မိသားစုရုပ်ရှင်တွေထဲမှာမပါတဲ့ စနစ်တကျခွဲခွာခြင်းများ

“မိသားစုရုပ်ရှင်တွေထဲမှာမပါတဲ့ စနစ်တကျခွဲခွာခြင်းများ”
◼️ဂနိုက်
မိသားစုထဲမှာ တကောင်ထဲ ကဆုန်ပေါက် မြင်းဟာ ငါပဲလို့​ပြောရမယ်။ “ကျနော်တော့ လောကကြီးကို ခနဆင်းကြည့်ပြီး အောင်မြင်မှုနဲ့ပြန်ခဲ့မယ်” လို့ ကြီးကြီးကျယ်ကျယ်တွေပြောပြီး ခလုတ်တိုက်တော့ အမိတ တဲ့ ယုန်ကလေးတကောင်အဖြစ် ဟိုးအဝေးကြီးကနေ အပြေးပြန်ခဲ့ပေါ့။
ဆယ်စုနှစ်စာလောက် ပင်ပင်ပန်းပန်းရှာဖွေခဲ့တဲ့ အောင်မြင်မှုဆိုတာကလည်း အချိန်တန်တော့ ဒီကျိုးတိုးကျဲတဲ ထမင်းဝိုင်းဆီပဲ ပြန်ရောက်လာခဲ့တာပဲ။ အဖေ့ရဲ့လယ်ကွင်းတွေက ငါထွက်သွားတုန်းကအတိုင်းပဲ။ ငါ့ညီမလေးက ဂေါ်ဖီတခင်း တိုးချဲ့လိုက်တာက လွဲရင်ပေါ့။ ငါ့အကိုကတော့ ကိုယ်ဝန်ဆောင်ထားတဲ့ သူ့အမျိုးသမီးလေးနဲ့အတူတူ ငါတို့နောက်မျိုးဆက်အတွက် ရရာအလုပ် အကုန်လုပ်နေတယ်။
ရုတ်တရက် ငါပြန်လာတာကိုကြည့်ပြီး အဖေက ငိုင်သွားတယ်လို့ထင်တယ်။ သူ့ထုံးစံအတိုင်း ​လေသံအေးအေးနဲ့ “အေးလေ ရောက်လာတော့ မိသားစုစုံတာပေါ့၊ အိမ်မှာ ဝိုင်းလုပ်ဝိုင်းစားလည်း ရတာပဲ” လို့ပြောတယ်။ အသုံးချခွင့်မရတဲ့ ငါ့ဘဝက ဒဿနတွေအတွက် အားနာမိတာကလွဲရင် ငါဟာ မျက်နှာပြောင်တိုက်နေတုန်းပါပဲ။
“မင်း အရင်လိုတော့မရဘူးနော်၊ အငယ်လေးတောင် ဂေါ်ဖီခင်းကို ဦးစီးနေပြီ၊ မင်းတခုခုလုပ်ရမယ်” လို့ ငါ့အကိုက စကားဝိုင်းထဲဝင်ပြောတော့ ငါ အိမ်ကထွက်သွားပြီး မြို့ရောက်တော့ ပန်းကန်ဆေးခဲ့ရတဲ့ လုပ်ငန်းခွင်တခုကို ရုတ်ချည်း သတိရသွားတယ်။ “နင်ကလည်းဟာ ဘာဖြစ်နေတာလဲ၊ မောင်လေး ရောက်မလာခင်ကရော ငါတို့ ဘယ်လိုလုပ်ခဲ့လဲ၊ ငါတို့မောင်လေး အခုမှပြန်ရောက်လာတာ နားပါစေ” လို့ ငါ့မရီးက ဝင်မပြောခင်အထိ ငါငိုင်သွားတာ။
အိမ်ကထွက်သွားတော့ ည-မနက် ၁၆ ဘတ်တန် ခေါက်ဆွဲဘူးတွေ၊ မီးရောင်စုံမြို့ထဲ ကြောင်အမ်းအမ်းမျက်နှာပေးနဲ့အိမ်ခြေယာမဲ့တွေ၊ တရက်လုံးလုံး လက်ညောင်းအောင် မုန့်ကြိတ်ပေးမှရတဲ့ အညှောင့်ထွက်မတတ် ညစ်စုတ်စုတ် ကျောတခင်းစာ အိပ်ယာတွေ၊ ဒီအကြောင်းတွေကို ပြောပြသင့်လား စဉ်းစားရင်းနဲ့ ငါ့ညီမလေး အထက်တန်းပြီးကတည်းက အိမ်အလုပ် ဝင်လုပ်နေတဲ့အကြောင်း ဆွေမျိုးတယောက်ယောက်ကို ဖုန်းဆက်ရင်း ပြောပြနေတဲ့ အဖေ့အသံကို ကြားလိုက်ရတော့တာပဲ။
