မိုးထဲရေထဲ

by The Call
“မိုးထဲရေထဲ”
◼️ညိမ်းအေး
အိမ်မဟုတ်တဲ့
ခိုနားရာရိပ်မြုံငယ်လေးကနေ
ခွာရတုန်းက မိုးလေးဖွဲနေတာ
မှတ်မိတယ်
ကျွန်တော့်ကို နှုတ်ဆက်မဲ့သူ
မရှိသလို ကျွန်တော်
ဘယ်ကိုသွားမယ်ဆိုတာလည်း
ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး
ကိုးနှစ်နီးနီး
ရုန်းကန်ခဲ့သမျှဟာ
မျက်စိတမှိတ်အတွင်းမှာပြိုလဲ
မိုးထဲရေထဲမှာ
ပြေးလွှားနိုင်ဖို့ဖြစ်မှာပါ
ချစ်ရသူတွေနဲ့
ဝေးခဲ့ရပေမယ့်
မေတ္တာတွေ မပြတ်လပ်ခဲ့ဘူး
မိုးထဲရေထဲ
ကြည်နူးရတယ်
မိုးထဲရေထဲ
ဆူးညောင့်ခလုတ်တွေ ပေါတဲ့လမ်း
ခြေဖဝါးတွေ စုတ်ပြဲပါစေ
ကျွန်တော်တို့ ဖြတ်ပါရစေ
ကတ္တီပါခင်းတဲ့ လမ်းနုနုတွေ
ချစ်ရသူတွေ လျှောက်လှမ်းကြပါစေ
ဖဝါးနုနု သွေးခြေမဥစေချင်
ရင်ထဲက ဆူးတွေ
ကျောက ဒဏ်ရာတွေ
ကျည်ဆံမြုပ်နေတဲ့ လက်မောင်းထဲက
တဆစ်ဆစ်နာကျင်မှုတွေ
မိုးထဲရေထဲ ပါသွားစေချင်တယ်
ငယ်ငယ်က မိုးရေထဲမှာ
ဘောလုံးကန်ကြတယ်
တပျော်တပါး
သီချင်းတွေဆိုလို့
ခုနေခါများ မိုးရွာမှာကို
စိုးထိတ်မိတယ်
မိုးပြင်းလေပြင်းထဲမှာ
ကျည်ဆန်တွေရောပါလာတတ်လို့
ဘယ်သူတွေပါပြီး
ဘယ်သူတွေကျန်ခဲ့လဲ
ဘေးလွယ်အိတ်ထဲ ချောင်းကြည့်တော့
ချစ်ခြင်းမေတ္တာက
လှမ်းပြုံးပြတယ်
ဟိုမှာ သူတို့မျှော်နေကြတယ်
မိုးထဲရေထဲ
11:15 pm
September 11, 2023

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment