ရွယ်မိုး
ပန်ကာသံ တဝီဝီက အိပ်မပျော်သော သူ့အဖို့ နားရှုပ်ချင်စရာကောင်းသည်။ ပုဇဥ်းရင်ကွဲ အော်သံများက ကြီးစိုးနေသည်။ ရံဖန်ရံခါ ဖားအော်သံများကိုပင် တအွမ်အွမ် ကြားနေရတတ်သေးသည်။ ဘေးပတ်ဝန်းကျင်ကို သူ စောင်းငဲ့ကြည့်လိုက်သည်။ သူ ရောက်နေသည်က လူနာဆောင်တခုဖြစ်သည်။ သံကုတင် များပေါ်တွင် အလျှိုလျှို လဲလျောင်းနေကြသည့် လူနာများထံမှ တခူးခူး ဟောက်သံများပင် ခပ်မှန်မှန် ထွက်ပေါ်လာနေသည်။
သူ့ကိုစောင့်ပေးနေသည့် ရဲဘော်ကပင် အိပ်ပျော်သွားသည်မှာ ကြာလှပြီ။ နံရံကပ်နာရီကို ကြည့်မိတော့ မနက် တနာရီ ထိုးနေပြီ။ သူ လှဲနေရာမှ ထိုင်ဖို့ ကြိုးစားသည်။ ဖြတ်ထားရသည့် ညာဘက်ခြေထောက်က ပတ်တီးအဖွေးသား။ နေ့ခင်းက သူ့ကို လာအားပေးသည့် ရဲဘော်များနှင့် အပြန်အလှန် စနောက် ရယ်မောနေပြခဲ့သော်လည်း သူ ဝမ်းနည်းရသည်မှာ သူ့ကိုယ်သူ အသိဆုံးဖြစ်သည်။ ညာဘက်ခြေထောက်တဘက် မရှိတော့သည့် သူ့ဘဝက ရှင်လျက်နှင့် သေနေရသည်ဟု ခံစားနေရသည်။ တဘဝလုံး ဒုက္ခိတအဖြစ်နှင့် သူ ဖြတ်သန်းရတော့မည်ဟု တွေးထင်ကာ အစိုးရိမ်ကြီး စိုးရိမ်သည်။ လက်ကပတ်တီးကို ကြည့်မိသည်။ ရဲဘော်တယောက် ရေးပေးသွားသည့် စာသားကို အလွတ်ရနေပေမယ့် ပြန်ဖတ်မိသည်။ ဒီလိုပဲ ငါ့ကောင်ရေ၊ အားလုံးချိုဖို့ ငါတို့က အခါးတွေထဲ ခုန်ချပေးနေရတာတဲ့။
ခုန်ချ ဆိုသည့်စကားလုံးက သူ့အတွေးတွေကို ကြီးစိုးလာသည်။ သူ ရှေ့တန်းမှာ မိုင်းနင်းမိတုန်းက သတိလစ်မသွားပေ။ သူ့ခြေထောက် ပြတ်သွားမှန်း သိသိချင်း ရိုင်ဖယ်သေနတ်နှင့် သူ့ကိုယ်သူပစ်ရန် ကြိုးစားပေမယ့် အထမမြောက်ပေ။ သူ သေချင်သည်။ သူ သေလျှင် အရာအားလုံး ပြီးသွားမည်ဟု ထင်သည်။ သူ တုန်လှုပ်နေသည်။ သူမလိုလားသည့် ဒုက္ခိတဘဝကိုမှ ရရပါ့မလားဟု မကျေမနပ်တွေးကာ ငိုချမိသည်။ သူ့ကို အားပေးနေကြတာကိုပဲ သူ ဒုက္ခိတဖြစ်သွားလို့မို့ သနားနေကြတာဟု ထင်သည်။ ဘာလို့ သူ့ကို လာသနားပြနေကြတာလဲဟု တွေးကာ စိတ်တိုချင်သည်။ သူ့ကိုကြည့်သည့် အကြည့်တွေ၊ ပြောလာသည့် အားပေးစကားတွေ အို သူ မုန်းတီးလာသည်။ လူတွေရဲ့ အသနားခံဘဝမှာ သူ မနေချင်ပြီ။
အဆောင်ခန်းထဲ သူ တချက် ဝေ့ကြည့်လိုက်သည်။ မိုးဖွားဖွားကျနေသည်မို့ အေးနေရာ နိုးကြမည့်ပုံ မပေါ်ပေ။ သူ ဓာတ်မီးတလက်ကို ယူလိုက်သည်။ ကုတင်ပေါ်ကနေ ဆင်းသည်။ အသစ်စက်စက် ချိုင်းထောက်ကိုယူပြီး အားပြု ရပ်လိုက်သည်။ ပတ်တီးစည်းထားသည့် ခြေထောက်က နာလာသည်။ လမ်းကြာကြာလျှောက်လျှင် ဖြတ်ထားသည့်ခြေထောက်က သွေးယိုတတ်သည်မို့ လှဲနေရသည့်အချိန်က များသည်။ သူ လမ်းလျှောက်ရမည်။ မဖြစ်မနေ လျှောက်ရမည်။ သူ အခါးတွေထဲ ခုန်ချရမည်ဟု စိတ်ကူးသည်။
“ဒေါက် ၊ ဒေါက် ၊ ဒေါက်”
ချိုင်းထောက်သံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။ မိုးသည် ဖွဲရာမှ သည်းလာသည်။ သည်းရာမှ ထန်လာသည်။ မိုးရေများသည် အကာအကွယ်မရှိသည့် သူ့တကိုယ်လုံးအပေါ် စိုစွတ်လာပါလေတော့သည်။
သူ့ခြေထောက်က နာကျင်လာသည်။ သူ ဦးတည်သွားနေသည့် နေရာက နီးပေမယ့် ယခုလို အခြေအနေမျိုးနှင့်တော့ ခြေအနည်းငယ်မျှ လှမ်းနိုင်ရေး မနည်း အားစိုက်နေရသည်။
မိနစ်နှစ်ဆယ်ခန့် လျှောက်လာရပြီးသည့်နောက် သူ ရောက်လိုရာသို့ ရောက်လာသည်။ ရိုးချောင်းကလေးက မိုးသည်းလာလျှင် ရေတက်လာတတ်ပြီး လူတရပ်ခန့် မြုပ်တတ်သည်။ ရေစီးနေသံက တဝေါဝေါနှင့် သူ့ကို လက်ယပ်ခေါ်နေသလိုပင်။
အခါးတွေထဲ ခုန်ခုန်ချနေရတာဟု သူတွေးမိသည်။ ပတ်ဝန်းကျင်က ပိန်းပိတ်အောင် မှောင်နေသည်။ ယူလာသည့် ဓာတ်မီးဖြင့် ရိုးချောင်းထဲ ထိုးကြည့်လိုက်သည်။
ခုန်ချလိုက် ခုန်ချလိုက်ဟု တစုံတယောက်၏ ပြောသံက သူ့ နားထဲ ပီပီသသ ကြားနေရသည်။ သူ မျက်ဝန်းများကို မှိတ်ချလိုက်သည်။
× × × × ×
မနက် နှစ်နာရီ ထိုးပြီ။
တစုံတရာက လှုပ်နိုးလိုက်သလို ရဲဘော်မောင်မိုး နိုးလာသည်။ ကုတင်ပေါ်ကို ကြည့်လိုက်ရာ ခေါင်းနပန်းကြီးသွားသည်။ ကုတင်ပေါ်တွင် လူနာ ရှိမနေပါချေ။ အပြင်ဘက်တွင်လည်း မိုးက သည်းထန်နေသည်။
“ဟေ့လူတွေ ထကြပါဦး၊ ကျနော့်သူငယ်ချင်း ပျောက်သွားလို့” ဟု အလန့်တကြား အော်လိုက်သည်။
လူနာတွေနှင့် လူနာစောင့်တွေ အိပ်မှုန်စုံမွှား နိုးလာကြသည်။ တယောက်တပေါက် ရှာကြပါဦးဟု ဆိုကြသည်။ ဓာတ်မီးတဝင်းဝင်းနှင့် အဆောင်ပတ်လည် ရှာသည်။
အဆောင်နှင့် မီတာတရာလောက် ဝေးသည့် ရိုးချောင်းကလေးအစပ်မှာ ဖိနပ်ကလေးတဘက်၊ ချိုင်းထောက်တစုံကို တွေ့လိုက်ကြရသည်။ အရှိန်အဟုန်နှင့် စီးဆင်းနေသော ချောင်းရေပြင်ထဲ ဓာတ်မီးတွေနှင့် ဝိုင်းထိုးကြရာ ဘာဆိုဘာမျှ မတွေ့ကြရပါချေ။
× × × × ×
“ခွေးကောင်” ဟု အားရပါးရ ဆဲရင်း သူ့တကိုယ်လုံးကို သန့်ရှင်းပေးနေသည့် မောင်မိုးကိုကြည့်ကာ ရယ်နေမိသည်။ သူကလည်း သူပဲ၊ တဆောင်လုံး အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ခဲ့သည်ကိုး။
