2
ညီလင်းအိမ်
‘မျက်ရည်စစ်ပွဲ’

ဒီရုပ်ရှင်ကလည်း ဗီယက်နမ်စစ်ပွဲအခြေခံရုပ်ရှင်ထဲက အကောင်းဆုံး ရုပ်ရှင်ကားတကားဆိုလည်း မှားမယ် မထင်ဘူး။ ဇာတ်လမ်းကလည်း တကယ့်အဖြစ်အပျက်ကိုပဲ ပြန်လည်အခြေခံထားတာ။ အမေရိကန်တပ်သားတွေက စစ်အတွင်းမှာ ဗီယက်နမ်သူတယောက်ကို ပြန်ပေးဆွဲ မုဒိန်းကျင့်ပြီးတော့ သတ်ဖြတ်ပစ်တဲ့ကိစ္စကို ပြန်လည်ရိုက်ကူးခြင်းဖြစ်တယ်။ Thriller ဖလင်တွေရိုက်ကူးရမှာ စပါယ်ရှယ်ပြောင်မြောက်လွန်းအောင် ဖန်တီးတင်ပြလေ့ရှိတဲ့ ဒါရိုက်တာကြီး ဘရိုင်ယန် ဒီ ပါလ္မာ က ခုရုပ်ရှင်မှာလည်း သူ့စတိုင်လ်အတိုင်းပဲ အရှိတရားကို ပြောင်မြောက်စွာ တင်ပြနိုင်အောင် ချဉ်းကပ်နိုင်ခဲ့တယ်။
သိကြတဲ့အတိုင်းပဲ ဒီအမေရိကန်ပါဝင်တဲ့ ဗီယက်နမ်ပြည်တွင်းစစ်မှာ မြောက်ဗီယက်ကောင်းတပ်မကို အသာစီးရအောင် မနှိမ်နင်းနိုင်ခဲ့ဘူး။ တိုက်ပွဲအများစုတိုင်း ဘယ်ကပစ်လို့လှမ်းပစ်လိုက်မှန်းမသိတဲ့ သေနတ်ကျည်ဆန်တွေကြောင့် သေသွားရတာ။ ပြီးတော့ တောတောင်စိမ့်စမ်း ကောင်းမွန်ထူထဲလှတဲ့ ဗီယက်နမ်ရေမြေထဲမှာ တိုးတက်ခေတ်မီပါတယ်ဆိုတဲ့ အမေရိကန်ရဲ့နောက်ဆုံးပေါ်လက်နက်တွေ။ တိုက်လေယာဉ်တွေ။ ရဟတ်ယာဉ်ကြီးတွေနဲ့ လေကြောင်းပျံသန်းပြီး တိုက်ခိုက်ချေမှုန်းနိုင်စွမ်းဟာ ဗီယက်ကောင်းတွေရဲ့ တောတောင်ရေမြေသဘာဝအားကောင်းမှုကို အမှီသဟဲပြုထားတဲ့ ပြောက်ကျားစစ်ဗျူ ဟာကို တိုးမပေါက်ခဲ့ဘူး။ ဗီယက်ကောင်းတပ်သားတွေဟာ နေရာအနှံ့ လှိုဏ်ခေါင်းတွေ | ကတုတ်ကျင်းတွေကို ပုရွက်ကျင်းတွေလိုပဲ ဆက်သွယ်ဖောက်လုပ်ထားတယ်။ သူတို့သွားလာတာကို မြင်ရဖို့မရှိနိုင်။ တိုက်ခိုက်တော့မယ့်အချိန်မှ ဘွားခနဲပေါ်လာပြီး သူတို့ကို စနည်းနာတိုက်ခိုက်ဖို့ ရောက်ရောက်လာကြတဲ့ အမေရိကန်ခြေလျင်တပ်သားတွေကို အလစ်ထိုးနှက်တာဖြစ်တယ်။ ဒီအခါမှာ ခြေလျင်တပ်မက လေတပ်ကို အကူအညီတောင်းပြီး ရန်သူရှိရာကို ဗုံးကြဲတိုက်ခိုက်ခိုင်းပါတယ်။ ဒါပေမဲ့လည်း ထူထပ်လှတဲ့တောတောင်။ ရှည်လျားစွာဆက်သွယ်ဖောက်လုပ်ထားတဲ့ ကတုတ်ကျင်းတွေထဲကို ပြန်လည်ပျောက်ဆုံးသွားတဲ့အခါမှာ လေတပ်ရဲ့ပစ်ခတ်မှုတွေက အရာမရောက်တဲ့အပြင် စည်းဝိုင်းအတွင်းရောက်နေတဲ့ မိမိတပ်သားတွေမှာပဲ ဗုံးထိပြီး သေဆုံး ဒဏ်ရာရကုန်တာတွေဖြစ်ရတယ်။
စင်စစ် စစ်ပွဲတခုဖြစ်ပွားတဲ့အခါမှာ လူ့အခွင့်အရေးနဲ့အညီတိုက်ပါတယ်တို့ စစ်စည်းကမ်းကို လိုက်နာပါတယ် စတဲ့ တော်ကီတွေက ညနေခင်းထမင်းစားပြီးချိန် လွှင့်တဲ့ Channel တွေက ဆွေးနွေးစကားတွေမှာပဲ အဟုတ်ထင် ကြားရမှာဖြစ်ပေမယ့် တကယ့်စစ်ပွဲနယ်မြေအတွင်းထဲမှာတော့ အဲဒီစကားတွေဟာ ဟာသသက်သက်ပဲ ဖြစ်တယ်။ ဒီရုပ်ရှင်မှာဆိုရင် စစ်အတွင်း နိုင်ထက်စီးနင်းမှု နဲ့ သတ်ဖြတ်မှု တွေအကြောင်းကို ရင်နင့်ဖွယ်ရာ တင်ပြပေးထားတာဖြစ်တယ်။
ဆာဂျင်တိုနီ ဦးဆောင်တဲ့တပ်စုကလေးက နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ ဗီယက်ကောင်းရွာကလေးနား ရောက်နေတုန်းမှာ တပ်စုထဲထဲက တပ်သားတယောက်ဟာ မြောက်ဗီယက်ကောင်းတွေရဲ့ ပြောက်ကျားတိုက်ခိုက်ခံရမှု ကြောင့် ကျဆုံးသွားတယ်။ အဲဒီဖြစ်ရပ်အတွက် တိုနီတို့က ရွာကလေးအပေါ်အခဲမကျေနိုင်အောင် ဖြစ်နေတယ်။ ဒီရွာဟာ မြောက်ဗီယက်ကောင်းတွေအပေါ် ကျောထောက်နောက်ခံပေးနေတဲ့ရွာလို့ သတ်မှတ်လိုက်တယ်။ ဒီ့နောက်မှာတော့ သူတို့တပ်စုကို ရန်သူတွေကို စနည်းနာဖို့ တာဝန်ပေးခံရတယ်။ ယင်းညမှာပဲ တိုနီတို့ဟာ ငြိုးချက်သက်သက်နဲ့ အိပ်ပျော်နေတဲ့ရွာကလေးထဲကို ဝင်ရောက်ပြီးတော့ ဆယ့်ခုနစ် ဆယ့်ရှစ် အရွယ်လောက်ပဲ ရှိပုံရမယ့် ကလေးမလေးတယောက်ကို အတင်းပြန်ပေးဆွဲခေါ်လာခဲ့တယ်။ မအေကြီးနဲ့ညီမဖြစ်သူက အတင်းငိုယို တောင်းပန်နေတဲ့ကြားကပဲ တိုနီတို့ဟာ ဆဲဆိုရိုက်ပုတ်ပြီး ဆွဲခေါ်လာခဲ့တာဖြစ်တယ်။ သူတို့စိတ်ထဲမှာတော့ သူ့ကောင်ကို ချောင်းမြောင်းသတ်ဖြတ်တဲ့ရွာသားတွေ။ တဖန်ပြန်ခံစားစမ်းဆိုတဲ့ စိတ်ခံစားမှုနဲ့ ဖြစ်မှာပေါ့။
