
“မျက်နှာဖုံးများရှင်”

၉၀ နှစ်ကာလများက တရုတ်ပြည်မရဲ့ လှိုင်းသစ် ရုပ်ရှင်တွေဟာ အားရဖွယ်ရာ ကောင်းလွန်းလှတယ်။ ခေတ်ဆိုးအဖုံဖုံကို ဖြတ်သန်းပြီး ကြီးပြင်းလာကြတဲ့ ပဉ္စမမြောက် မျိုးဆက်သစ်တွေအနေနဲ့ ဒဏ်ရာတလှေကြီးကို သယ်ယူလာပြီးမှ ပိတ်ကားပေါ်ကို ပစ်ချလိုက်သလို ခံစားရတယ်။ ဒီလိုထဲမှာ ရှေးရိုးဆန်လှတဲ့ တရုတ်ပြည် ရိုးရာအစဉ်အဆက်များရဲ့ ကောင်းမွေ၊ ဆိုးမွေတွေ၊ အရိုးစွဲ ဓလေ့ထုံးတမ်းတွေ၊ နိုင်ငံရေးစနစ် အပြောင်းအလဲများနဲ့အတူ ကြုံကြိုက်ခံစားရတဲ့ ဆင့်ကဲ လူနေမှုဘဝ အကြောင်းအရာတွေ။ ယင်းပြယုဂ်တွေကို အဲဒီခေတ်မျိုးဆက်က ရိုက်ကူးသရုပ်ထင်မှု အားကောင်းလှတဲ့ Chen Kaige၊ Zhang Yimou၊ Tian Zhuangzhuang၊ Wu Tianming စတဲ့ ဒါရိုက်တာများရဲ့ ရုပ်ရှင်လက်ရာတွေမှာ အထင်းသား တွေ့မြင်နိုင်ပါတယ်။
ဒီလိုထဲကမှ Wu Tianming လက်ရာတွေကို ကြည့်ရတော့ သူရို့ခေတ်ပြိုင် ဒါရိုက်တာများနည်းတူ လွန်လေပြီးခဲ့သော ကာလများထဲက သရုပ်ကိုပဲ ပြန်လည် ဆေးခြယ်တာ ဖြစ်ပေမဲ့လည်း နူးညံ့သိမ်မွေ့တဲ့ ဖော်ပြမှုတွေနဲ့ပဲ ကျနော်တို့ ရှုမြင်ရတာဟာ ဆင်ဆာအရလည်း ဖမ်းဆုပ်နှိမ်နင်းရဖို့ မဖြစ်နိုင်တဲ့ သိသာသိစေ မမြင်စေနဲ့ စကားလို အတွင်းသားများထဲက ဒဏ်ရာတွေကို မြင်ကြရတာပါပဲ။ သူတို့တွေ ရင်ဘတ်တူ ဘော်ဒါတွေဖြစ်ကြတဲ့ ကျန်းရိမူတို့နဲ့အတူ ရုပ်ရှင်လှိုင်းသစ်ကို စိတ်ခွန်အားအပြည့်အဝနဲ့ အရုပ်ထင်စေခဲ့ကြတယ်။ ကျန်းရိမူကို ဒါရိုက်တာအဖြစ်သာမက မင်းသားအဖြစ် ပါဝင်စေတာလည်း သူပဲ။
ယင်းသို့သော သူ့ရဲ့ အမိုက်စား ရုပ်ရှင်လက်ရာတွေထဲမှာ The King of Masks (1996) ရုပ်ရှင်ဟာ ပိုလို့ ထင်ရှားလှပါတယ်။ သိရှိသူများအနေနဲ့ ပိုစတာချပ် ကို တွေ့လိုက်တာနဲ့တင် ပြပြကလေး စွဲထင်နေဆဲဖြစ်မယ့် မျက်ရည်အခိုးအဖွဲ့ကလေးတွေကို မြင်ရစေမှာဖြစ်တယ်။ ရုပ်ရှင်တွေကြည့်ပြီး ငိုကြရတဲ့ ညတွေပြောတိုင်း ဒီရုပ်ရှင်ကလည်း အမြဲ မှတ်မှတ်ထင်ထင် ပါရှိနေမှာမျိုး ။ ဒါကြောင့်လည်း ကျနော်တို့တွေ တရုတ်ပြည်ရဲ့ အစဉ်အလာကြီးမားလွန်းလှတဲ့ ရုပ်ရှင် သမိုင်းကြောင်းတလျှောက်တွေကို ခြေရာပြန်ကောက်တိုင်း ပဉ္စမမြောက် မျိုးဆက်များရဲ့ လက်ရာက သူတို့ နဂါးငွေ့တန်းကြီးထဲမှာ အတောက်ပဆုံး စီချယ် လင်းလက်နေမယ့် ကြယ်တံခွန်များ ဖြစ်ပေလိမ့်မယ်။ ဒီလိုထဲမှာ ယခုရုပ်ရှင်ကိုလည်း ပယ်နုတ်ထားလို့ ရမှာမဟုတ်။
ဇာတ်လမ်းကြောင်းကို ပြန်ကောက်ရသော် ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင်က တရုတ်ပြည်ရဲ့ နှစ်ကာလများကို အခြေခံပါတယ်။ တိုင်းပြည်ရဲ့ မငြိမ်သက်နေမှုအရ ယင်းဂယက်က ပြည်သူတွေအပေါ်မှာပဲ ရိုက်ခတ်ပြန်ပါတယ်။ ဆင်းရဲမွဲတေမှုတွေ အထပ်ထပ်နဲ့ တရုတ်လူနေထုကြီးဟာ ယင်းနှစ်ကာလများထဲမှာ ကြပ်ခိုးမြူများနဲ့ နှစ်ပရိစ္ဆေဒကြာအောင် စွဲနေတဲ့ မီးဖိုချောင်များထဲက ပင့်ကူမျှင်တွေနဲ့ တူလှတယ်။ အများစုက ရရာစားဘဝနဲ့ ကျင်လည် ဖြတ်သန်းရတယ်။ သားသမီးတွေ ရှိကြပေမဲ့ လောက်ငအောင် မကျွေးမွေးနိုင်ကြတော့တဲ့အခါမှာ ဝယ်ပါ ယူပါ မွေးစားပါ တစာစာနဲ့ ရောင်းချနေကြတဲ့ ကလေး ဈေးရောင်းပွဲတော်ကြီးကိုလည်း တွေ့ရတယ်။ ဘဝရဲ့ လောကဓံသရုပ်ကို နားမလည်ကြသေးတဲ့ ကလေးငယ်လေးတွေမှာတော့ ထပ်ဆင့်ဝယ်ယူရင်း အမြတ်တင် ရောင်းစားဖို့ ဈေးတင်နေတဲ့ သူလား၊ သူ့ဖခင်ရင်းလား၊ မိခင်ရင်းလား တတ်အပ်မသိနိုင်တော့တဲ့ အဲဒီလူတွေရဲ့အောက်မှာ အပြစ်ကင်းစင်တဲ့ မျက်လုံးကလေးတွေနဲ့ ငေးကြည့်နေကြတယ်။ အများစုက အင်္ကျီအဝတ်အစားပင် ထွေးထွေးလုံလုံ မရှိကြ။ စီးစရာဖိနပ်ဆို ဝေးလို့။ နှင်းတွေနဲ့ သိပ်သိပ်သည်းသည်းကျနေတဲ့ အရိုးကွဲမတတ် အေးတဲ့ ရာသီသမုဒ်ပြင်ကြီးထဲမှာ ဒီကလေးငယ်လေးတွေဟာ ဘယ်လိုများ အသက်ဆက်ပြီး ရှင်သန်ကြပါ့မလဲ။ တချို့ကလေးတွေကတော့ ရောင်းချမယ့်သူက သင်ပေးထားလို့နေမှာပေါ့။ မပီကလာ ပီကလာ အသံလေးတွေနဲ့ ဝယ်ပါ ယူပါ တစာစာ အော်နေကြတယ်။
မျက်လှည့်ဆရာကြီး Wang ရဲ့ဘဝမှာ မိသားစု ပျက်သုဉ်းခဲ့တာ ကြာခဲ့ပါပြီ။ သားကလေးမွေးခဲ့ပေမဲ့ အဖျားကပ်ဆိုးကြီးထဲမှာ ထည့်ပေးလိုက်ရတယ်။ နောက်ထပ် သားသမီးလည်း အဖတ်မတင်တော့ဘဲ ဇနီးသည်ကလည်း သူ့ကို ထားရစ်ပြီး ဘဝရဲ့ ဟိုမှာဘက်ဆီကို ခရီးဆက်ခဲ့ပြီ။ သူလည်း မီးစာကုန် ဆီခမ်းတော့မယ့် အရွယ်မို့ မွေးစားသားကလေး တယောက်တော့ လိုချင်လှတယ်။ သူတတ်ထားတဲ့ ပဉ္စလက်လှည့် အတတ်ပညာ၊ ဆက်ကပ် ဖျော်ဖြေခြင်း သရုပ် ပညာ စတာတွေကို ချန်ထားရစ်ခဲ့မှဖြစ်မယ်။ ဒီအတိုင်းသေသွားခဲ့ရင် သူနဲ့အတူ စုံးစုံးမြုပ်သွားချည်ရော့မယ်လို့ သူတွေးတယ်။ သူ့ကို ထူးချွန်တဲ့ ပညာသည် မှန်းသိလို့ မင်းစိုးရာဇာ လူကုံတန်အသိုင်းအဝိုင်းတွေထိ ပေါက်ရောက်တဲ့ သဘင်သည်တယောက်ကလည်း သူတို့နဲ့ တူယှဉ်တွဲ ဖျော်ဖြေဖို့ ကမ်းလှမ်းပေမဲ့ ပညာမာနကြီးလှသူမို့ လက်မခံ။ လမ်းဘေးမှာပဲ ဖျော်ဖြေရင်း ဘဝကို ကူးမြောက်ဖို့သာ ရည်သန်နေသူပေါ့။
ဒီလိုနဲ့ပဲ မွေခံ သားကလေးတယောက်လောက် လိုချင်ရှာလို့ ကလေးဈေးကွက်ကနေ အသက် ရှစ်နှစ် ကိုးနှစ် အရွယ်လောက်ရှိမယ့် သားကလေးတယောက်ကို ဝယ်ယူလာခဲ့တယ်။ အဖိုးကြီးမှာ မွေးစားသားကလေး ရလာတော့ ပျော်နေပြီ။ သားကလေးက ချစ်စရာ့ရုပ်ရည်ကလေးနဲ့ စကားကလည်း တီတီတာတာ ပြောတတ်သေးတယ်။ မြစ်ဆိပ်နံဘေးမှာပဲ လှေကလေးကို အိမ်လုပ်ပြီးနေနေတဲ့ သူ့မှာ ခုညတွေမှာတော့ မွေးထားတဲ့ မျောက်ကလေးနဲ့ပဲ နှင်းကွဲညတွေကို ဖြတ်သန်းဖို့ မပျင်းရိအားတော့ဘူး။ မွေးစားသားကလေးကို သူတတ်ထားတဲ့ပညာတွေ သင်ပေးရဦးမယ်။ လူ့လောကအလယ်မှာ ရပ်တည်တတ်ဖို့ ပြောရေးဆိုရေး၊ နေတတ်ထိုင်တတ်ဖြစ်အောင် ဆုံးမသွန်သင်ရဦးမယ်။
အဖိုးကြီးမှာ ကြည်နူးပျော်ရွှင်စိတ်တွေ အပြည့်အဝရှိနေပေမဲ့ ယင်းရက်စွဲတွေက သိပ်ကြီး မကြာမြင့်လိုက်ရဘူး။ ခေါ်လာတဲ့ သားကလေးက ရွှေဂျိုးကလေးပါလာသူ မဟုတ်ဘဲ အယောင်ဆောင်ထားတဲ့ မိန်းကလေးလေး ဖြစ်နေတာပါတဲ့။ အဖိုးကြီးက ကြင်နာတတ်သူ စိတ်နှလုံးသား မွန်ရည်ပြည့်ဝသူ ဖြစ်ပေမဲ့လည်း ဘာပဲဖြစ်ဖြစ် ရှေးရိုးစွဲအမြင်တွေက မပျောက်နိုင်သေး။ သူ့အနေနဲ့က ခုလိုပညာရပ်တွေက ယောက်ျားတွေသာ တတ်သင့်တတ်အပ်တဲ့ ပညာလို့ မှတ်ယူထားတယ်။ စိတ်ပေါက်ပေါက်နဲ့ ကလေးမလေးကို ရိုက်မယ်ပုတ်မယ် ပြုမိတော့လည်း ကလေးမလေးက ကြူကြူပါအောင် ငိုရှာပြီး အရင် မွေးစားမယ့်သူတွေကလည်း သူ့ကို မိန်းကလေးမှန်းသိပြီး နှင်ထုတ်ခံခဲ့ရကြောင်းနဲ့ ခုအကြိမ်မှာတော့ ကြံရာမရ ယောက်ျားလေးလို့ လိမ်ညာမိတဲ့အကြောင်း ငိုယိုတောင်းပန်ရှာတယ်။
အဖိုးကြီးလည်း နောက်ဆုံးမှာတော့ နှင်မထုတ်ရက်တော့ဘဲ ပညာတွေသင်ပေးတော့တယ်။ ပညာတွေကတော့ ကလေးမလေးရဲ့ အရွယ်နဲ့မမျှအောင် ရှုပ်ထွေးနက်နဲတဲ့ အကြောင်းအရာတွေ။ အဲဒီထဲမှာမှ သူကလေး တတ်မြောက်နိုင်ဖို့ အခက်ခဲဆုံးဖြစ်မယ့် ပညာရပ်ကတော့ အဖိုးကြီးရဲ့ နာမည်အကြီးဆုံး ပဉ္စလက်လှည့် ပညာရပ်ဖြစ်တဲ့ ကခုန်နေရင်းနဲ့ မျက်နှာဖုံးလေးခုကို ခဏချင်း ပြောင်းလဲလိုက်တဲ့ အတတ်ပညာ။ တရုတ်လူမျိုးတွေ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြတဲ့ စစ်မှန်တန်ဖိုးကြီးသော ရိုးရာအမွေအနှစ် ပညာရပ်။ အဲဒါကို အတ္တစိတ်သက်သက်နဲ့ သူ သိမ်းပိုက်ယူငင်သွားလို့ မရ။ ဒီမျိုးဆက်ကလေးဆီမှာ လက်ဆင့်ကမ်းပေးခဲ့မှ ဖြစ်မှာ။
သို့ပေမဲ့လည်း သူ ယောက်ျားလေး မဖြစ်နေတဲ့အပေါ်မှာ မကျေနပ်နေတာကိုသိတဲ့ ကလေးမလေးက တရက်မှာတော့ သူ့ကြောင့်ပဲ ခရီးသွားအိမ်တိုင်အဖြစ် သဘောထားနေကြရတဲ့ လှေကလေးက မီးလောင်သွားတယ်။ အဖိုးကြီးလည်း စိတ်မထိန်းနိုင်တော့ဘဲ နှင်ထုတ်လိုက်တော့တယ်။ ကလေးမလေးမှာလည်း ထွက်ပြေးရင်း သူခိုးပွဲစားတွေလက်ထဲ ပြန်ရောက်တာကနေ သူ့ထက် သုံးလေးနှစ်အရွယ် ငယ်မယ့် မောင်ငယ်လေးတယောက်နဲ့ ဆုံလိုက်ရတယ်။ သူကလေးအတွက်တော့ ဝမ်းသာစရာပေါ့။ ခု မောင်ငယ်ကလေးကို ခေါ်သွားပြီး မွေးစားဖခင်ဆီကို ပေးလိုက်ရင် ဖိုးဖိုးကြီးလည်း စိတ်ပြေသွားမှာပဲဆိုပြီး အဲဒီကနေ စွန့်စွန့်စားစားနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဖိုးကြီးဆီကို ရောက်ရှိတဲ့အချိန်မှာတော့ ယောက်ျားသားလေးကို ခေါ်လာလို့ စိတ်ပြေသွားပေမဲ့ အဆိုးကြမ္မာတွေကတော့ မရပ်တန့်သေးပါဘူး။ အဲဒီသားကလေးက မင်းစိုးရာဇာ လူကုံတန်ထဲက သားသမီး ဖြစ်နေရာကနေ သူ့ကို ပြန်ပေးဆွဲပါတယ်ဆိုပြီး ဖမ်းဆီးသွားတော့တာပါပဲ။
