
“မေးခွန်း ၂ ခုကို အဖြေရှာ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
နေ့စဥ်ထွက်ပေါ်လာတဲ့ စစ်သတင်းတွေအရ စစ်တပ်ဟာ တနိုင်ငံလုံး ပြည်နယ်နဲ့တိုင်းတွေအားလုံးမှာ စစ်ဆင်ရေးတွေလုပ်နေ၊ လုပ်ဖို့ ကြိုးစားနေတယ်။ ကျူံပျော်မှာ စစ်ကြောင်းထိုးဖို့ အမိန့်ပေးတာ မလိုက်နာတဲ့ တပ်ရင်းမှူးကို ဖမ်းဆီးထားတယ်လို့ ဆိုတဲ့အတွက် ဧရာဝတီတိုင်းလို စစ်မက်အငြိမ်သက်ဆုံးလို့ ပြောလို့ရတဲ့ နေရာမှာတောင်မှ စစ်ကို အနားပေးမထားတာ တွေ့နိုင်တယ်။
စစ်တပ် အဓိကပြန်တိုက်နေတဲ့ နေရာတွေက ရခိုင် (ကျောက်ဖြူ)၊ ကချင် (ဗန်းမော်နဲ့ အင်းတော်ကြီးတဝိုက်)၊ ကရင်နီ (ဒီမောဆို၊ ဖရူးဆိုး) တို့နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ ကရင်ပြည်တို့မှာဖြစ်တယ်။ တဘက်က တရစပ် ပြန်ပြီး တိုက်စစ်ဆင်လာသလို တဘက်က တရုတ်ဖိအားကို ပိုမိုတင်းကျပ်စွာ အသုံးပြုလာတာ တွေ့ရတယ်။
‘ဝ ကတဆင့် တရုတ်ဖိအား’
သြဂုတ် ၂၁ ရက်နေ့ သတင်းတွေမှာ ထင်ထင်ရှားရှားပါလာတဲ့ သတင်းတပုဒ်ကတော့ ဝ ကနေ MNDAA၊ TNLA နဲ့ SSPP တို့ကိုခေါ်ပြီး အခြေအနေတွေက မတည်မငြိမ်ဖြစ်နေတယ်၊ ဒါ့ကြောင့် စစ်လက်နက်နဲ့ ငွေကြေးအထောက်ပံ့ပြုမှာ မဟုတ်တော့ဘူးလို့ အသိပေး ပြောဆိုလာတယ်။ နယ်မြေဒေသ တည်ငြိမ်ရေး အကြောင်းပြချက်ဟာ ဝရဲ့ကိုယ်ပိုင်သံစဥ်မဟုတ်ဘဲ တရုတ်ကော်ပီသီချင်းဆိုတာ အားလုံးက သဘောပေါက်ပြီး အခြေအနေတွေကို နားလည်ပါတယ် ဆိုတဲ့သဘော ပြန်ပြောခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။
လားရှိုးကို ပြန်ပေးလိုက်ရတဲ့အထိ တရုတ်ဒဏ်ကိုခံခဲ့ရတဲ့ MNDAA ရဲ့နောက်မှာ ခုတခါ တရုတ်ဖိအားက ကြီးမားတယ်လို့ အသံထွက် ထုတ်ဖော်လာတဲ့အဖွဲ့က TNLA ပါ။ TNLA ဟာ ဒီလမကုန်ခင်မှာ စစ်ကော်မရှင်နဲ့ တရုတ်မှာဆွေးနွေးပွဲလုပ်ဖို့ ရှိနေတယ်။ အရင်တခေါက်က ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း သိမ်းပိုက်ခံရတဲ့ ၅ မြို့စလုံးကို ပြန်တောင်းတဲ့ စစ်တပ်ဟာ ခုတကြိမ်မှာလည်း ဒီမြို့တွေကို ထပ်တောင်းဖို့ ကြိုးစားဦးမှာဖြစ်တယ်။ (မှတ်ချက် – ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်နဲ့ နောင်ချို ၅ မြို့မှာ နောင်ချိုကို ပြန်သိမ်းထားနိုင်လို့ ဒီတခေါက်တော့ ၄ မြို့ပဲ တောင်းစရာရှိတော့မှာဖြစ်တယ်။)
မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးကို မထိန်းချုပ်နိုင်တဲ့အတွက် စစ်ကော်မရှင်ဟာ လားရှိုးကိုရောက်ဖို့ အတွက် ရှမ်းတောင်ကိုပတ်ပြီး လားရှိုးကိုဝင်နေကြ လမ်းကြောင်းဖြစ်တဲ့ ကျေးသီး၊ မိုင်းရယ် လမ်းကြောင်းကိုသုံးပြီး (ကိုးကန့်ထိန်းချုပ်ထားတဲ့) ချင်းရွှေဟော်ဂိတ်ကို ထွက်နေရတယ်။ ၂၀၂၄ တုန်းကလည်း စစ်ငြိမ်တဲ့ ရှမ်းအရှေ့ကျိုင်းတုံဘက်ကလှည့်၊ မိုင်းလားဘက်ကပတ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းဖောက်ဖို့ ကြိုးစားခဲ့သေးတာ တွေ့ခဲ့ရတယ်။
စစ်ကော်မရှင်ရဲ့ အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားတဲ့ မြို့တွေထဲမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဝ အလွယ်တကူရသွားတဲ့ ဟိုပန်နဲ့ NDAA ရဲ့ မိုင်းလားတို့ပါ ပါတာတွေ့ရသလို စစ်ကော်မရှင်ရဲ့ ရှမ်းဝန်ကြီးချုပ်ဟာ သြဂုတ်လဆန်းပိုင်းက ပန်ဆန်းနဲ့ မိုင်းလားကိုသွားပြီး ဝနဲ့ NDAA ခေါင်းဆောင်တွေကို တွေ့ခဲ့တာတွေ့ရတယ်။
ဒီရက်ပိုင်းအတွင်း ကျောက်မဲဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာမို့ TNLA နဲ့ မဆွေးနွေးခင် သပိတ်ကျင်းကနေ မိုးကုတ်အစပ်တွေကို စစ်ကြောင်းတချို့ ဝင်ရောက်လာနိုင်ခြေလည်း ရှိနေနိုင်တယ်။ စစ်ကော်မရှင်အတွက် လားရှိုးလမ်းဟာ အရေးပါနေတဲ့အတွက် ကျောက်မဲ၊ သီပေါကော မန်းတိုင်းထဲက စီးပွားရေးအစဥ်အလာရှိတဲ့ မိုးကုတ်ကိုကော ဒီဆွေးနွေးပွဲမှာ ဖိအားပေး တောင်းဆိုမှာကတော့ သေချာသလောက်ပါပဲ။
တဘက်မှာ တရုတ်ဟာ TNLA ကို နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့ထားတယ်။ မူဆယ်ဘက်ကကုန်တွေနဲ့ ရိက္ခာတွေလှည့်ဝင်တယ်ဆိုပေမယ့်၊ မန်းတိုင်းထဲကကုန်စည်တွေ ဝင်လာတယ်ဆိုပေမယ့် တအာင်းဒေသမှာ စရိတ်စကကြီးမြင့်မှုနဲ့ ကုန်ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်နေတယ်လို့ ဒေသခံသတင်းတွေကဆိုတယ်။ တရုတ်နယ်စပ်တကြောဖြစ်တဲ့ ကိုးကန့်၊ ဝ၊ မိုင်းလားနဲ့ SSPP တို့ဟာ လက်ရှိအနေအထားတွေအရ တရုတ်နဲ့ ဆက်လက် အပေးအယူလုပ် နေထိုင်သွားနိုင်ပေမယ့် တအာင်းအနေအထားဟာ ချင့်ချိန်နေဆဲဖြစ်တယ်လို့ ယူဆရတယ်။
‘စစ်တပ် အဓိကဒေါက်တိုင် ၂ ခု’
၂၀၂၄ နှစ်လယ် ဝမ်ယီရဲ့ နေပြည်တော်ခရီးစဥ်ကစလို့ တရုတ်ဟာ စစ်တပ်ဘက်ကို ပြတ်ပြတ်သားသား ရွေးချယ်ပြီး အီးအေအိုတွေကို ဖိအား တောက်လျှောက်ပေးခဲ့တာ တွေ့ရတယ်။ တရုတ်အကူအညီဖြစ်တဲ့ စစ်ရေးအထောက် အပံ့တွေ လက်နက် (ဒရုန်း) နည်းပညာတွေနဲ့ သံတမန်ရေး ပံ့ပိုးမှုတွေအပြင် စစ်တပ်ဘက်က နောက်ထပ်ရလာတဲ့အင်အားတခုက စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းမှုဖြစ်တယ်။ စစ်တပ်ဟာ အပေါ်လိုင်း (တရုတ်လို အင်အားကြီးနိုင်ငံတနိုင်ငံရဲ့ ထောက်ခံမှုကို အရယူနိုင်ခဲ့သလို) နဲ့ အောက်လိုင်း (လူထုကို ဖိနှိပ်ချုပ်ကိုင်ပြီး စစ်မှုထမ်းအင်အားကိုစုစည်း) ၂ မျိုးစလုံးနဲ့ ဘယ်နေ့ ပြိုကျမလဲဆိုတဲ့ အခြေအနေကနေ ခုလို တန်ပြန် တိုက်စစ်ဆင်နိုင်ခဲ့တာဖြစ်တယ်။
တော်လှန်ရေးဦးဆောင်မှု အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကော်မရှင်ရဲ့ အပေါ်လိုင်း တရုတ် ကိုဝင်ဖို့ဟာ စစ်ပွဲချိန်ခွင်လျှာကို သေသေချာချာ မပြောင်းနိုင်သမျှ မဖြစ်နိုင်တာ တွေ့ရတယ်။ အောက်လိုင်းဖြစ်တဲ့ လူထုကို ဘယ်လို ပြန်လည်စုစည်းနိုင်မလဲ၊ စစ်အာဏာသိမ်း အစောပိုင်းကာလတွေလို၊ ၁၀၂၇ စစ်ဆင်ရေးကာလတွေလို ဘယ်လို နိုးကြားတက်ကြွမှုမျိုး ပေးနိုင်မလဲ အဖြေရှာကြည့်ဖို့ လိုအပ်နေတာ တွေ့ရတယ်။ စစ်မှုထမ်းပြဿနာဟာ စစ်မှုထမ်းစစ်သားတွေ ထွက်ပေါ်လာမှ ဖြေရှင်းတာထက်စာရင် ဂိမ်းကို ဒီ့ထက်မြင့်တဲ့ အဆင့်တနေရာကနေ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ် ဆိုတဲ့သဘောကို ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။
‘စစ်မှုထမ်းနဲ့ TNLA’
အနှစ်ချုပ်တော့ စစ်မှုထမ်းပြဿနာကို စစ်သားဖြစ်မလာခင် အဆင့်တခုကနေ ကြိုတင် ဖြေရှင်းနိုင်မလား အဖြေရှာဖို့လိုမယ်။ TNLA ကို MNDAA လိုမဖြစ်အောင် ဘယ်လို ကူညီပံ့ပိုးနိုင်မလဲ စဥ်းစားကြည့်ဖို့လိုမယ်။ TNLA ပြီးရင် တရုတ်ရဲ့ နောက်ခြေလှမ်းဟာ ကချင်ဖြစ်ပြီး အဲဒီကမှ အေအေဆီကို ပုံစံတမျိုးမျိုးနဲ့ အရောက်သွားနိုင်ပြီဆိုရင် တော်လှန်ရေးကို ထိန်းချုပ်နိုင်ပြီလို့ တရုတ်တွေ ယူဆနေပုံပေါ်တယ်။ ဒီအယူအဆက တရုတ်အတွက် အီးအေအိုတွေပေါ်ပေးမယ့် ရေရှည် ပထဝီနိုင်ငံရေးဖိအားနဲ့ မဟာဗျူဟာဖြစ်နိုင်ပြီး ရွေးကောက်ပွဲက ကြားအဖြေတခုကို ရှာဖွေတဲ့ နည်းဗျူဟာဖြစ်တယ်လို့ သုံးသပ်ကြည့်မိတယ်။
Be the first to comment