သူတို့ရည်ရွယ်ချက်က ဘာမှမရှိဘူး။ တောထဲမှာပဲ အလှည့်ကျ မုဒိန်းကျင့်မယ်။ ပြီးရင် သတ်ဖြတ်ပစ်မယ်။ ဒါပေမဲ့လည်း တိုနီတပ်စုထဲက အီရစ်ဆင်ကတော့ ဒီလုပ်ရပ်ကို သဘောမတူဘူး။ သူ့အနေနဲ့လည်း နိုင်ငံသားတူ အမေရိကန်တပ်သားတွေရဲ့ ပြု မူပုံတွေကိုလည်း နားမလည်နိုင်အောင် ဖြစ်နေရတယ်။ အနိုင်မရတဲ့ စစ်ပွဲအတွင်းမှာ အမေရိကန်နိုင်ငံသားများရဲ့ ဒီမိုကရေစီကျင့်စဉ် လိုက်နာခံယူမှု၊ နိုင်ငံကြီးသားပီသမှုတွေဆိုတာ တခုမှ ရှိမနေတော့တာ။ တပ်သားအများစုဟာ သွေးလေခြောက်ချားပြီး လူစိတ်လည်း ပျောက်နေကြပြီ။ တရားတာ မတရားတာတွေကိုလည်း ခေါင်းထဲရှိပုံမရတော့ဘူး။ စစ်ပွဲဆိုတဲ့ အရာဟာ ဘယ်လောက်ကြီးမြတ်ပါတယ်ဆိုတဲ့လူသားကိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ အရိုင်းသတ္တဝါအဖြစ်ကိုသာ တွန်းပို့လိုက်တာပါပဲ။ ကြားထဲက မဆီမဆိုင် အနိုင်ကျင့်နှိပ်စက်ခံရတာကတော့ လက်နက်မဲ့ပြည်သူတွေပေါ့။ ခုလည်း စစ်ပွဲရဲ့ဖျက်ဆီးလိုက်မှု အောက်မှာ လူစိတ်ပျောက်သွားပြီဖြစ်တဲ့ တိုနီတို့အုပ်စုဟာ လက်နက်အားကိုးနဲ့ နိုင်ထက်စီးနင်းလုပ်ပြီး သတ်ဖို့ဖြတ်ဖို့ပဲ အားသန်နေတော့တယ်။ စစ်ပွဲဆိုမှတော့ ဦးသူသတ်စတမ်း သတ်ဖြတ်နေကြတာပဲ။ ဆိုတော့ ဒီလို တရစပ်ဖြစ်နေတဲ့ သွေးထွက်သံယိုဖြစ်ရပ်များထဲမှာ ခုသူတို့ကျူးလွန်တဲ့ ပြန်ပေးဆွဲ မုဒိန်းကျင့်သတ်ဖြတ်မှု ဆိုတာ သာမန်ကိစ္စကလေးပဲလို့ သတ်မှတ်လိုက်ကြတဲ့ပုံပါ။
အီရစ်ဆင်မှာ ဖိနပ်လည်းမပါ ချောင်းတဟွတ်ဟွတ်နဲ့ သူတို့ဆွဲခေါ်ရာနောက်ကို လိုက်ပါနေရတဲ့ ဗီယက်နမ်သူကလေးကိုကြည့်ရင်း သနားကရုဏာသက်လို့ မဆုံးဖြစ်နေရတယ်။ ကောင်မလေးက ပိန်ပိန်သွယ်သွယ်နဲ့ မြင်မြင်ချင်း သနားကရုဏာသက်စေပြီး အပြစ်ကင်းလှတဲ့ ပီဘိနုနုနယ်နယ် အရွယ်ကလေး။ ဒီလိုကလေးမကလေးကိုမှ မညှာမတာနဲ့ ရိုက်ပုတ်နှိပ်စက်နေတဲ့ တိုနီတို့ကို ကြည့်ရင်း သူမှာနားမလည်နိုင်အောင် ဖြစ်နေရတယ်။ ခုစစ်ပွဲအတွင်းမှာ ဒီလိုဖြစ်ရပ်တွေ ဘယ်လောက်တောင် ဖြစ်ပြီးခဲ့ပြီလည်း မသိနိုင်ဘူး။ တိုနီတို့ဟာ ဘယ်လိုအမုန်းတရားစိတ်တွေကို အစွန်းရောက်လက်ခံပြီး ဒီလို ကလေးမလေးကို ရက်ရက်စက်စက်ပြု မူရဲအောင် ပြောင်းလဲသွားပါလိမ့်။ အီရစ်ဆင်က ဒီလုပ်ရပ်ကို အပြင်းအထန်ကန့်ကွက်ငြင်းဆန်ချိန်မှာ တိုနီတို့ဟာ သူ့ရှေ့မှာပဲ ကလေးမလေးကို အလှည့်ကျ မုဒိန်းကျင့်ကြတယ်။ ရိုက်ပုတ်နှိပ်စက်ကြတယ်။ အီရစ်ဆင်ခမျာမှာ အဝတ်အစားတွေစုတ်ပြဲပြီး သွေးအလိမ်းလိမ်းနဲ့ ဖျားနာနေပြီဖြစ်တဲ့ ဗီယက်နမ်သူလေးကို ကြည့်ရင်း မျက်ရည်တွေရစ်ဝဲနေတယ်။ အပြင်ကိုခေါ်ပြီး ထွက်ပြေးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး မို့လား။ သူ့အနေနဲ့ စစ်ဆက်တိုက်ဖို့လည်း စိတ်မပါတော့ဘူး။ ဒီစစ်ပွဲဟာ ဘာအဓိပ္ပါယ်မှမရှိလှဘူးဆိုတာကို မြင်သိခံစားမိသွားတဲ့အနေအထားပဲ။
အဲဒီဇာတ်ဝင်ခန်းတွေမှာ ကြည့်ရသူ ကျနော်တို့ပရိသတ်တွေမှာလည်း အီရစ်ဆင်နေရာကနေ သနားဖွယ်ရာကောင်းလွန်းလှတဲ့ကလေးမလေးကိုကြည့်ပြီး မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ အီရစ်ဆင်ရဲ့ရှု့ထောင့်ကနေပဲ ထပ်တူလိုက်ပါပြီး ဒီစစ်ပွဲဟာဟာ ဘာမှအဓိပ္ပါယ်မရှိတာ။ သူတို့ပါဝင်ပတ်သက်သမျှဟာလည်း ဘာမှအကျိုး မဖြစ်ထွန်းတာ။ ဘယ်လိုကောင်းကျိုး တစုံတစ်ရာမှဖြစ်လာဖို့မရှိတဲ့ လူသတ်ပွဲ သက်သက်တွေသာ ဖြစ်တယ်ဆိုတာကို နားလည်ခံစားမိလာပါတယ်။ စစ်ပွဲအတွင်းမှာ ဒီလိုမကောင်းမှုတွေကို အထက်အရာရှိစစ်ဗိုလ်တွေကအစ မျက်စိမှိတ်ပေးထားကြတယ်။ သူတို့လည်း ငါတို့တပ်သားတွေကို နှိပ်စက်သတ်ဖြတ်သေးတာပဲ။ ငါတို့တပ်သားတွေကလည်း တဖန်ပြန်ပြီးတော့ နှိပ်စက်သတ်ဖြတ်တာ ဘာဖြစ်လဲပေါ့ စလို့အဲသလို အနေအထားမျိုးနဲ့ မတရားမှုပေါင်းများစွာကို မျက်ကွယ်ပြု နေတာဖြစ်တယ်။ ဒါရိုက်တာ အော်လီဗာစတုန်းရဲ့ Platoon မှာလည်း ယင်းအနေအထားကိုသာ ပြသသွားတယ်။ ပြောက်ကျားချုံခိုစနစ်နဲ့ မိမိတို့တပ်သားတွေ သတ်ဖြတ်ခံရတဲ့အခါမှာ တပ်စုခေါင်းဆောင်တွေဟာ ရွာတွေထဲကို စစ်ကြောရေးဝင်ပြီးတော့ မိန်းမယောကျ်ားမရွေးချယ်ဘဲ ဝင်ရောက် သတ်ဖြတ်ပစ်ကြတယ်။ မိန်းမတွေကို မုဒိန်းကျင့်ဖို့ကြိုးစားကြတယ်။ အီရစ်ဆင်ကတော့ ဒီဖြစ်ရပ်ကို ဘယ်လိုမှ လက်သင့်မခံနိုင်လို့ တပ်စခန်းက ခေါင်းဆောင်တွေကို တင်ပြတော့လည်း လျစ်လျူ ရှုကြတယ်။ နောက်ထပ်တခုကတော့ တိုနီတို့ဟာ သူ့ကို ရေငုံနှုတ်ပိတ်ဖို့ ကြိုးစားလာကြတာပါပဲ။
ခုရုပ်ရှင်ထဲမှာ ကျနော်အံ့အားသင့်မဆုံးဖြစ်ရတဲ့ ဇာတ်ဆောင်တယောက်က တိုနီနေရာမှာ ဝင်ရောက်သရုပ်ဆောင်ရဲတဲ့ မင်းသားကြီး ရှောင်ပန်းန်းပါ။ ဆိုရရင် ခုဇာတ်ရုပ်ဆိုတာက ကြည့်ရသူအဖို့ အင်မတန်မှ ရွံရှာမျက်မုန်းကျိုးသွားစေမယ့် ဇာတ်ကောင်နေရာဖြစ်တယ်။ အဲဒီတုန်းက 1989 ဆိုတာ ရှောင်ပန်းန်အတွက် နာမည်ရခါစကာလကလေးပဲ ရှိပါသေးတယ်။ ဒါပေမဲ့လည်း ဇာတ်ကောင်စရိုက်ပီပြင်ဖို့သာ အလေးထားလေ့ရှိတဲ့ ရှောင်ပန်းဟာ ပရိသတ်ရွံတာမုန်းတာတွေအတွက်လည်း ခေါင်းထဲရှိပုံမရပါဘူး။ ခုရုပ်ရှင်ထဲမှာ သူဟာအကောင်းဆုံးဝင်ရောက်သရုပ်ဆောင်သွားတယ်။ ကြည့်ရင်းနဲ့တောင် ဝင်ရိုက်ချင်လောက်အောင် စစ်ပွဲရဲ့ဖျက်ဆီးမှုအောက်မှာ မကောင်းဆိုးဝါးအသွင်ဖြစ်သွားတဲ့ ဘာကိုမှအလေးအနက်မထားတဲ့ လူငယ်တယောက် အသွင်သဏ္ဍာန်ကို ပြောင်မြောက်အောင်လုပ်ပြနိုင်ခဲ့ပါတယ််။ ရှောင်ပန်းန်ဟာ ဒီလို ပရိုပီသမှု တွေကြောင့်လည်း ချက်ချင်းဟောလိဝုဒ်နယ်မြေမှာ ထိပ်တန်းသရုပ်ဆောင်ဖြစ်လာခဲ့တာ။ ရရှိဖို့ခဲယဉ်းလှတဲ့အော်စကာဆုကို နှစ်ကြိမ်တောင် ရရှိဆွတ်ခူးခဲ့တာဟာ မထူးဆန်းလှတော့ပါဘူး။ တကယ့်ကို ထူးချွန်လွန်းလှတဲ့ ပုဂ္ဂိုလ်တယောက်ပါပဲ။ ဗီယက်နမ်စစ်ပွဲအတွင်းက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ယခု အကြောင်းအရာတွေကို ဆရာလင်းယုန်မောင်မောင်ကလည်း တောင်ကုန်းအမှတ် ၁၉၂ ဆိုတဲ့ အမည်နဲ့ ဘာသာပြန် ထုတ်ဝေထားပါတယ်။ စာအုပ်ထဲမှာ ယခုအဖြစ်အပျက်တွေကို အသေးစိတ်ကျကျ ပိုပြီး တွေ့နိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ကျူးလွန်သူတွေကို တရားစွဲဆိုဖို့ ကြိုးစားကြတာတွေ စသဖြင့် ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ခုရုပ်ရှင်အပြီးမှာ လက်ရှိအချိန်အထိ ဖြစ်ပျက်နေတဲ့ စစ်ပွဲအတွင်းက အကျင့်ပျက် ဆိုးဝါးယုတ်မာမှုတွေကို ရှောင်းပိန်းန်က ဒီ တိုနီ ဆိုတဲ့ဇာတ်ကောင်နဲ့အတူ ထာဝရသိမြင်အောင် ကိုယ်စားပြု ထားရစ်ခဲ့နိုင်ပါတယ်။
ရုပ်ရှင်ရည်ညွှန်း- Casualties of War Movie ( 1989 )