ် တဖြည်းဖြည်း တိုးတက်ပြောင်းလဲရာမှာ သက်ရောက်မှုရှိတဲ့ တယောက်ချင်း၊ လူမှုဝန်းကျင်နဲ့ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအချက်တွေ ပါပါတယ်။ ဒီအဆင့်မှာ ရဲဘော်လူထွက်ဘဝနဲ့ အသားကျအောင် ကြိုးစားရင်းက အလုပ်အကိုင် စီမံခန့်ခွဲရတာ၊ အရပ်သားတွေရဲ့ စံနှုန်းနဲ့ တန်ဖိုးတွေကို ညှိယူရတာ၊ အငြိမ်းစား ရဲဘော်တယောက်ရဲ့ ရဲဘော်လူထွက်အလွန်ဘဝ တိုးတက်မှုရနိုင်တဲ့ အခွင့်အရေး၊ သက်သာချောင်ချိရေး အစီအစဉ်တွေကို ဆက်သွယ်ရတာ ပါဝင်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ အဲဒီအပြောင်းအလဲကို ဆန်းစစ်တာ၊ အပြောင်းအလဲနဲ့ ပတ်သက်ဆက်နွယ်တဲ့ ရလာဒ်တွေကို ဖော်ထုတ်တာဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကဆန်းစစ်တာတွေက အလုပ်အကိုင်၊ မိသားစု၊ ကျန်းမာရေး၊ အထွေထွေ ကျေနပ်မှုအခြေအနေနဲ့ လူမှုပတ်ဝန်းကျင်တို့ ဖြစ်ပါတယ်။
ဒီ အပြောင်းအလဲသီအိုရီအရတော့ အဲဒီအပြောင်းအလဲကနေ လူမှုရေး၊ စီးပွားရေး၊ တကိုယ်ရေ အပြောင်းအလဲတွေကနေ စိတ်ပိုင်းဆိုင်ရာ။ အပြုအမူပိုင်းဆိုင်ရာ ဆိုးကျိုးတွေ ဖြစ်လာတာမျိုး၊ ကိုယ့်ကိုယ်ကို အသုံးမဝင်ဘူးလို့ ခံစားရတာ၊ ပြီးတော့ လူမှုပတ်ဝန်းကျင်ကနေ ကွဲထွက်ပြီး အထီးကျန် ဖြစ်လာတာမျိုး၊ တကယ်လို့ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရပြီး မသန်စွမ်းတဲ့ အခြေအနေဆိုရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေမှာ ဆိုးရွားပြီး သတ်သေဖို့ ရာနှုန်းမြင့်လာတယ်လို့ ဆိုပါတယ်။
အမှန်တော့ ရဲဘော်တွေရဲ့ သတ်သေမှုသီအိုရီအကြောင်း ပြောတာမှာ ဒီ အပြောင်းအလဲသီအိုရီကို ချန်ထားရမလား တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးတဲ့ ရက်ပိုင်းမှာပဲ ရဲဘော်တယောက် သူ့ရဲ့တပ်ရင်းကနေ ထွက်ဖို့အကြောင်း ဆွေးနွေးခဲ့ကြတာရယ်၊ ပြီးတော့ တိုက်ပွဲကာလ ထိခိုက်ဒဏ်ရာတွေကြောင့် တော်လှန်ရေးရဲဘော်ဘဝကနေ အနားယူကြတော့မယ့် လူငယ်တွေကို စဉ်းစားမိပြီး မဖြစ်မနေ ထည့်ရေးသင့်တာပဲလို့ တွေးမိလိုက်ပါတယ်။ ဒါမှသာ အကြောင်းကြောင်းကြောင့် တော်လှန်ရေးရဲဘော်ဘဝကနေ အရပ်သားအဖြစ် ပြန်လည်ကူးပြောင်းသွားကြမယ့် ညီအကိုတွေအတွက် အဆင်ပြေ၊ ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်အောင် ကူညီနိုင်ဖို့ စဉ်းစားစရာတွေ ရှိလာမယ်မဟုတ်လား။
အခု ပြောခဲ့ပြီးသမျှကို ပြန်ကြည့်ရင် မိမိကိုယ်ကို သတ်သေနိုင်ခြေ မြင့်တဲ့သူတွေနဲ့ ရှင်သန်နေထိုင်ဖို့ ကြိုးစားနေရင်းက သတ်သေတဲ့အထိ ဖြစ်သွားရတဲ့ ဖြစ်စဉ်ကို ရှင်းလင်းပြတဲ့ သီအိုရီတွေအကြောင်းဖြစ်ပါတယ်။ အခုပြောချင်တာက အနောက်နိုင်ငံတချို့က သူတို့တပ်ရင်းတပ်ဖွဲ့ရဲ့ လူမှုအဖွဲ့အစည်း တည်ဆောက်ပုံတွေမှာ လူတယောက် ဆူဆိုက်မဖြစ်အောင် ခုခံကာကွယ်ပေးထားတဲ့ အကြောင်းအချက်ကောင်းတွေ ရှိလာအောင်လုပ်ကြတာ၊ ပြီး ဆူဆိုက်မဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် လုပ်ဆောင်နိုင်မယ့် နည်းနာတွေ ရှာဖွေကြတဲ့အကြောင်းဖြစ်ပါတယ်။
ဖတ်မိခဲ့တဲ့ စာအုပ်ထဲက အမေရိကန်စစ်တပ်လုပ်တဲ့ နည်းလမ်းတွေအကြောင်း ရေးသားထားတာမှာတော့ သူတို့က သတ်သေနိုင်ခြေ ပိုမြင့်တယ်ဆိုတဲ့ အသက်အရွယ်၊ လိင်အပိုင်းအခြားရှိတဲ့ လူတွေကိုဦးတည်ပြီး အဲဒီနည်းနာတွေကို ဆောင်ရွက်တယ်ဆိုပါတယ်။ စိတ်ကျန်းမာပညာရှင်၊ စိတ်ကျန်းမာဆွေးနွေးသူတွေကို လုံလုံလောက်လောက် ခန့်အပ်တာမျိုး၊ တယ်လီဖုန်းနဲ့ ဆွေးနွေးတဲ့ အစီအစဉ်တွေကို ပိုတိုးချဲ့တာမျိုး၊ ၂၄ နာရီ ဆက်သွယ်နိုင်တဲ့ အရေးပေါ် ဟော့လိုင်း ထားတာမျိုးလို စိတ်ကျန်းမာကုသမှု လွယ်လင့်တကူ ရနိုင်အောင် တိုးချဲ့တာမျိုးဆိုပါတော့။ ပြီး အမျိုးသမီးတွေအတွက် စိတ်ကျန်းမာဝန်ဆောင်မှုတွေ၊ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ကိုယ့်ဟာကိုယ် စီမံခန့်ခွဲကူညီနိုင်မယ့် မိုဘိုင်းဖုန်းအက်ပလီကေးရှင်း ထုတ်တာမျိုးတွေ၊ လူထုအခြေပြု ဆွေးနွေးခန်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်တာမျိုးတွေလည်း လုပ်တယ်လို့ ဆိုပါတယ်။ အားလုံးကို ခြုံပြီးပြောရရင်တော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို တတ်နိုင်သမျှ များများကုသမှုခံနိုင်အောင် လုပ်တာပါပဲ။
အမေရိကန်တွေ အီရတ်ကို တပ်ဖြန့်ပြီးတဲ့နောက် အစောပိုင်းကာလတွေမှာ မြင့်တက်လာတဲ့ သတ်သေမှုနှုန်းကို လျှောချဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ နည်းနာတချို့လည်း ရှိပါသေးတယ်။ အဲဒါကတော့ သူတို့ရဲ့ တပ်ရင်းတပ်ဖွဲ့ကို ဆူဆိုက်နဲ့ပတ်သက်ပြီး နားလည်သဘောပေါက်မှုရှိအောင်၊ သတိမူမိအောင် လုပ်ပေးတာမျိုး၊ တပ်ရင်းတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကိုလည်း အဲဒါနဲ့ပတ်သက်ပြီး အသိ ဗဟုသုတ ရှိလာအောင် ဆောင်ရွက်တာ၊ ရှေ့တန်းထွက်ချိန် ကြုံတွေရမယ့် အရွေ့အပြောင်းကိစ္စတွေရဲ့ သဘောသဘာဝနဲ့ အခက်အခဲတွေအကြောင်းကို ပညာပေးပြီး မခက်ခဲတဲ့ ပုံမှန်လုပ်ငန်းဆောင်တာလို ဖြစ်စေတာ၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိလာရင် လွယ်လင့်တကူ ကုသမှုခံနိုင်အောင် ဆောင်ရွက်တာမျိုးတွေ လုပ်တယ်လို့ ဆိုပါတယ်။
နောက် သုတေသနတခုကပြောတဲ့ ဆူဆိုက်ကိုကာကွယ်ဖို့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ အဲဒါတွေက ဆူဆိုက်နဲ့ ဆက်နွယ်တဲ့ ပြုစုကုသမှုကို ရရှိစေတာမျိုး၊ သေနတ်တွေ လက်နက်တွေကို သိုလှောင်တာ၊ ထုတ်ယူသုံးစွဲတာတွေနဲ့ ပတ်သက်တဲ့ အပြုအမူတွေ၊ စံနှုန်းတွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးတာမျိုး၊ ရဲဘော်ရဲဘက်အချင်းချင်း အထောက်အပံ့ရနိုင်မှုကို ကျယ်ပြန့်စေတာမျိုူး၊ ပြဿနာတခုခု ကြုံလာရင် ကိုယ်တွယ် ဖြေရှင်းနိုင်မယ့် စွမ်းရည်ကို သင်ကြားပေးတာမျိုး၊ ငွေကြေးအထောက်အပံ့ကို ခိုင်မာစေတာမျိုးနဲ့ မိမိကိုယ်ကို သတ်သေနိုင်ခြေရှိသူတွေကို လိုက်လံဖော်ထုတ်တာမျိုးဖြစ်ပါတယ်။