အငယ်လေး (ညီမလေး) က အမေ့ကို သေချာ မမြင်ဖူးလိုက်ဖူးလို့ မှတ်မိနေတယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်က ငါတို့မြို့မှာနာမည်ကြီးသွားတဲ့ မီးလောင်မှုမှာ အမေဟာ မီးထဲပါသွားခဲ့တယ်။ အငယ်လေးက တနှစ်ပြည့်ဖို့ လအနည်းငယ် လိုသေးချိန်မှာပေါ့။ မိသားစု စီးပွားရေးအဖြစ် ငါ့အဖိုး စတည်ခဲ့တဲ့ ငါတို့မြို့ရဲ့ အားထားရာ ဓာတ်ဆီဆိုင်လေး ငါ့အဖေလက်ထက်မှာ မီးလောင်သွားခဲ့တာ။ ငါ့အမေရောပေါ့။ ပြန်စဉ်းစားမိတော့ ဝမ်းနည်းသလားဆိုတာတောင် သိပ်မမှတ်မိတော့ဘူး။ အဖေက စိတ်လက်မကြည်လင်မှုတွေ အဲ့ကတည်းကစခဲ့တာလို့ ငါ အိမ်ကမထွက်သွားခင် ဆုံးသွားတဲ့ အဖွား (အဖေ့ရဲ့အမေ) ကပြောပြတယ်။
အဲ့လိုနဲ့ ငါ အိမ်ပြန်ရောက်ပြီး ရက်သတ္တပတ်လောက်အကြာ ငါ့အကိုနဲ့ မရီး ရုတ်တရက် အိမ်ခွဲနေဖို့ဖြစ်လာတယ်။ ခွဲခွာခြင်းတွေက ကူးစက်ရောဂါလို ခပ်မြန်မြန်ပဲ ဗိုင်းရပ်စ်ပိုးက ငါတို့အိမ်ရောက်လာတယ်။ အဖေက သူ့ စပါးတင်ဖောကားနဲ့ အိမ်ရွှေ့ပေးရင်း မျက်ရည်ခိုးခိုးကျတာ ငါသိသားပဲ။ ငါ့ကို သိပ်မကြည်ဘူးလို့ ထင်ထားတာမို့ ထူးထူးထွေထွေကိစ္စတွေ မေးမနေဖြစ်တော့ဘူး။
အကိုတို့ ထွက်သွားပြီးတဲ့နောက် ငါတို့အိမ်ဟာ ပိုပြီး တိတ်ဆိတ်လာတော့တာပဲ။ အဖေနဲ့ ညီမလေးဟာ လယ်ကွင်းတွေဆီ မနက်စောစောသွား။ မသွားခင် မနက်စာကို ငါက ပြင်ပေးပေါ့။ နောက် တနေကုန်စာချက်ပြုတ်နဲ့ ငါ ပင်ပင်ပန်းပန်း ဘယ်လောက်ချက်ပြုတ်ပြုတ် မိသားစုထမင်းဝိုင်းက လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလို အရသာမရှိတော့ဘူး။
အထီးကျန်ခြင်းတွေနဲ့ ငါ့တို့မိသားစုသုံးယောက် စကားတွေ ပိုနည်းလာရင်းနဲ့ တခုသောညနေခင်းမှာ အဖေဟာ လယ်ကနေ ကားမောင်းအပြန် အိမ်မရောက်ခင် ၇ ကီလိုမီတာလောက်မှာ ကားမှောက်ရင်း အသက်ပါသွားတယ်။ ငါ ပြန်လာပြီးနောက် ဒုတိယမြောက် ထွက်ခွာသူက အဖေပဲ။ ဒီတခါ ခွဲခွာခြင်းကတော့ နောင် ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ဘူးပေါ့လေ။ ထူးထူးဆန်းဆန်း အဖေထွက်ခွာသွားပုံက ကွဲကြေနေတဲ့ အရက်ပုလင်း အပိုင်းအစတွေကို ကားဂီယာတံဘေးမှာ တွေ့ရတာပဲ။ အဖေဟာ ငါတို့သိသလောက် အရက်မှ မသောက်ဖူးတာပဲ။ ရင်ခွင်ရုံ ဆေးစစ် ချက်ထွက်လာတော့ အဖေဟာ အရက် အလွန်အကျွံသောက်မိပြီး မူးမူးနဲ့မောင်းရင်း ကားမှောက်သွားတာလို့ သိရတယ်။ အဖေ့ရဲ့ အထီးကျန်ဆန်မှုမှာ အရက်ကို အပြစ်ဖို့ခဲ့ပေါ့။