ယင်းနောက်မှာတော့ အရွယ်နဲ့မမျှတဲ့ သောကတွေကို မျက်ရည်အလိမ်းလိမ်းနဲ့ ပိုက်ထွေးရင်း ကလေးမလေးခမျာမှာ မွေးစားဖခင်ကြီး လွတ်
မြောက်ဖို့အရေးအတွက် ကြိုးပမ်းရတော့တဲ့ ဇာတ်ထုပ်ဆိုပါတော့။
ဒါရိုက်တာဟာ သူတို့နှစ်ဦးကြားက ရင်နင့်နာကျင်ဖွယ် ဘဝခရီးကို တစိမ့်စိမ့် ပြသရင်းနဲ့ပဲ ခေတ်နဲ့ ဖိနှိပ်မှုသရုပ်ကို တူယှဉ်တွဲ ဖော်ပြပါတယ်။ ဇာတ်အိမ် ထဲမှာ ဝိုင်းဖွဲ့စားသောက်ဖို့တောင် မလောက်ငလောက်အောင် ဆင်းရဲတွင်းနက်ကြရတဲ့ တရုတ်လူမျိုးတွေရဲ့ ဘဝတွေ၊ ပြီးတော့ အမျိုးသမီးတွေရဲ့ တည်ရှိမှုဟာလည်း တဆင့်ခံအဖြစ်ပဲ လူ့အဖွဲ့အစည်းနောက်မှာ ရှိနေတာတွေနဲ့ လက်ထဲမှာ လူ_တ် လက်န_က် ကလေးတွေ ရှိနေတဲ့အခါမှာ ယင်းအခွင့်အာဏာ အားကိုးနဲ့ လမ်းဘေးမှာ မျက်လှည့်ပြပြီး သဒ္ဓါကြေးကောက်ခံတဲ့ အဖိုးကြီးတို့ကို နိုင်ထက်စီးနင်း ပြုကျင့်ကြတဲ့ ယူနီဖောင်းဝတ် စ_စ် သားတွေ။ ဓနရှင် လူတန်းစားရဲ့ အရေးအခင်း ဖြစ်မှသာ စွမ်းစွမ်းတမံ လိုက်ပါဆောင်ရွက်တဲ့ ဥပဒေ ဘက်တော်သားများရဲ့ ပြယုဂ် စလို့ အဲဒီ ဇာတ်ကွက်တွေကြားထဲမှာပဲ မျက်လှည့်ဆရာကြီးနဲ့ မွေးစားသမီးငယ်လေးတို့ နှစ်ဦးသားရဲ့ သရုပ်ထင် ဝင်စားမှုတွေက အင်မတန်မှ သဘာဝကျနနေတဲ့အခါမှာ ရုပ်ရှင်ကပေးတဲ့ သောကဗျာပါဒတွေဟာ အုံကြွ ထင်ရှားလာပါတယ်။
ကြည့်နေရသူ ကျနော်ကိုယ်တိုင်လည်း အဲဒီခေတ်ဆိုးကြီးထဲကို ရောက်ရှိသွားပြီး သူတို့နှစ်ဦးသားနဲ့အတူပဲ မျက်ရည်တွေ ရစ်ဝဲလာရတယ်။ မိုးနှင်းတွေ မြူတွေနဲ့ နေ့မှန်းမသိ ညမှန်းမသိ အုံ့ဆိုင်းနေတဲ့ ရက်တွေထဲမှာ အစွန့်ပယ်ခံ ကလေးမလေးခမျာမှာ စီးစရာ ဖိနပ်တောင်မပါဘဲ လျှောက်သွားနေခဲ့တာ။ ဒီကာလထဲမှာ သူကလေးလို ဘဝမျိုးနဲ့ လူ့အဖြစ်ကို ဆက်လက်တက်လှမ်းဖို့ မရေမရာ ဖြစ်နေရတော့မယ့် ကလေးငယ်လေးတွေဟာ ဘယ်မျှ ရှိခဲ့လေမလဲ။ ပြီးနောက်မှာ ဆက်လက်ရင့်မှည့်မလာတော့ဘဲ သီးကင်းကလေးကြွေသလို ပျောက်ကွယ်သွားရတော့မယ့် အရွယ်တွေ ဘယ်လောက်အထိ ရှိနေမလဲ။ ပြကွက်ထဲက ရရာစားနဲ့ သွားလာနေကြတဲ့ လူအုပ်ကြီးကိုကြည့်ရင်း မောလာတယ်။
မျက်လုံးဝိုင်းဝိုင်း၊ နှုတ်ခမ်းပါးပါး၊ မေးရိုး ချွန်ချွန်ကလေးနဲ့ ချစ်စဖွယ် ရုပ်ရည်ကလေးရှိတဲ့ ဒီကလေးမလေးကို မြင်ရတိုင်း ဘယ်သူမဆို ချစ်မိကြမှာ၊ သနားမိကြမှာ အသေအချာ။ ဒီလိုမျိုးမှာပဲ သူ့ဘဝရဲ့ ကောက်ရိုးတမျှင်ဖြစ်တဲ့ အဖိုးကြီးဖြစ်သူ အဖမ်းခံလိုက်ရတော့ ထပ်တူ ခံစားနေရတဲ့ ကျနော်တို့ ဘဝင်မှာလည်း ဆို့နင့် ကြေကွဲရပါတော့တယ်။ ကမ်းစပ်က လှေကလေးနားမှာ မျောက်ငယ်ကလေးနဲ့ပဲ ဆောက်တည်ရာမဲ့စွာ ထိုင်နေရင်း အဖိုးကြီးနာမည်ကို အော်ဟစ်မြည်တမ်းပြီး တစာစာ ငိုနေရှာတဲ့ သမီးကလေး။ သွားရဦးမယ့် ဘဝခရီးအတွက် ဘယ်သို့ဘယ်ပုံများ ရှေ့ဆက်ပါမည် မသိ။
(ရုပ်ရှင် Title အဖြစ် ဖော်ပြထားတဲ့ The King of Masks ခေါင်းစဉ်အဓိပ္ပါယ်ဟာ bian lian လို့ အမည်သညာရှိတဲ့ အင်္ဂလိပ်မူအရ ရုပ်ပြောင်းရုပ်လွှဲပညာ (Face Changing) လို့ အဓိပ္ပါယ်ရတဲ့ လက်လှည့်ပညာရပ်ကို တင်စားဖော်ပြလိုတာ ဖြစ်ပါတယ်။ ယင်း ပညာရပ်ကို တရုတ် ဂန္ထဝင် ပြဇာတ်တပုဒ်ဖြစ်တဲ့ ဆီချွမ် တေးသရုပ်ဖော်ကဏ္ဍထဲမှာ ထည့်ဝင်အသုံးပြုခဲ့တာ ဖြစ်တယ်။
ဆီချွမ် ပြဇာတ်ထဲမှာ နာမည်အကျော်ကြားဆုံး ဖျော်ဖြေရေးကကွက်အဖြစ် မျက်နှာဖုံး လေးမျိုး ပြောင်းလဲခြင်းပညာဟာ လူကြိုက်များ ထင်ရှားတယ်။ ယင်းပြကွက်ဟာ ပဉ္စလက်ဆန်လှပြီး ကပြနေရင်းနဲ့ပဲ ကာရိုက်တာအလိုက် မျက်နှာပေါ်မှာ ဖုံးထားတဲ့ မျက်နှာဖုံးတွေကို တမုဟုတ်ချင်း ပြောင်းလဲလိုက် တာဖြစ်တယ်။ စာတွေအရတော့ အဲဒီပညာရပ်ကို တရုတ်နိုင်ငံရဲ့ ရိုးရာအမွေအနှစ်အဖြစ် တန်ဖိုးထားကြပြီး တရုတ်လူမျိုး မဟုတ်သူများအား သင်ကြားပေးမှု မပြုရတဲ့အထိ ကာကွယ် ထိန်းသိမ်းထားကြတယ်လို့ ဆိုပါတယ်။ ယခု ရုပ်ရှင်ထဲမှာလည်း ယင်းပညာရပ်ရဲ့ တန်ဖိုးကြီးမားပုံကို ရှုမြင်ကြရမှာ ဖြစ်ပါတယ်။)
ရုပ်ရှင်ရည်ညွှန်း – The King of Masks Chinese Movie (1996)
Be the first to comment