ရိုးချောင်းထဲ ခုန်ချမည်ဟု ဆုံးဖြတ်ပြီးကာမှ မခုန်ချဖြစ်ပေ။ သူ ဆက်လက်ရှင်သန်ရဦးမည့် အကြောင်းတရားများကို တွေးမိလာသည်။ အမေ ရှိနေသေးသည်။ အမေ ငိုမှာစိုးသည်။ ပြီးတော့ ချစ်ရသော ညီမလေး၊ အင်း ပြီးတော့ အချစ်ဆုံး တော်လှန်ရေး ရဲဘော်ရဲဘက်များ။ လာရောက်ကြည့်ရှူသွားသည့် အကိုတယောက်ကလည်း သူ့ကို ပြောသွားသေးသည်။ နည်းပညာတွေ ထွန်းကားနေသည်မို့ ခြေတုတပ်ပြီးလျှင် လူကောင်းတယောက်အတိုင်း နေနိုင်သည်တဲ့။ ပြီးတော့ ရုံးပိုင်းမှာ ဆက်လက် တာဝန်ထမ်းဆောင်လိုက စီစဥ်ပေးမည်တဲ့။
ဆက်ရှင်သန်ရတဲ့ အဓိပ္ပါယ်က ရှိနေသေးပါလားဟု တွေးမိလာသည်။
ဓာတ်မီးတလက်က သူ့အပေါ် ထိုးလာသည်။
“ကောင်လေး ဘာလုပ်နေတာလဲ” ဟု မေးပြောပြောရင်း သူ့အနား ပြေးလာသည့် ဒေသခံလူကြီးတယောက်။
“ဘာမှမလုပ်ပါဘူးဗျာ ရိုးချောင်းကလေး ကြည့်ချင်လို့ လာကြည့်တာ …”
“မင်း ဆေးခန်းက ရဲဘော်မို့လား၊ လာ ပြန်လိုက်ပို့မယ်၊ မိုးက သည်းကသည်းနဲ့၊ ငါက မင်းကို သရဲထင်သွားတာ၊ မင်းကလည်း ညဘက်ကြီး ဘာအရူးထတာလဲ၊ တော်သေးတာပေါ့၊ မင်း ဓာတ်မီးထိုးတာ လှမ်းမြင်လိုက်လို့” ဟု အပြစ်တင်သလို ပြောသည်။
“ချိုင်းထောက်တွေ ခနနေမှ လာပြန်ယူမယ်၊ ကုန်းပိုးမယ်၊ မိုးစဲသွားရင် ဆေးခန်းလိုက်ပို့မယ်” ဟု ပြောရင်း ဒေသခံလူကြီးက သူ့ကို ကုန်းပိုးလိုက်သည်။ မနီးမဝေးရှိ မီးရောင်မှိန်ပြပြ တဲဘက်သို့ သူ့ကို ခေါ်သွားသည်။
မောင်မိုးတို့လည်း ချောင်းစပ်တွင် ထားခဲ့သည့် ချိုင်းထောက်တွေကိုတွေ့၍ ယူလာကာ တဲဘက်ရောက်လာကြမှ သူ့ကိုမြင်တော့ အကြောင်းစုံကို သိသွားကြရသည်။ သို့နှင့် အဆောင်ကို သူ ပြန်ရောက်လာရသည်။ သူနာပြုဆရာမလေးတွေက တဗျစ်တောက်တောက် ဆူလို့မဆုံးတော့ပေ။
သူ ဘယ်သူဆူဆူ တဟဲဟဲ ရယ်နေမိသည်။
“ငါးရစ်ကလေးများ တက်မလားလို့ နောက်နေ့ ငါးဖမ်းလို့ရမလား သွားကြည့်ရုံပါဗျာ ခင်ဗျားတို့ကလည်း …”
သူ့စကားအဆုံးဝယ် တဆောင်လုံး၏ ဝိုင်းဝန်း မေတ္တာပို့လိုက်သံများက လျှံထွက်လာသည်။
မိုးစဲသွားခြင်းနှင့်အတူ ရောင်နီကလေးသည် စတင် လင်းလက်လာပြီး နေ့သစ်တရက်သည် အစပြုရန် တာစူနေပါပကော။
(ရှေ့တန်းတနေရာတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ရင်း မိုင်းထိသဖြင့် ခြေတဘက် စွန့်လွှတ်ရသည့် ရဲဘော်တယောက် ဆူဆိုက်လုပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ရပ်မှန်ကို စိတ်ကူးဖြင့်ပေါင်းစပ်ကာ ဝတ္ထုတိုအဖြစ် ပြန်လည်ရေးဖွဲ့ပါသည်။)
Be the first to comment