အရပ်သားလေ့လာမှုတခုမှာတော့ မိသားစုတာဝန် ရှိနေတာနဲ့ ဘဝမှာ ရည်မှန်းချက်တွေ ရှိနေတာက ဆူဆိုက်နှုန်းကို ကျစေတာနဲ့ အတိအကျ ဆက်စပ်တယ်ဆိုပါတယ်။ လူမှုအထောက်အပံ့တွေနဲ့ စိတ်ကျေနပ်မှုကလည်း တပ်ရင်းတပ်ဖွဲ့ဆိုင်ရာ လူတွေမှာ သတ်သေနှုန်းကို ကျစေပါတယ်။ အဲဒါအပြင်ကိုမှ တပ်ရင်းတပ်ဖွဲ့အတွင်း စည်းလုံးညီညွှတ်မှုကလည်း အဲဒီတပ်ရင်းတပ်ဖွဲ့အတွင်းက ရဲဘော်တွေကို မိမိကိုယ်ကို သတ်သေမှုမဖြစ်အောင် ကာကွယ်ပေးပါသတဲ့။ ခေါင်းဆောင်မှု စွမ်းရည်ကလည်း တပ်ရင်းတပ်ဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ သက်ဆိုင်တာမို့ ခေါင်းဆောင်မှုကောင်းလေလေ ရှေ့တန်းစစ်မြေပြင်မှာ သတ်သေချင်စိတ်နဲ့ သတ်သေမှုတွေ နည်းလေလေလို့ ဆိုပါတယ်။
နောက်တခုကတော့ ဆူဆိုက်လုပ်နိုင်တဲ့ လူတွေကို ဆူဆိုက်လုပ်ချင်စိတ်ကိုပဲ ဦးတည်ပြီး ပုံမှန်ဆန်းစစ်တာမျိုး၊ လိုအပ်တဲ့ ကုသပေးတာမျိုးတွေ လုပ်တယ် လို့လည်း ဆိုပါတယ်။ အဲဒါအပြင်ကိုမှ ဆူဆိုက်အတွေးတွေ၊ ဆူဆိုက်လုပ်နိုင်ခြေ မြင့်မားတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်အောင် လေ့ကျင့်ပေးတာမျိုး၊ ပြီး လူမှုပတ်ဝန်းကျင်က ကွဲထွက်ပြီး အထီးကျန်ဖြစ်မှုကို တိုက်ခိုက်တဲ့နည်းလမ်းတခုအဖြစ် လူမှုအဆက်အသွယ်တွေ၊ လူမှုအဆောက်အအုံတွေကို တည်ဆောက်ပေးတာမျိုးတွေကိုလည်း လုပ်ပါသတဲ့။ နောက်တဆင့်ကတော့ စိတ်ဖိစီးစရာကိစ္စတွေကို ကြုံတဲ့အခါ ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ အဆိုးကိစ္စတွေကို ခုခံကာကွယ်နိုင်မယ့် စိတ်အခြေအနေဖြစ်တဲ့ လောကဓံကို ကြံ့ကြံ့ခံနိုင်အောင် (Resilience) လေ့ကျင့်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီလို လောကဓံကို ကြံ့ကြံ့ခံနိုင်အောင် လေ့ကျင့်တာက သတ်သေမှုနဲ့ တိုက်ရိုက်ဆက်စပ်တာမျိုး မဟုတ်ဘဲ စိတ်ဖိစီးမှုတွေရဲ့ နောက် ဆက်တွဲ စိတ်ပိုင်းပြဿနာတွေဖြစ်ပြီး သတ်သေမှုကိုဖြစ်စေတဲ့ PTSD နဲ့ စိတ်ကျဝေဒနာ ဖြစ်နှုန်းကို ကျစေတာပါတဲ့။ ပြီးတော့ အဲဒီလေ့ကျင့်မှုဆိုတာကလည်း သတ်သေတာနဲ့ပတ်သက်တဲ့။ အကြောင်းအချက်တွေကို တိုက်ရိုက် လေ့ကျင့်တာမျိုးမဟုတ်ဘဲ Mindfulness လိုမျိုး သတိနဲ့နေထိုင်တာမျိုးကို လေ့ကျင့်ပေးတာပါတဲ့။ အဲဒီကမှ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတွေကို စီမံခန့်ခွဲလာနိုင်မယ်၊ ပြဿနာတွေကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းလာနိုင်မယ်ပေါ့။ ဆက်ရရင် အဲဒီလို စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေ တိုးတက်အောင် လုပ်ပေးတာကလည်း ရဲဘော်တွေအတွက် အပြောင်းအလဲ၊ အချိုးအကွေ့တွေ ကြုံတွေ့ရတဲ့အချိန်မှာ ပိုပြီး အဆင်ပြေပြေ ကျော်လွှားစေနိုင်တယ်လို့ ဆိုပါတယ်။
မိမိကိုယ်ကို သတ်သေတယ်ဆိုတာက အကြောင်းအချက် တခုတည်းကြောင့် ဖြစ်တာမဟုတ်ဘဲ အကြောင်းအချက်တွေ အများကြီး စုပေါင်းဖြစ်လာတဲ့ ရှုပ်ထွေးတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ စစ်ပွဲအတွေ့အကြုံ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ အရက်နဲ့ မူးယစ်ဆေးပြဿနာ၊ လူမှုဆက်ဆံရေး စိတ်ဖိစီးမှု၊ ဥပဒေပိုင်းဆိုင်ရာ ဒါမှမဟုတ် စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာတွေနဲ့ ငွေကြေးပြဿနာ၊ အဲဒီလို ပြဿနာပေါင်းစုံ ပေါင်းစပ်ပါဝင်ပြီး ဖြစ်လာတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ ဒီတော့ အဲဒါကို ကာကွယ်ဖို့အတွက်ဆိုရင် များပြားလှတဲ့၊ ပြီးတော့ ဆင်တူတဲ့ နည်းနာအသွယ်သွယ်ကို ရဲဘော်တယောက်ချင်းစီအဆင့်၊ တပ်ရင်းတပ်ဖွဲ့အဆင့်၊ ပြီးတော့ အဲဒီထက်ပိုတဲ့ အုပ်ချုပ်သူတွေ အဆင့်တွေမျိုးမှာပါ အဆင့်ဆင့် လုပ်ဆောင်နိုင်မှ အောင်မြင်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
စိတ်ပိုင်းဆိုင်ရာပြဿနာ အခံရှိသူတွေဟာ သူတို့ရဲ့အလုပ်အကိုင်နဲ့ လူမှုဆက်ဆံရေးကွန်ယက်တွေမှာ ကသောင်းကနင်း ကြုံတွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို အသုံးမကျဘူး၊ ကိုယ်နဲ့ တခြားသူတွေ ဆက်သွယ်ထားတဲ့ ဆက်ဆံရေးမရှိဘူးဆိုတဲ့ စိတ်မျိုးတွေဖြစ်ပြီး သတ်သေချင်စိတ်ဖြစ်ဖို့၊ သတ်သေဖို့ ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ ရှေ့တန်းစစ်မြေပြင်ကို မထွက်ခင် ဒါမှမဟုတ် တပ်ရင်းတပ်ဖွဲ့ရဲ့ စိတ်ဖိစီးစရာ အခြေအနေတွေနဲ့ ကြုံတွေ့ရမှာမျိုးတွေရှိပြီး အဲဒီမတိုင်ခင် ကာလတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာအခံရှိမရှိ စစ်ဆေးတာမျိုး၊ ပြီးတော့ ပြဿနာကို ရင်ဆိုင်ကိုင်တွယ်မယ့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ကို တိုးတက် အောင် လုပ်ပေးတာမျိုးတွေလည်း လုပ်ကြပါတယ်။ ဗီယက်နမ်စစ်ပြန်တွေကို ပြုလုပ်ထားတဲ့ လေ့လာမှုတခုအရ လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည် (Resilience) ပိုကောင်းတဲ့သူတွေဟာ ဘဝတလျှောက် ထိခိုက်ဒဏ်ရာအရေအတွက် များများ ကြုံခဲ့ရတယ်ဆိုရင်တောင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကတော့ မများပါဘူးတဲ့။ အီရတ်တပ်ဖွဲ့တခုကို လေ့လာတာမှာတော့ တပ်ရင်းတပ်ဖွဲ့ရဲ့အထောက်အပံ့နဲ့ နောက်တန်းပြန်ရောက်လာချိန် လူမှုအထောက်အပံ့တွေ ရရှိမှုနည်းပါးတာက သတ်သေမှုနှုန်းနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ စိတ်ကျရောဂါနဲ့ PTSD ဖြစ်နှုန်းကို မြင့်မားစေပါသတဲ့။
