မီးစာကုန် ဆီခမ်းရုပ်ရှင်

ညီလင်းအိမ်

by The Call
“မီးစာကုန် ဆီခမ်းရုပ်ရှင်”
◾️ ညီလင်းအိမ်
လမင်းကတော့ တစင်းတည်းပါပဲ
ဒါပေမဲ့
ကန္တာရထဲက ကြည့်ရင်တော့
ကန္တာရ လမင်းပေါ့။
ဆရာလိုပဲ လေးစားခင်မင်ရတဲ့ စာရေးဆရာ ကိုမင်းသန့် ရေးထားတဲ့ ဒီစကားလုံးတွေက အင်မတန်မှ တာသွားပါတယ်။ ကျနော်တို့တွေ လမင်းကို ဘယ်လိုနေရာမျိုးစုံကနေ ငေးမျှော်ခဲ့ကြဖူးပြီလဲ။ လူတွေက မိမိတို့ ရှိရင်းစွဲ ဒုက္ခတွေ‌ကနေ ထွက်ပြေးချင်ကြတဲ့ အခါမျိုးမှာ၊ မိမိတို့ မရတန်ရာသော ဘဝတွေအတွက် တဖန်ဝင်စားဆင့်ပွားပြီး အရသာခံလိုတဲ့အခါမှာ ကန္တာရထဲက မျှော်မကြည့်ရတဲ့ လမင်းရှိရာ ကောင်းကင်ကို ငေးမောကြပါတယ်။
ဒီအခါမှာ ဟောလိဝုဒ် ရေပေါ်ဆီရုပ်ရှင်ထဲက ပေါင်တံလှလှတွေ၊ ရောင်စုံမီးများအကြားက အီလက်ထရို မြူးဇစ်တေးသွားများ၊ သွေးသံရဲရဲပွက်ထနေတဲ့ ညမြင်ကွင်းအလယ်မှာ အမျိုးသမီး ဇာတ်လိုက်ဖြစ်သူဟာ လူသတ်ကောင် ဗီလိန်ကို အရသာခံ သတ်ဖြတ်လိုက်ပုံ၊ ဗီလိန်ကြီး ဟစ်တလာက သူ့နာဇီစစ်သားဟာ ရန်သူတပ်သားတွေကို တယောက်ပြီး တယောက် ပစ်ခတ်ပြတဲ့ အခန်းကို အားပါးတရ လက်ခုပ်တီး အားပေးနေပုံ။
ကျနော့်ရဲ့ မျက်စိတွေကို ခဏမှိတ်လိုက်မိတယ်။ ရုပ်ရှင်ထဲက အရာတွေကနေ လက်ရှိဒုက္ခများထဲက ခေတ္တလွတ်မြောက်သွားတာ သေချာပါရဲ့လားလို့ တွေးတောမိနေတယ်။ အခန်းတံခါးကို လှပ်ရင်း ဟိုမှာဘက်ဆီကို ငေးရီလိုက်တော့ ရောင်စုံမီးများနဲ့ ညအိပ်လေ့မရှိ‌တဲ့ မြို့ပြတိုက်တာတွေကို မြင်ရတယ်။ ဒီလိုရှု့မြင်ရချိန်တော့ ခမ်းနားလှပလွန်းလှပေမဲ့ ဒီတိုက်မြင့်ကြီးများရဲ့ အထဲမှာ ဘာတွေ ရှိနေမလဲ။ ကျနော်မမြင်နိုင်။ တိုက်ခန်းအိုဆွေးများရဲ့ ကွက်လပ်တွေအကြားမှာ ခွေးလေခွေးလွင့်များနဲ့အတူ ရောနှော အိပ်စက်နေကြမယ့် အိမ်ရာမဲ့တွေလည်း ရှိနေနိုင်တာပဲ။ အဲဒီတိုက်တာကြီးထဲမှာရော လူတွေက တကယ်ရော အိပ်လို့ပျော်နေတာ ဟုတ်ပါ့မလား။ တဦးတယောက်ဟာ အခြားတဦးတယောက်ကို ဖေးမနေတာမျိုး မဟုတ်ဘဲနဲ့ အနိုင်ကျင့် ရိုက်ပုတ်နေတာမျိုး ဆိုရင်ကော၊ မိဘဖြစ်သူ ပြန်မလာလို့ ပုခက်ကလေးထဲမှာ သေငယ်ဇောနဲ့ အော်ဟစ်နေမဲ့ ‌မွေးကင်းစ ကလေးငယ်ကလေး ရှိနေမယ် ဆိုရင်ရော။ ခုတင်ပေါ်က ပြုတ်ကျသွားချိန် ပြန်တင်ပေးမဲ့သူ မရှိလို့ ဒရွတ်တိုက်သွားနေတဲ့ ဒုက္ခိတအဘွားအော်တယောက်ရဲ့ အော်သံသဲ့သဲ့တွေ လွင့်ပျံနေမယ် ဆိုရင်ရော။ အခန်းတံခါးကို ချိုးဖောက်ပြီး အိမ်ရှင်ဖြစ်သူရဲ့ လည်ပင်းကို တယောက်ယောက်က ဝင်ရောက် လှီးဖြတ်နေမယ် ဆိုရင်ကော။
ကျနော်ဟာ ဒုက္ခတွေကို မမြင်ချင်ယောင် ဆောင်လိုတဲ့အခါမှာ မက်ဆီကန် ဒါရိုက်တာ Alejandro González Iñárritu ရဲ့ ရုပ်ရှင်တွေကို ရှောင်ဖယ်လေ့ရှိပါတယ်။ ကျနော်ရယ်မှ မဟုတ်၊ လူ့ဘဝအစစ်ကို မမြင်လိုကြသော လူသားတွေတိုင်း သူ့ရုပ်ရှင်တွေကို ကြည့်ချင်မြင်ချင်ကြမယ် မထင်။ လူ့ဘဝထဲက ကပ်ဆိုးတွေ၊ ဘယ်ဘုရားမှလာမကယ်ကြတဲ့ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ လူသားဖြစ်ရမှုကနေ တပါတည်းကပ်ပါလာပြီး ဖြစ်တဲ့ သေဆုံးရမှုမတိုင်ခင် ရှောင်ဖယ်၍မရဘဲ လူတိုင်း နာကျင်သိပ်သည်းစွာနဲ့ ခံစားကြရမယ်ဖြစ်တဲ့ ဒုက္ခဝေဒနာ‌အဖုံဖုံတွေ၊ ကြေကွဲခံစားရမှု စိတ်ဒဏ်ရာအမျိုးမျိုးတွေ အဲဒါတွေကိုပဲ အသေးစိတ်ပြသတဲ့အခါမှာ မသိချင်ယောင် ဆောင်လိုကြ၊ ဒါတွေဖြစ်လာမှာ မဟုတ်ပါဘူးလို့ ထင်မှတ်ကြတဲ့ လူသားတွေဟာ သူ့ရုပ်ရှင်တွေကို ကြည့်ရှု့ခံစားဖို့ အာသီသ မရှိကြပါဘူး။
ကျနော်ကိုယ်တိုင်မှာလည်း ဘဝဟာ ဘယ်လို ဒုက္ခမျိုးတွေ နာကျင်ကြေကွဲဘွယ်ရာတွေ၊ စိတ်ညစ်ညူးဖွယ်ရာတွေ မရှိတဲ့ သုခဘုံအဖြစ် မှတ်ထင်သယောင်ပြုရင်း ကျနော့်ကိုယ်ကျနော် ကံအကောင်းဆုံး လူတယောက်အဖြစ် မှတ်ထင်မိစေအောင် ဟန်ဆောင်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း ဒီနေ့တွေထဲမှာတော့ သူ့ရုပ်ရှင်ထဲက ဇာတ်ကောင်တယောက်ကို မြင်မိလျက်သား ဖြစ်လို့နေပါတယ်။ သူ့ရဲ့ ရီဝေတဲ့အကြည့်တွေ၊သုန်မှုန်ကွဲအက်နေတဲ့ မျက်နှာသွင်ပြင်တွေဟာ ကျနော်ဟန်ဆောင်လျက်သား မသိလိုလျက်သား မျောပါနေတဲ့ ဘဝအတုကြီးကို မီးလောင်တိုက် သွင်းပေးသလို ဖြစ်နေပါတယ်။ မင်းထင်မနေနဲ့ ၊ လူ့ဘဝက ဘာဒုက္ခ၊ ဘာအပူပင်ရယ်မှ မရှိ၊ လိုတာလေး အလွယ်တကူရ၊ ချောမွေ့‌‌ဖြောင့်ဖြူးတဲ့ ဘဝလမ်းပေါ်မှာ လွယ်လင့်တကူ လိုက်ပါလို့ ရမယ်လို့ လုံးဝ ထင်မနေနဲ့တဲ့။
ဆီးကျိတ်ကင်ဆာ ဖြစ်နေပြီဖြစ်တဲ့ သူ့အတွက် ဆီးသွားတိုင်း သေရွာကို တခါသွားလိုက်ရသလို ခံစားရတယ်။ အခုဆို သူ့မှာ အပေါ့သွားဖို့ကို စိတ်အာရုံက မသိတော့။ နည်းနည်းပါးပါး လှုပ်ရှားမှုများလိုက်တာနဲ့တင် ကျင်ငယ်ရည်တွေက သူ့အလိုလို စီးကျလာတယ်။ အပေါ့သွားပြီးလို့ အိမ်သာခွက်ထဲကို ကြည့်လိုက်တိုင်း ကျင်ငယ်ရည်တွေဟာ ဝါထိန်နေတယ်။ ဒီဝေဒနာကြီးနဲ့တင် သိပ်မကြာခင်ကာလမှာ သူ့ဘဝ ကုန်ဆုံးတော့မှာလည်း သိနေတယ်။
ဇနီးဖြစ်သူကလည်း အနားမှာ မရှိတော့။ လမ်းခွဲထားတာကြာပြီ။ သူ့မှာ ဖအေလို မအေလို အသွင်မျိုးနဲ့ပဲ ငယ်ရွယ်သေးတဲ့ သားနဲ့သမီးကို စောင့်ရှောက်နေရတယ်။ ဘဝရဲ့ လောင်မြိုက်မှုတွေဟာ အရွယ်ရင့်လာလေ အလျှံတွေပိုရဲလာသလား မသိနိုင်။ ရုပ်ရှင်ဝင်စားသူ ကျနော်ဟာ သူနဲ့ ထပ်တူ ဖြစ်လာတယ်။ ဒီလို ကွဲအက်မြို့ပြညတွေထဲမှာ ခွေးသွားစိတ်တခုသဖွယ် ရုန်းကန်ရင်း ဘဝရည်ရွယ်လိုရင်းတွေဟာ ပါးလျ မှိန်ဖျော့လာပြီပဲလေ။ အနာဂတ် အကြောင်းတွေကို တွေးမိတိုင်း ထိတ်လန့်ရလွန်းလို့ အိပ်ရေးဝဝ မအိပ်ဖြစ်ခဲ့တာပဲ ကြာလှပြီ။
ဆီးကျိတ်ဝေဒနာကြောင့် ခြောက်လျော်နေတဲ့ သူ့ရဲ့ နှုတ်ခမ်းအစုံကနေ ထွက်ကျလာသော လေသံတွေဟာလည်း ရှတ နာကျင်လို့နေတယ်။ ဘဝရဲ့ တည်ရှိမှုများဟာ လှေကားထစ်များရဲ့ အလုပ်လုပ်ပုံလိုလား သူတွေးနေမိမယ် ထင်ပါတယ်။ သူ့ဘဝရပ်တည်နိုင်ဖို့ အခြားနိမ့်ပါးလူများရဲ့ ဘဝကို တဆင့်ချင်း ချနင်းနေရတာပဲလေ။ သူဟာ လူပွဲစားတယောက်ရဲ့ ရှင်သန်ပုံနဲ့ ဘဝကို သွားနေရတာ။ ဒီလို ဥရောပကမ္ဘာထဲကို ရေကြည်ရာ မြက်နုရာ ပြေးလာတဲ့ အရှေ့ဘက် အရပ်က ချိုင်းနား People တွေဟာ သူ့ကို မှီခိုနေရသတဲ့။ အဝေးကနေ ကြည့်ရင်တော့ ခမ်းနားသယောင်ရှိတဲ့ မြို့ပြညတွေဟာ မြို့နေလူတန်းစားများရဲ့ ရယ်သံ၊ ပျားပန်းခပ်မျှ သွားလာလှုပ်ရှားနေကြတဲ့ အသံဗလံ၊ အလင်းပေါက် ညကလပ်များဆီက ဂီတသံတွေနဲ့ အတူ ဘယ်လိုသောကအညစ်‌အထေးတွေကိုမျှ ပိုက်ထွေးထားခြင်း မရှိသယောင်လို့ မှတ်ထင်စရာပဲလေ။ ချိုင်းနားဘက်က ရွှေ့ပြောင်းမိသားစုတွေမှာ ဂေးတယောက်ဖြစ်တဲ့ လုပ်ငန်းရှင်တဦးထံမှာပဲ မြေအောင်းကြွက်များလို နေနေကြရတာ ဖြစ်တယ်။ အနံ့အသက်တွေနဲ့ ပိတ်ဖေးနံစော်နေတဲ့ မြေအောက်ခန်းကလေးထဲမှာပဲ ရွှေ့ပြောင်းလူနေထုတွေမှာ အိမ်အဖြစ် ခိုမှီးရတယ်။ ‌မွေးထားတဲ့ ဘုစုခရုခလေးတွေကိုလည်း သီးသန့်ရယ်လို့ ထားမနေနိုင်။ အရိုးကွဲမတတ် အေးလှတဲ့ ရာသီဆိုလည်း တိရစ္ဆာန်များကဲ့သို့ပဲ မိသားစုတွေ အားလုံးမှာ စုပေါင်းလုံးထွေးပြီး ဆောင်းညတွေကို ကျော်ဖြတ်ကြရတယ်။ တံဆိပ်အတုတွေကို ရိုက်နှိပ်ပြီး ပိုက်ဆံအိတ်အတု၊ လူသုံးကုန်အတု‌တွေကို ချုပ်လုပ်ပေးကြရတဲ့ သူတို့ဘဝတွေကလည်း လာဘ်စား‌တဲ့ရဲတွေရဲ့ ဝမ်းဗိုက်ကို ပိုမိုဖောင်းကားလာစေရုံကထက် ဘဝတွေက ပိုမရှိ။
ချိုင်းနားလူတန်းစားတွေတင်မှ မဟုတ်။ အခြားသော ကျနော်တို့နိုင်ငံလို နိမ့်ပါးရပ်ဝန်းတွေကနေ ပြေးလာကြတဲ့ သူတွေမှာလည်း ဘဝရပ်တည်ရေးအတွက် သူ့လိုပွဲစားတွေကို အားကိုးကြရတယ်။ လမ်းဘေးပလက်ဖောင်းတွေမှာ ရဲတွေမလာခင် ပစ္စည်းအတုတွေကို တက်သုတ်နှင် ရောင်းချကြရတယ်။ သူကတော့ ဆိုင်ရာပိုင်ရာကို လာဘ်ထိုးပေးရင်း မလှမ်းမကမ်းကနေ အခြေအနေကို စနည်းနာပေးရပါတယ်။
ဒီအခြေနေမှာပဲ သူ့ရဲ့စေတနာ လွန်ကဲမှုကနေ
မြေအောက်ခန်းမှာ အိပ်ကြရတဲ့ ရွှေ့ပြောင်းချိုင်းနားလူတန်းစားတွေဟာ အုပ်စုလိုက်ကြီး သေကုန်ကြတယ်။ နွေးနွေးထွေးထွေး အိပ်ပါစေတော့ ဆိုတဲ့ စေတနာကနေ Heater ထဲက လွင့်လာတဲ့ ကာဗွန်ငွေ့တွေကနေ အဆိပ်ဖြစ်ပြီး ကလေးရော လူကြီးတွေရော ရေနွေးဖျောထားတဲ့ ဖားများသဖွယ် မြေအောက်ခန်းကလေးထဲမှာ အထပ်လိုက်ကလေးတွေ အသက်ကင်းမဲ့လျက် ရှိနေကြတယ်။ သူတို့တွေက လုံခြုံတဲ့တိုက်ခန်းထဲမှာ အေးဆေးသက်သာစွာ အနားယူနေချိန်မှာ တညလုံး အဆိပ်သင့်ရင်း ကိုယ့်အသက်ဘယ်အချိန် ထွက်လို့ထွက်မှန်းမသိ လူ့ဘဝထဲက ထွက်ခွာလိုက်ကြရတဲ့ ဒီလူတွေမှာ အသက်ဝိညာဉ် မစွန့်ခွာခင် ဘာတွေများတွေးနေကြမလဲ။
သူဟာ တုန်ရီခြောက်ခြားစွာနဲ့ပဲ စိတ်ခံစားမှုတွေ နတ္ထိဖြစ်သွားတယ်။ ဒီလူတွေ ဒီလူလားမမြောက်သေးဘဲနဲ့ မိခင်ကို တွယ်ဖက်ရင်း အသက်ထွက်သွားတဲ့ ဒီလူတွေကို ဘယ်လိုမျက်နှာမျိုးနဲ့ ဆက်ကြည့်နိုင်မှာတဲ့လဲ။ နောက်ဆုံးတော့ သူတို့အလောင်းတွေဟာ ပင်လယ်ကမ်းစပ်မှာပဲ သောင်လာတင်နေတော့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ‌ထိုင်းဘက်ကို ခိုးဝင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အဖြစ်အပျက်ကလည်း ထိုနည်းနှင်နှင်ဆိုပါတော့။ ကွန်တိန်နာကြီးထဲမှာ အယောက်နှစ်ဆယ်ကျော်မျှ အောက်စီဂျင်ပြတ်ပြီး သက်တမ်းကုန်သွားကြရတာတဲ့။ အဲဒီကိစ္စများအတွက် ကျနော်တို့ဟာ ဘယ်ဘုရားကို ပုံချရမှာတဲ့လဲ။
နောက်ဆုံးတော့ ဒီဇာတ်လမ်းထဲက သူဟာလည်း တိမ်ဖျော့လာတဲ့ ဘဝရှေ့ရေး ခရီးအတွက် စိတ္တဇများနဲ့ ဝေဝါးလာတော့တယ်။ သူသာ ဆုံးပါးသွားပြီဆိုရင် ကျန်ရစ်မယ့် သားနဲ့သမီးအတွက် ဘယ်လိုစိတ်မျိုးနဲ့ ထားရစ်နိုင်ပါ့မလဲ။ နောက်ပြီး ဘဝရပ်တည်ရေး ရှေ့ဆက်ရမှုအတွက် ဒီ‌ရွှေ့ပြောင်းခိုးဝင်တွေနဲ့ပဲ နှစ်ပါးသွားရဦးမှာ။ ရဲစုတ်တွေကို မျက်နှာအောက်ကျို့ပြီး ပြောရဆိုရဦးမှာ။ အခုတော့ သူ့စိတ်တွေ လွတ်ချင်ချင် ဖြစ်လာပြီ။ မူးခနဲ မိုက်ခနဲတွေ ဖြစ်လာပြီ။ သေလည်းမသေချင်သေး။ ဒီလို ဝေဒနာကြီး ဖြစ်လာမှတော့ မသေချင်လို့လည်း မရ။
ကန္တာရထဲက ကြည့်လိုက်တဲ့အခါ သာနေတဲ့ လမင်းဟာ လှပလို့နေသေးလား။ ဒီကမ္ဘာမှာ လူအဖြစ်ကနေ ရရှိရမယ့် ကိုယ်ပိုင်ခံစားမှုတွေ ဘာတခုမှ မရရှိဘဲ ကြွေရွက်ကလေး မီးသင့်သလို လွင့်လင့်တကူနဲ့ပဲ လူလောကထဲက ထွက်ခွာရသူတွေ နေ့စဉ်နဲ့အမျှ ဘယ်လောက်တောင် ရှိနေမလဲ။ မအလ အာဏာရှင်ကို မုန်းစိတ်နဲ့ လူအုပ်ထဲကို ဝင်ခဲ့လိုက်တာ။ ပစ်ချလိုက်တဲ့ ကျည်ဆန်တတောင့်ကြောင့်ပဲ 16/17 အရွယ်မှာတင် ဘဝထဲက ပျောက်ကွယ်သွားရတာ ။ အဲဒီ အဖို့သာဓကများအတွက် ကျန်ရစ်ရင်း မြင်သိကြရတဲ့ နာကျင်မှု တပိုက်ကြီးနဲ့ အသက်ဆက်နေကြတဲ့ ကျနော်တို့အတွက်မှာရော အဲဒီက ကျည်ဆန်တွေက ဆင့်ပွားပြီးတော့ပဲ အဆိပ်တွေ ဆက်သင့်စေခဲ့တယ်။
လူကရှင်နေပေမဲ့ သေနေတဲ့စိတ်နဲ့ ဆက်လှမ်းရတဲ့ ဘဝက ဇွန်ဘီတကောင်ရဲ့ အသက်ရှင်သန်ပုံနဲ့ ဘာများထူးတော့မှာလဲလေ။ ပြတင်းတံခါးကို ပြန်ပိတ်လိုက်ချိန်မှာတော့ ကျနော့်အခန်းက မှောင်အတိကျသွားတော့တယ်။ ဒီအမှောင်ထဲမှာပဲ ကျနော်တယောက်ဟာလည်း ဆင့်ကဲပျောက်ကွယ်သွားခဲ့ပါတော့တယ်။
ရုပ်ရှင်ရည်ညွှန်း- Biutiful Movie ( 2010 )

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment