မေလထဲမှာ ကျနေတဲ့ မိုးဖွဲတွေ

‘မေလထဲမှာ ကျနေတဲ့ မိုးဖွဲတွေ’
◼️ ညီလင်းအိမ်
မေလထဲက မိုးဖွဲတွေရဲ့အောက်မှာ ကျနော်ကလည်း အိပ်နေကြတဲ့ ခိုငှက်တွေနဲ့အတူ ဒီအခန်းကလေးထဲမှာပဲ ခိုအောင်းလို့ နေခဲ့တယ်။ ငယ်ငယ်တုန်းကတော့ ထန်းလျက်ဂိုဒေါင်လိုဆောက်ထားတဲ့ အိမ်ကလေးရဲ့ အခန်းထဲကနေ ခုလိုမိုးတွေရွာလေတိုင်း ပုန်းအိပ်ရင်း မေမေရဲ့ ခေါ်သံကို ကြားရမှ အပြင်ကို ထွက်လေ့ရှိတာပေါ့။ အခန်းထဲကနေ ထွက်လိုက်တိုင်း ကျနော့်ရွာကလေးရဲ့ အပြင်ဘက်မှာ စိမ်းနေတဲ့ တောင်တန်းတွေကို မြင်လိုက်ရရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ကျနော်တို့ ညီအကိုနှစ်ယောက် မန်ကျည်းရွက်ခူး ထွက်ကြတော့ အရှေ့ဘက်ကန်ဘောင်ပေါ်ကနေ တက်ကြည့်လိုက်ရင် ပြာလွင်နေတဲ့ ပုံတောင်ပုံညာ တောင်တန်းကြီးတွေကို လှမ်းမြင်ရတယ်။ ဒီတောင်ကြီးရဲ့ ဟိုးမှာဘက်မှာ ဘာတွေရှိလေမလဲလို့ တခါမှ မတွေးခဲ့ဖူးပါဘူး။
ကျနော်ဟာ ရုပ်ရှင်ထဲကလို ဇာတ်လိုက်မင်းသား ဖြစ်ဖို့လည်း စိတ်ကူးမယဉ်ဖူးခဲ့ဘူး။ တောင်ကြီးတွေအောက်ကို ကျနော့်ခြေဖဝါးရောက်ဖို့လည်း မဟစ်ကြွေးခဲ့ဖူးဘူး။ ကျနော်က မေမေချစ်ရတဲ့ အားကိုးရတဲ့ သားတယောက် ဖြစ်ချင်သော်လည်း ဘယ်သောအခါမှ စိတ်ကူးယဉ်ဖူးသမျှက လည်နေတဲ့ ရေခွက်ကလေးထဲမှာ ပုရွက်ဆိတ်ကလေးတကောင်ကို ဖမ်းထည့်မယ်။ ဝါးထမ်းပိုးကောင်တွေက သစ်သားတွေကို စားပြီးမှ သတ္တဝါဖြစ်လာသလား။ ရွာနံဘေးက ပုတ်သင်ညို အကောင်လေးတွေက ဒါထက်ကြီးပြင်းလာရင် ဒိုင်နိုဆော တ‌ကောင် ဖြစ်လာနိုင်သတဲ့။ မိုးတွေရွာချပြီးတိုင်း ပေါ်ထွက်လာတဲ့ သက်တံတွေက ရွာထိပ်တောင်ပို့ဝထဲက ရှိနေတာ စလို့ အဲသလောက်ကိုပဲ စိတ်ဝင်စားနေတတ်ခဲ့တာ ဆိုတော့ မေမေ မျှော်လင့်ထားသမျှ ကျနော်က ဘာတခုရယ်မှ ဖြစ်မလာတော့တဲ့သားငယ်လေ။ ကင်းမြီးကောက်ထိုးခံရလို့ စကော်ပီယံကင်း ဖြစ်မလာဘဲ အမေရင်ခွင်ထဲမှာပဲ ခုနစ်အိမ်ကြား ရှစ်အိမ်ကြားမတတ် အော်ငို နေခဲ့တဲ့ သားကလေး ကျနော်။
မိုးနှင်းငွေ့တွေ စွတ်စိုနေတဲ့ မှန်ပြတင်းကို လှပ်လိုက်မိတယ်။ အခုကျနော်ရောက်နေတာက အညာကျေးလက်က အိမ်ကလေးထဲမှာမှ မဟုတ်တာပဲလေ။ စိမ်းနေတဲ့ တောင်တန်းတွေလည်း မြင်နေရပါရဲ့။ အေးလှတဲ့ မိုးသက်လေတွေကိုလည်း နမ်းမြရပါရဲ့။ ဒါပေမဲ့လည်း မြင်ရတဲ့ တောင်တန်းကြီးတွေရဲ့ အလွန်ကို ဆက်သွားဖို့ ခွန်အားတွေ မရှိတော့။ စီးကရက်တလိပ်ကို မီးညှိရှိုက်ဖွာရင်းနဲ့ တရုတ်ဒါရိုက်တာ ကျားကျန့်ခဲအနေနဲ့ရော ခုလို မေလလယ်ထဲမှာဆိုရင် ဘာတွေများ တွေး ဖြစ်နေမလဲပေါ့။
ဒီလို ဖြစ်ရပုံကလည်း သူချန်ထားရစ်ပြီး ဖြစ်တဲ့ ခါးပိုက်နှိုက်တယောက် အကြောင်း ရုပ်ရှင်ကြောင့်။ ရုပ်ရှင်ဆိုတာ ဘဝရဲ့ မမ်မိုရီတွေပဲ တဲ့။ တချို့က သီချင်းစာသားတွေနဲ့ မှတ်တမ်းတင်တယ်။ တချို့က ကဗျာစာသားတွေထဲမှာ။ တချို့က ပန်းချီကားချပ်တွေထဲမှာ။ သူကတော့ သူ့ရဲ့ ရုပ်ရှင်ပြကွက်တွေထဲမှာ။ မိုးနှင်းတွေနဲ့ မှုန်ဝါးနေတတ်တဲ့ ခုလို လထဲမှာ ကျားကျန့်ခဲနဲ့ အတူ သူ့ရဲ့ ကျေးလက်မြို့ကလေးကို အလည်လိုက်ခွင့် ရခဲ့ပါတယ်။ ကျနော်တို့ ငယ်ဘဝမှာ သက်တံတွေ ဘယ်ကထွက်လဲ လိုက်ရှာကြရုံ၊ နေညိုလာလေတိုင်း ထန်းသမားတွေရဲ့ တောတိုက်က တွံတေးသိန်းတန် သီချင်းတွေ နဲ့ ကြီးပြင်းကြရတယ် ဆိုရင် ကျားကျန့်ခဲရဲ့ ဘူမိနက်သန် မြို့ကလေးထဲမှာရော မီးခိုးတလူလူ လွင့်နေတဲ့ အိမ်ယာအအိုအဟောင်းတွေ၊ ပန်းသီးတွေချရောင်းနေတဲ့ ပလက်ဖောင်း ဈေးသည်တွေ၊ ချောင်ယွန်ဖတ် ရုပ်ရှင်တွေကိုပဲ ထပ်တလဲလဲ ပြနေတဲ့ ရုပ်ရှင်ရုံ အိုကလေးတွေ၊ ကာရာအိုကေဆိုင် ညစ်ညစ်နွမ်းနွမ်းကလေးထဲကနေ လွင့်ပျံလာတဲ့ Pop သီချင်းသံတွေ၊ ဆေးဆိုးပန်းရိုက်မျက်နှာသွင်ပြင်နဲ့ လှပျိုမယ်ကလေးတွေ။ ကျားကျန့်ခဲက ဒီလိုနေရာကလေးကနေ ဘယ်လိုများ ဆန်တက် ကူးခပ်လာနိုင်ခဲ့တာလဲ။
အဲသလို အိုဟောင်းတဲ့ မြို့ကလေးထဲမှာပဲ ခါးပိုက်နှိုက်တယောက် ရှိနေခဲ့တာတဲ့။ ခါးပိုက်နှိုက် လူငယ်လေးရဲ့ ဘဝကို ချဉ်းကပ်ပြရင်းနဲ့ပဲ သူ့ငယ်ဘဝရဲ့ ပုံရိပ်တွေကို ရုပ်ရှင်ကင်မရာထဲမှာ ထည့်လိုက်ပါတော့တယ်။ ခါးပိုက်နှိုက်တယောက်အတွက် ဘဝရှေ့ရေးက အမေရိကန်က စတော့ဈေးကွက် အတက်အကျနဲ့ သက်ဆိုင်နေခြင်း မရှိလောက်ပါ။ သူ့ရဲ့ ဘဝအခြေအနေဟာ မြို့ကလေးထဲက ဈေးတန်း‌တွေမှာ လူစည်ကားဖို့ပဲ အရေးကြီးမယ် ထင်ပါတယ်။ သူဟာ ခါးပိုက်နှိုက်ရင်း မြိုးမြိုးမြက်မြက်ကလေး ရတဲ့အခါမျိုးမှာ ဆိုရင် ကာရာအိုကေ ဆိုင်ကလေးကို သွားတယ်။ အဲဒီက ကောင်မလေးတွေ သီချင်းဆိုပြတာကို နားထောင်တယ်။ တခြားပုရိသတွေလို ရောက်တုန်း တန်အောင်ဆိုပြီး ဟိုနှိုက် ဒီနှိုက်လုပ်တာမျိုးလည်း မရှိ။ ဒီလိုကနေ အဲဒီက ကောင်မလေးတယောက်ကို သံယောဇဉ် တွယ်သွားတဲ့ ဆရာသမား အကြောင်း။ ကျားကျန့်ခဲရဲ့ ပွဲဦးထွက်လက်ရာ ( ပထမ လက်ရာကလည်း ဒီကားထဲက မင်းသားပဲ ဒါပေမဲ့ အဲဒါက Short Film ဖြစ်နေလို့ )
ဒီရုပ်ရှင်က အဲသလို ခမ်းနားတဲ့ ဇာတ်ကြောင်းရယ်လို့ ဘာတခုရယ်မှ မရှိ။ လှလှပပဆိုလို့ သူငယ်ချင်းမင်္ဂလာဆောင်အိမ်က ယူလာတဲ့ မီးခြစ်ကလေးကို ကာရာအိုကေဆိုင်က ကောင်မလေးရဲ့ ရှေ့မှာ မီးထခြစ်တာပဲ။ ခါးပိုက်နှိုက်တယောက် တသက်လုံး အခုလို မဟုတ်မှန်တာကိုပဲ လုပ်လာသူတယောက်မှာ ဂီတကို ယဉ်ပါးလွယ်တဲ့ စိတ်အခံ မရှိရဘူးလား ဆိုတာကို ကျားကျန့်ခဲက အဲဒီ မီးခြစ်နဲ့ပြတာ။ မီးခြစ်ကလေးက အဖုံးလှပ်လိုက်တိုင်း ဘီသိုဗင်ရဲ့ Für Elise မယ်လိုဒီကလေး ထွက်လာတာကို ခါးပိုက်နှိုက်ကောင်လေးမှာ နားထောင်လို့ မဝ ဖြစ်နေရတာ‌။ သူမြတ်နိုးသွားရတဲ့ ကောင်မလေးကို သီချင်းဖွင့်ပြတော့လည်း အဲဒီ မီးခြစ်ကလေးတဲ့။
မီးသေပြာကျသွားတော့တဲ့ ရွက်ဝါတရွက် အသုဘအခမ်းအနားပေါ်ကို မိုးစက်တွေ မညှာမတာ ထပ်ရွာသလို ကျနော့်ကို ဒုက္ခအမျိုးမျိုးပဲပေးတဲ့ ဟန်ထူးလွင်သီချင်းနဲ့ ဒီဘဝထဲမှာ ကျားကျန့်ခဲရဲ့ မြို့ငယ်ကလေးထဲကို ပြန်လွမ်းရတာတွေသာ ရှိမနေခဲ့ရင် ဘယ်လိုများ ဆက်လက်ရှင်သန်ရပါလိမ့်လို့ ရုပ်ရှင်ကို ငေးရင်း နာကျင်ရသတဲ့။ သူ့လက်ရာတွေက အဲဒီလောက်ထိ ချစ်စရာကောင်းတာ ကျနော့်ကို ခုနောက်ပိုင်းမှာ ပိုပို လွှမ်းမိုးလာတာ။ သူ့ဇာတ်အိမ်တွေထဲက ဇာတ်ကောင်တွေ ကြောင်ပျောက်သလို ကျနော့်မှာလည်း ကြောင်ပျောက်ရင်း ပိုပိုဆင်တူလာတာတွေ။ အနာဂတ်တွေက ရုပ်ရှင်ပြီးခါနီးလေ ပိုမို ဝေဝါးလာရပုံတွေ။ ကျားကျန့်ခဲကြီးကို Criterion Collection က Video Clips မှာ တွေ့ရတော့ ဝမ်းသာရပုံတွေများ။ သူ ရုပ်ရှင်ရွေးပုံတွေက ချစ်စရာကောင်းလှ ရိုးသားလှတယ်။ ကျနော်တို့ နှလုံးအိမ်မှာ ကပ်ငြိတွယ်ခဲ့တဲ့ ခါးပိုက်နှိုက်ရုပ်ရှင် Xiao Wu ( 1997 ) ဇာတ်လမ်းက 1959 တုန်းက ထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင် Pickpocket ကို ကြည့်ရင်း ပြန်လည် ဝင်စားထားခဲ့တာတဲ့။ သူက အဲဒီ ရုပ်ရှင်ကားအ‌ခွေကို အိတ်ထဲထည့်ရင်း ဒီလိုပြောလိုက်တယ်။
ဒီတော့ သူ့ရဲ့ Xiao Wu ( 1997 ) လက်ရာနဲ့အတူ သူ့ငယ်ဘဝ မြို့ကလေးဆီသို့ရော၊ တဖန် သူ့ငယ်ဘဝထဲက သီချင်းတွေ ‌တရုတ်လူနေထုရဲ့ Titanic ရုပ်ရှင်လို့ ပြောရမယ့် The Killer ထဲက Sally Yeh ရဲ့ ဇာတ်ဝင်တေးတွေရောနဲ့ ကျနော်ကရော စိတ်ကူးအိမ်ထဲမှာပဲ ကျားကျန့်ခဲလို ဒါရိုက်တာ ဖြစ်လို့ မရဘူးလား။ ရုပ်ရှင်ဆိုတာဟာ ဘာလဲ။ ကျနော်တို့ ရှိရင်းစွဲ လူ့အလွှာတွေနဲ့ နီးကပ်လာလေလေ ရုပ်ရှင်တွေက အတုကြီးတွေပါကွာ လို့ ပြောရခက်လေလေ ပေါ့။ မှတ်ဉာဏ်တွေက ခြတောင်ပို့က ပလူကောင်တွေ ပျံတက်သွားသလို မိုး‌ငွေ့တွေထဲမှာ ကြဲဖြန့်လိုက်စဉ်မှာ ရုပ်ရှင်ဇာတ်လမ်းမျိုးဆိုတာက ဒါတွေကို တခုစီပြန်ဆက်ပေးတာပဲ။ ကျ​နော်ဟာလည်း ဒီအခါမှာ ရုပ်ရှင်တကားကို ရိုက်လိုက်ပါတော့တယ်။
တခါက ခြေချခဲ့ဖူးသော အဲဒီ မြို့ကလေးထဲမှာ ဘူတာရုံမရှိ။ ကျားကျန့်ခဲ ဇာတိမြို့ကလေးလို ခပ်အိုအို ရုပ်ရှင်ရုံ ကလေး တရုံသာ ရှိတဲ့ မြို့ငယ်ကလေး။ ဒီမြို့ထဲက အနာဂတ်ပျောက်နေကြတဲ့ လူငယ်တွေက အိမ်ကို မပြန်နိုင်ကြတော့။ ရပ်ကွက်တွေက မီးကင်းတဲတွေမှာ။ ဘုရားတွေနံဘေးက ဇရပ်ပျက်အိုတွေမှာ နေထိုင်ကြရင်းနဲ့ စာသင်ဆောင်တွေ၊ ဈေးတွေနားက ဆိုင်ကယ်တွေကို ခိုးယူကြတယ်။ ဆိုင်ကယ်တင် မဟုတ် စက်ဘီးရရင်လည်း စက်ဘီး ခိုးယူရောင်းချရင်း ဘဝကို ဖြတ်သန်းကြတယ်။ လသာတဲ့ညတွေဆိုရင် အဆောင်တွေရှေ့မှာ ဂစ်တာတီး သီချင်းဆိုကြတယ်။ တရုတ်ပေါ့ပ်သီချင်းတွေက ကျားကျန့်ခဲရဲ့ ဇာတ်ဆောင်တွေ ပါးစပ်ဖျားမှာ လှစ်ထုတ်ပြကြတယ်ဆိုရင် ကျနော်တို့ခေတ်က လူငယ်တွေ ရဲ့ ပါးစပ်ဖျားမှာတော့ ပူစူးရဲ့ ယုံပါသိပ်ချစ်တဲ့ စကားလေးတော့ ယုံပါနဲ့ မီးပျက်ညထဲက ပြည့်တန်ဆာအိမ်တွေ၊ ကေတီဗီတွေမှာတော့ 2000 ခုနှစ်လောက်က ထွက်လာတဲ့ Disco သီချင်းသံတွေက စည်းချက်ညီညီ ထွက်‌ပေါ်နေတတ်ကြတယ်။ စည်ကားတဲ့ ဘုရားပွဲရက်တွေမှာဆိုရင် ဆေးဆိုးပန်းရိုက်ကောင်မလေးတွေက ခဏတဖြုတ် လက်တွဲကြတဲ့ ကောင်လေးတွေနဲ့ ပွဲညတွေကို ဖြတ်သန်းကြတယ်။
နောက်နှစ်အနည်းငယ်ကြာတဲ့အခါမှာ အဲဒီလို ဘဝတွေကြားထဲက လူငယ်တွေဟာ ဘာတွေများ ဖြစ်သွားကြသလဲ။ တချို့က ထမင်းပိုနပ်မှန်တယ်လို့ ပြောကြတဲ့ အကျဉ်းထောင်ထဲမှာ၊ တချို့က ဒီမြို့ကလေးထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားကြ။ ဆိုတော့ ဒါတွေဟာလည်း ကျားကျန့်ခဲသာ ရှိနေခဲ့ရင် ရုပ်ရှင်အဖြစ် မမ်မိုရီတွေကို ပြန်လည်စီချယ်လို့ မရနိုင်ပေဘူးလား။ လက်ရာမြောက် ရုပ်ရှင်ကားတကား ရိုက်ကူးဖန်တီးခြင်းအဖို့အတွက် ဘယ်လိုဆက်တင်တွေ မင်းသမီးတွေ လိုအပ်နေလို့လဲ။ ကျားကျန့်ခဲဟာ ဒုတိယမြောက်လက်ရာအတွက် ဒေါ်လာငါးသောင်း ထောက်ပံ့ကြေးနဲ့ အဲဒီ ရုပ်ရှင်ကို ရိုက်ကူးခဲ့တာ ဖြစ်တယ်။ တိုင်ဝမ် ဒါရိုက်တာ ဟိုက်ရှောင်ရှင်းက သူငယ်ချင်းဖြစ်သူ Edward Yang ရဲ့ Taipei Story ရုပ်ရှင် ရိုက်လို့ရဖို့အတွက် သူ့အိမ်ကို ရောင်းပစ်ပြီး ငွေရှာ ပေးခဲ့တယ်။ သူတို့တွေဆီက ထွက်လာတဲ့ ရုပ်ရှင်တွေမှာ ဘာမှ ခမ်းခမ်းနားနားမပါ၊ ဘယ်လိုနာမည်ကြီး မင်းသား ဇာတ်ပို့ရယ်လို့လည်း မပါကြ။ တရုတ်ပြည်မဒါရိုက်တာ ကျန်ရိမူက မင်းသား ရှာရတာ အာရုံနောက်လို့ Old Well ရုပ်ရှင်မှာ သူက မင်းသား ဝင်လုပ်ပေးတာမျိုး။
မေလရဲ့ မိုး‌ငွေ့တွေအကြားမှာ ကျနော် တယောက် တိုင်ဝမ်ရုပ်ရှင် နယူးဝေဗ့်နဲ့ ပတ်သက်တဲ့ မှတ်တမ်း ရုပ်ရှင်တွေ၊ ကျားကျန့်ခဲရဲ့ ရုပ်ရှင်စာမျက်နှာတွေကို ကြည့်ရင်း စိတ်ကူးယဉ်ရခြင်းက ပိုက်ဆံပေးရတာမှ မဟုတ်တာဆိုတဲ့ အတွေးနဲ့ပဲ မြို့ငယ်ကလေးထဲကို သွားရောက်ပြီး ရုပ်ရှင်တွေ ရိုက်ကူးကြည့်မိသတဲ့။
အိမ်က နှင်ချလိုက်လို့ မြို့ပြထဲမှာ ကပ်တွယ်နေထိုင်ရတဲ့ လူငယ်လေး။ ဒီလူငယ်ကလေးက မြို့ပြအမှောင်ညတွေထဲကို ခုန်ချကြည့်တဲ့အခါမှာ ပိုလို့သာ မှောင်အတိကျနေတာကို မြင်ခဲ့ရတာမျိုးလေ။ ချစ်ရတဲ့ ကာရာအိုကေ ပျားမလေးဆီက အဆက်အသွယ်များရမလားဆိုပြီး Pager စက်ကလေးကို ခါးမှာညှပ်ထားရင်း စောင့်နေတဲ့ ဆရာသမား အဖမ်းခံမယ့် ခံရတော့လည်း အဲဒီ Pager စက်ကြီးက ထမြည်လာလို့တဲ့။
ကျားကျန့်ခဲက ကမ္ဘာသိဒါရိုက်တာတယောက် ဖြစ်လာမယ် ဆိုတာကို ဒီလက်ရာကနေတင် မြင်သိ လက်ခံရမှာမျိုးပေါ့။ ကျနော်ကတော့ အဲဒါတွေထက် သူ့ဆီက အတိတ်တွေထဲကို ပြန်ပြီး ခေါင်းငုံ့သျှိုးတာကို ထပ်တူလိုက်ပါရတာကို နှစ်သက်ရတာ။ ချောင်ယွန်ဖတ် ရုပ်ရှင်အကြောင်းတွေ။ Disco မီးရောင် ပြိုးပြိုးပြောင်ပြောင်တွေနဲ့အတူ တရုတ်ကက်ဆက်တွေကို ရောင်းချနေကြတဲ့ အရောင်းစာရေးမလေးရဲ့ ပုံရိပ်လွှာတွေ။ ကလေးလူကြီးအဆုံး တကြော်ကြော်အော်ဆိုတတ်ကြတဲ့ တရုတ် ပေါ့ပ်သီချင်းတွေ။ ကျနော်တို့ ခေတ်နဲ့အတူ တရုတ်ကျေးလက်ပြည်မက လူနေထုတွေရဲ့ ဘဝတွေကလည်း ဘာမှ မကွာခြားလှတဲ့ အကြောင်းကို တခုတ်တရ ရှုမြင်ရပုံ။ ပြီးတော့ ငယ်ဘဝဆီကို သူနဲ့အတူ ဆင့်ကဲကူးမြောက်ရပုံ။
ဘယ်လောက်တောင် လှတဲ့ မေလ ဖြစ်ခဲ့သလဲ။ ကျနော်ဟာ ဒီတလလုံးလုံး ကျားကျန့်ခဲ ဇာတ်ကောင်တွေနဲ့ အတူ ရှိခဲ့ရပုံတွေ အကြောင်း။
ရုပ်ရှင်ရည်ညွှန်း- Xiao Wu Movie (1997)
About The Call 741 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*