သူတို့ရဲ့ရဲဘော်တွေ မိမိကိုယ်ကို သတ်သေမှုနှုန်းကို ကျအောင်လုပ်ဖို့၊ သတ်သေမှုမဖြစ်အောင် ကာကွယ်ဖို့အတွက် လုပ်ကြတာတွေကတော့ အများကြီးပါပဲ။ အဲဒါတွေကိုပဲ ရှင်းရှင်းလင်းလင်း မြင်သာအောင်ပြောရရင် အဆင့်သုံးခုအနေနဲ့ ပြောလို့ရပါတယ်။ အဲဒီအထဲ ပထမဆုံးအဆင့်ကတော့ ရဲဘော်တယောက်ချင်းစီအဆင့် ဆိုပါတော့။ ဒီအဆင့်မှာ ဘာလုပ်လို့ ရမလဲဆိုရင် ရဲဘော်တယောက်ချင်းစီအနေနဲ့ မိမိမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာအခံရှိနေရင် သေချာ ကုသမှု ခံယူရပါမယ်။ အဲဒီလိုပဲ အသစ်အသစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း သေချာကုသဖို့ လိုအပ်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးပြဿနာတွေ ရှိနေရင်လည်း သေချာကုသမှုခံယူဖို့ လိုအပ်သလို အိပ်ရေးဝဝ အိပ်ဖို့လည်း လိုအပ်ပါတယ်။ ပြီး စိတ်ဖိစီးမှုတွေကို ကိုင်တွယ်တဲ့ စွမ်းရည်၊ လောကဓံကို ကြံ့ကြံ့ခံနိုင်မယ့် စွမ်းရည်၊ ပြဿနာကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေကို တိုးတက်အောင် လုပ်ရမှာဖြစ်သလို စိတ်ပင်ပန်းမှုကို လျှော့ချပေးမယ့် နည်းလမ်းတွေကိုလည်း သင်ယူလေ့လာပြီး အကျင့်တခုဖြစ်အောင် လိုက်နေဖို့ လိုအပ်ပါတယ်။ နောက်တခုကတော့ မိသားစု၊ မိတ်ဆွေတွေနဲ့ တတ်နိုင်သမျှ အဆက်အသွယ်မပြတ်အောင် နေတာပေါ့။
ရဲဘော်တယောက်ချင်းစီ ဘာလုပ်ရမလဲ ပြောပြီးရင်တော့ တပ်ရင်းတပ်ဖွဲ့အဆင့်အနေနဲ့ ဘာလုပ်ရမလဲ ဆိုတဲ့အကြောင်းဖြစ်ပါတယ်။ ပထမဆုံးအချက်က မိမိတပ်ရင်းက ရဲဘော်တွေရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုသမှု ခံယူနိုင်အောင် အစီအမံတွေ ထားရှိရပါတယ်။ ရှေ့တန်းမှာရှိနေချိန်နဲ့ နောက်တန်းပြန်ရောက်ချိန် လက်နက်တွေကို သိုလှောင်သိမ်းဆည်းရာမှာ ဘေးကင်းပြီး လုံခြုံစိတ်ချရတဲ့ နည်းလမ်းဖြစ်အောင် စီမံဖို့လိုပါတယ်။ အရက်၊ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိဖို့ လိုအပ်သလို အဲဒီ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။ ကိုယ့်တပ်စု၊ ကိုယ့်တပ်စိတ်ထဲက ရဲဘော်တယောက်ချင်းစီရဲ့ အခြေအနေတွေ၊ အထူးသဖြင့် မိမိကိုယ်ကို သတ်သေနိုင်ခြေမြင့်တဲ့ ကိစ္စတွေကို သိထားဖို့လိုအပ်ပြီး သတိထားစောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။ ရှေ့တန်းထွက်ခါနီး၊ ဒါမှမဟုတ် ရှေ့တန်းက ပြန်ရောက်တဲ့အချိန်မျိုး၊ ပြီး စိတ်ဖိစီးစရာကိစ္စတွေ ကြုံတွေရမယ့် အခါမျိုးတွေမှာ တပ်ရင်းတပ်ဖွဲ့တခုလုံးရဲ့ စိတ်အခြေအနေတွေကို PHQ 9 ဆန်းစစ်လွှာနဲ့ ဆန်းစစ်ပြီး လိုအပ်သလို ဆောင်ရွက်တာမျိုးတွေလည်း လုပ်လို့ရပါတယ်။ စစ်ဆေးရေးတခု မဆောင်ရွက်ခင် ကြိုတင်ရှင်းလင်း တင်ပြတာမျိုးတွေလုပ်ပြီး ကြုံတွေ့ရနိုင်တဲ့ အခက်အခဲအတွက် ပြင်ဆင်တာမျိုးတွေကို လုပ်လို့ရသလို တိုက်ပွဲက ပြန်ရောက်လာချိန်မှာလည်း ကောင်းမွန်လုံလောက်တဲ့ အထောက်အပံ့တွေ ပေးဖို့လည်း