ညီမလေးလက်ကို အေးအေးဆုပ်ကိုင်ထားရင်း မီးသင်္ဂြိုလ်စက်ခေါင်းတိုင်ကနေ ထွက်သွားတဲ့ အဖေ့အခိုးအငွေ့တွေကိုကြည့်ရင်း ညီမလေးကို ငါ နှစ်သိမ့်ပေးဖို့ စကားလုံးတွေ ပျောက်ရှနေတာ အချိန်အတော်ကြာပဲ။ လူရှေ့သူရှေ့ တခါမှ မျက်ရည်မကျတတ်တဲ့ ညီမလေးရဲ့ပါးပြင်တွေဟာ မို့အစ်နီရဲနေတာ အတိုင်းသား။ တိုက်တိုက်ဆိုင်ဆိုင် ငါ့မရီးရဲ့ ကလေးမွေးရက်ကြောင့် ငါ့အကိုဟာ ရောက်မလာနိုင်ခဲ့ဘူး။ အိမ်အပြန်လမ်းဟာ အတွေးကိုယ်စီနဲ့ပေမဲ့ ငါ အောင် မြင်မှုရှာဖို့ ထွက်သွားပြီး ပြန်လာတုန်းကနဲ့ လုံးဝကို ကွာခြားသွားခဲ့ပြီ။
အဖေ့ရက်လည် ၇ ရက်ပြည့်တဲ့ညနေမှာပဲ ရုတ်တရက် ညီမလေးက “ထွက်သွားတော့မယ့်အကြောင်း” ကို ဖွင့်ဟလာခဲ့။ ကျောင်းတက်ရင်း အလုပ်လုပ်မယ့်အကြောင်းတွေ အများကြီး ပြောနေပေမဲ့ ငါ့နားထဲ တလုံးမှမဝင်ဘူး။ လောကကြီးဟာ မိသားစုထမင်းဝိုင်းလို မရိုးရှင်းလှကြောင်း၊ ကိစ္စတိုင်းမှာ လိမ်မာရန်မသင့်ကြောင်း၊ *ယောကျ်ားတယောက်နဲ့အတူအိပ်ဖူးရုံနဲ့ ယူစရာမလိုကြောင်း ပြောပြခဲ့တယ်။ အဲ့ညက မိသားစုအိမ်ကြီးထဲ မောင်နှမနှစ်ယောက် အခန်းချင်းကပ်လျက် အတွေးချင်းဝေးရင်း အိပ်ပျက်ညဖြစ်ခဲ့ရပေါ့။
တတိယမြောက် အိမ်ကထွက်ခွာသူ အငယ်ဆုံးလေး အိမ်ကထွက်သွားပြီး နောက်ရက်မှာပဲ ငါ့မရီးဟာ ငါတို့မြို့ငယ် လေးရဲ့ ဆေးဝါးမပြည့်စုံမှု၊ အသိဉာဏ်ခေါင်းပါးမှုတွေနဲ့အတူ ပိုးဝင်ပြီသေဆုံးကြောင်း ငါ့အကိုက ငိုသံကြီးနဲ့ ငါ့ကို ဖုန်းဆက်လာခဲ့။ တယောက်ပြီးတယောက် ထွက်ခွာခြင်းတွေဟာ ဖောက်ခနဲ ပေါက်သွားပြီး ပြုတ်ကျလာတဲ့ မိုးပျံပူဖောင်းအောက်ခြေက ပို့စ်ကတ်တွေလို စနစ်တကျ ပြုလုပ်ထားသလိုပါပဲ။
ငါ့အကိုဟာ ငါ့ကိုဖက်ငိုရင်း သူ့သမီးလေး ငါတို့မျိုးဆက်လေးကို ဘယ်လို ရအောင်မွေးမယ့်အကြောင်း ရှင်းပြနေတယ်။ မတတ်နိုင်ဘူး ငါဆုံးဖြတ်ပြီးပြီလို့ ငါ့အကိုကိုပြောရင်း နောက်ဆုံး အိမ်ကထွက်ခွာလာသူဟာ ငါပဲဖြစ်တယ်။ငါဟာ မပြည့်စုံချိန်မှာ ထွက်ပြေးတဲ့ ခွေးကလေး။ ပြည့်စုံချိန်မှာ မိသားစုရဲ့ ငွေယိုပေါက်။ အိမ်ပြတင်းတံခါးတွေကို ချိုးပြီး မီးလင်းဖိုထဲ ပစ်ထည့်ခဲ့သူဟာ ငါပါပဲ။ ဒုတိယအကြိမ် အိမ်ကပြန်ထွက်လာတော့ တတ်ကြွမှုတွေ မရှိတော့ဘူး။ မအောင်မြင်ချင်တော့တဲ့ ဆပ်ကပ်ဆရာလို စိတ်မျိုးနဲ့ ဒုက္ခတောထဲ ပြန်ကူးခဲ့ရပေါ့။ ပုံမှန်ရာသီဥတုမှာပဲ ငါတို့မိသားစုဟာ တပြိုတကွဲ။ ငါဟာ အောက်လင်းဓာတ်မီး ရှာမနေတော့ဘဲ အမှောင်ညတွေထဲ တရွေ့ရွေ့။ အဖေ၊ အငယ်လေး၊ မရီး၊ အကိုကြီး၊ ငါ့တို့တူမလေး အကုန်လုံးနဲ့ဝေးရာမှာ ၉၀ ခုနှစ်များက လက်ဘက်ရည်ဆိုင်ထဲက ထိုင်ခုံတွေ ရုတ်တရက် ဖျက်ဆီးခံလိုက်ရသလို ငါဟာ စနစ်တကျ ပြိုလဲ ပျက်စီးလျက်။
Nov 2024, 19th
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*