လိုအပ်ပါတယ်။ ပြီးတော့ အပတ်စဉ် စကားဝိုင်းလိုမျိုး ရဲဘော်တွေအတွက် သူတို့ရဲ့ လိုအပ်ချက်တွေ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ရင်ဖွင့် တင်ပြ ပြောဆိုနိုင်မယ့် နေရာတခု ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။ အဓိကကတော့ စည်းလုံးညီညွတ်ပြီး ပျော်စရာကောင်းတဲ့ တပ်ရင်းတပ်ဖွဲ့ဖြစ်အောင် ဖန်တီးရမှာဖြစ်ပြီး ကောင်းမွန်တဲ့ ခေါင်းဆောင်မှုကလည်း အရေးကြီးပါတယ်။ ပြီး လိုအပ်တဲ့ စိတ်ကျန်းမာပညာပေးတွေ၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနည်းတွေ၊ လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်တွေ၊ စိတ်ဖိစီးမှုကို လျှော့ချနိုင်မယ့်နည်းလမ်း၊ အဲဒါတွေကို ရဲဘော်တွေအနေနဲ့ သင်ယူနိုင်အောင် သင်တန်းတွေကို အထက်ကလူတွေနဲ့ ချိတ်ဆက်ပြီး အလျဉ်းသင့်သလို ဖွင့်လှစ်ပေးဖို့လည်း လိုအပ်ပါတယ်။
အခုဆက်ပြောမဲ့ နောက်တဆင့်ကတော့ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ရဲဘော်တွေ မိမိကိုယ်ကိုသတ်သေမှု လျော့ကျအောင် ဘာတွေလုပ်မလဲပေါ့။ အဓိကကတော့ တပ်ရင်းတပ်ဖွဲ့တွေ၊ ရဲဘော်တွေအနေနဲ့ စိတ်ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီအောင် စီမံပေးရပါတယ်။ စိတ်ကျန်းမာပညာရှင် တွေကို ခန့်အပ်တာမျိုး၊ တယ်လီဖုန်း၊ အင်တာနက်တွေကို အသုံးချပြီး စိတ်ကျန်းမာရေးကုသမှု ခံယူနိုင်အောင် ဆောင်ရွက်တာမျိုး၊ ပြီး ဖုန်းအက်ပလီကေးရှင်းထုတ်ပြီး မိမိရဲ့စိတ်ကျန်းမာကို မိမိကိုယ်တိုင် အတိုင်းအတာတခုအထိ စောင့်ရှောက်နိုင်အောင် လုပ်ပေးတာမျိုးတွေ လုပ်ရပါတယ်။ အဲဒါနဲ့ ဆက်နွယ် ပြီး စိတ်ကျန်းမာအတွက် လိုအပ်တဲ့ဆေးဝါးတွေ ရရှိအောင် ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။ နောက်တခုကတော့ ခေါင်းဆောင်မှုသင်တန်း၊ စိတ်ကျန်းမာဆိုင်ရာသင်တန်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးမယ့်နည်းလမ်းတွေ သင်ပေးမဲ့သင်တန်း၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းတွေကို သင်ပေးတာမျိုး၊ လောကဓံကို ကြံကြံ့ခံနိုင်အောင် သင်ပေးတာမျိုး၊ သတ်သေမှုကိုကာကွယ်ဖို့ နည်းလမ်းအကြောင်း သင်တန်းတွေ၊ ရဲဘော်တွေအတွက် လိုအပ်တဲ့ သင်တန်းတွေကို မြေပြင်မှာ ဒါမှမဟုတ် အွန်လိုင်းမှာ စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ နောက်တခုကတော့ လုံလောက်တဲ့ ငွေကြေးအထောက်အပံ့ ပေးရပါမယ်။ တပ်ရင်းတပ်ဖွဲ့တွေကနေ အကြောင်းအမျိုးမျိုးကြောင့် အနားယူကြမယ့် ရဲဘော်တွေအတွက်လည်း ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာရေးစတာတွေနဲ့ပတ်သက်ပြီး သူတို့တွေ အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးနိုင်မယ့် ပေါ်လစီတွေ၊ အထောက်အပံ့တွေချမှတ်ဖို့ လိုအပ်ပါတယ်။ စိတ်ကျန်းမာရေး၊ ဆူဆိုက် စတာတွေနဲ့ပတ်သက်ပြီး မီဒီယာတွေကနေ ပညာပေးအစီအစဉ်တွေ ဆောင်ရွက်တာမျိုး၊ အဲဒီအတွက် အရေးပေါ်ဆက်သွယ်နိုင်မယ့် ဟော့လိုင်းနံပါတ်တွေ ထားရှိတာမျိုး၊ ပြီးတော့ မီဒီယာတွေအနေနဲ့ မိမိကိုယ်ကိုသတ်သေတဲ့ အကြောင်းတွေကို ထုတ်လွှင့်ရာမှာ သတ်သေမှုကို အမွှမ်းတင် တဲ့ပုံစံမျိုး၊ သတ်သေမှုကို ချီးကျူးတဲ့ပုံစံမျိုးမဟုတ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ထုတ်လွှင့်အောင် စည်းမျဉ်း၊ စည်းကမ်း၊ ပေါ်လစီတွေ ချမှတ်တာမျိုးတွေ လုပ်ဖို့ လိုအပ်ပါတယ်။
အခု ပြောခဲ့သမျှ အားလုံးက ဘာမှမဖြစ်ခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြုလုပ်ရမယ့် ကနဦးအစီအမံတွေ ဖြစ်ပါတယ်။ တချို့ကိစ္စတွေက အကောင်အထည်ဖော်ဖို့ ခက်ခဲပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်မြေပြင်ဆိုတာက ကြမ်းတမ်းပါတယ်။ စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်တွေ၊ ပြဿနာအခက်အခဲတွေ၊ စိတ်ဖိစီးစရာကိစ္စတွေက ကင်းခြေများရဲ့ ခြေထောက်တွေလိုမျိုး တန်းစီနေတာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လောက်ပဲ ကြိုတင်ကာကွယ်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ပါဦး ရာနှုန်းပြည့် အောင်မြင်ဖို့ မလွယ်ပါဘူး။ တချိန်ချိန်၊ တနေရာရာမှာတော့ ရဲဘော်တယောက်ယောက်ရဲ့ခေါင်းထဲကို သတ်သေချင်တဲ့ အတွေး၊ စိတ်ကူးတွေ ဝင်ရောက်လာနိုင်ပါတယ်။ အဲဒီအတွက် လုပ်နိုင်တာကတော့ တခုတည်းပါပဲ။ ရဲဘော်တိုင်းဟာ တချိန်ချိန်မှာ သူတို့ကိုယ်သူတို့ သတ်သေနိုင်တယ်ဆိုတဲ့ သတိကို ခေါင်းထဲထည့်ပြီးတော့ ဆည်ဝကနေ ငါးကို စောင့်ပြီး ဖမ်းတဲ့ဗျိုင်းလို ဖမ်းရပါမယ်။ ရည်ရွယ်ချက်ကတော့ သတ်သေတဲ့ကိစ္စကို မလုပ်ဆောင်ခင်အချိန်၊ အခြေအနေတွေ လက်မလွန်ခင်မှာ သတ်သေဖို့ စိတ်ကူးကြံစည်နေတဲ့ အချိန်မျိုးကို အချိန်ကိုက်၊ အချိန်မီ စောင့်ဖမ်းပြီး ဆေးကုသမှု ပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာတခု ရှိလာပါတယ်။ ရဲဘော်တယောက် သတ်သေဖို့ ကြံစည်နေတာကို ဘယ်လိုသိနိုင်မလဲပေါ့။ အဲဒီအတွက်ကတော့ အဲဒီလူရဲ့ စကားသံကို နားထောင်ဖို့၊ အပြုအမူတွေကို ကြည့်ဖို့နဲ့ အဲဒီလူ ခံစားနေရတဲ့ စိတ်အခြေအနေကို သတိထားဖို့ပါပဲ။ ဘာလို့လဲဆိုတော့ လူတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာကနေ သူတို့ အခက်အခဲကြုံနေရတဲ့အကြောင်းကို စကားတွေ၊ အပြုအမှုတွေ၊ ခံစားမှုတွေက တဆင့် ဖော်ပြကြလို့ပါပဲ။
“ငါ ငါ့ကိုယ်ငါ သတ်သေလိုက်တော့မယ်။” “ငါ ဆက်မသွားနိုင်တော့ဘူး။” “ဘာမှ အရေးမကြီးတော့ပါဘူး။” “ငါ သေသွားပါစေလို့ ဆုတောင်းမိတယ်။” “ငါက တခြားလူတွေအတွက် ဝန်ထုပ်ဝန်ပိုးပဲ။” “ငါ ဒီနာကျင်တဲ့ဘဝကြီးကို ဆက် မခံစားနိုင်တော့ဘူး။” “ငါ့အတွက် ဆက်ပြီးအသက်ရှင်ဖို့ အကြောင်းပြချက် မရှိတော့ဘူး။”
ရဲဘော်တယောက်က အဲဒီလိုစကားတွေ ပြောမယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ သတ်သေဖို့ နည်းလမ်းရှာတာတွေ လုပ်မယ်။ အဲဒီလိုမဟုတ်ဘဲ အသက်အန္တရာယ်ရှိတဲ့ ကိစ္စတွေကို သေပါစေဆိုတဲ့စိတ်နဲ့ မဆင်မခြင် အရမ်းမဲ့လုပ်မယ်။ သူငယ်ချင်း၊ မိသားစု၊ တပ်ရင်းတပ်ဖွဲ့က လူတွေဆီကနေ ခွဲထွက်ပြီး သီးသန့် နေမယ်။ တအားအိပ်နေတာမျိုး၊ ဒါမှဟုတ် တအားမအိပ်တာမျိုး ဖြစ်နေမယ်။ မိတ်ဆွေတွေ၊ သိကျွမ်းသူတွေကို ဖုန်းခေါ်တာမျိုး၊ အလည်သွားတာမျိုးတွေ လုပ်ပြီး နှုတ်ဆက်စကား ပြောတာမျိုးတွေ လုပ်မယ်။ ပြီးတော့ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ပေးပစ်တာမျိုး၊ ခွဲဝေပစ်တာမျိုးတွေ လုပ်မယ်။ သူတို့ရဲ့စိတ် ခံစားမှုအခြေအနေကို ကြည့်လိုက်ရင်တော့ စိတ်ကျနေတဲ့ပုံမျိုး၊ စိတ်ဝင်စားမှု ပျောက်နေတဲ့ပုံမျိုး၊ စိတ်ဂနာမငြိမ်တာမျိုး၊ ကြောက်နေတာ၊ စိုးရိမ်သောကဖြစ်နေတာ၊ သိမ်ငယ်တဲ့ပုံပေါက်နေတာမျိုးတွေ ဖြစ်နေတယ်။
အခုပြောခဲ့တာတွေက လူတယောက် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေကြောင်း၊ အသက်အန္တရာယ်ရှိနေကြောင်း အရေးပေါ် သတိပေးတဲ့ လက္ခဏာတွေပါပဲ။ သူ ဒုက္ခရောက်နေပြီ၊ သူ့ကို ကူညီကြပါ ဆိုတဲ့အကြောင်းကို သူ့ရဲ့ အတွင်းတနေရာကနေပြီး သူတတ်နိုင်တဲ့နည်းလမ်းနဲ့ ဖော်ပြနေတာပဲဖြစ်ပါတယ်။ အဲဒီအချိန်မျိုးမှာ သူ့ရဲ့ပတ်ဝန်းကျင်၊ သူ့ရဲ့အနီးနားမှာ ရှိနေတဲ့လူက သတိထားမိပြီး ရေနစ်နေသူအတွက် ကောက်ရိုးတမျှင် ကမ်းပေးလိုက်ဖို့ပါပဲ။ ပြီးရင် စိတ်ကျန်းမာပညာရှင်နဲ့ ပြသပြီး လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုကို ခံယူလိုက်ဖို့ပါပဲ။
ရုပ်ရှင်ပဲလား၊ ဝတ္ထုလား၊ ဘာရယ်လို့ သေချာမမှတ်မိဘဲ စိတ်ထဲစွဲနေတဲ့ ဇတ်ဝင်ခန်းတခု ရှိပါတယ်။ ကောင်လေးတယောက်က သူ့ကိုယ်သူ သတ်သေတော့မယ် ဆိုတဲ့စိတ်ကူးနဲ့ သူ့ရဲ့ကျောင်းစာသင်ခုံနဲ့ အံဆွဲတွေထဲကနေ သူပိုင်ပစ္စည်းတွေ အကုန်သိမ်းဆည်းပြီး ပြန်လာပါတယ်။ အဲဒီမှာ အိမ်ရှေ့တခုကိုအဖြတ် တခြားကောင်လေးတယောက်နဲ့ တိုက်မိပြီး သူသယ်လာတဲ့ပစ္စည်းတွေ ပြုတ်ကျသွားပါတယ်။ နောက်တော့ သူနဲ့ဝင်တိုက်မိတဲ့ ကောင်လေးက သူ့ကို ပစ္စည်းတွေ ဝိုင်းကူကောက်ပေးရင်းက သူသယ်လာတဲ့အရုပ်တွေကို ကြည့်ရင်း သူ့မှာရှိတဲ့ အရုပ်တွေကိုလည်း လိုက်ကြည့်ပါလားလို့ပြောပြီး အိမ်ထဲကို အလည်ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒီနောက်တော့ ပထမကောင်လေးရဲ့ သတ်သေမယ့်အစီအစဉ်က ပျက်သွားတယ်ဆိုပါတော့။ ပြောချင်တာက အများကြီးမဟုတ်ပါဘူး။ တစုံတယောက် သတ်သေတာကို တားနိုင်ဖို့ အများကြီး မလိုအပ်ပါဘူး။ ကျသွားတဲ့ပစ္စည်းကို ဝိုင်းကူကောက်ပေးတဲ့ ကူညီမှုသေးသေးလေးနဲ့တောင် တားနိုင်တယ်ဆိုတာပါပဲ။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*