“မျဥ်းများ”
မိုဃ်းဇက်သော်
(၁)
ဘယ်ရောက်နေလဲ ဆိုတဲ့အမေးကို နွံထဲမှာလို့ ဖြေလိုက်တယ်။ နွံထဲမှာ တအိအိ။ ဇွန်ပန်းရုံအနီး နွံထဲ၌ လှည်းဘီးကျွံနေသည်< လေးလွန်း၍ မတွန်းနိုင်ဘူးလား< ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
(၂)
နံရံဆိုတာမရှိရင် ကျနော်တို့မှာ ကြိုးစား ဖောက်ထွက်ချင်တဲ့စိတ် ရှိမှာမဟုတ်ဘူး။ အကာအရံ၊ အတိုက်အခိုက်တွေဆိုတာ သန်မာအောင် သွေးပေးတဲ့ မိတ်ဆွေကောင်းတွေပဲ မဟုတ်လား။
(၃)
တကယ်တော့ အားလုံးအတုတွေပါ။ အပြုံးအတု။ စာနာမှုအတု။ ကမ္ဘာအတု။ စကြဝဠာအတု။ စစ်တာက တခုတည်း။ ဒုက္ခစစ်စစ်တွေ။ နောက်ပြီး ဘုရားအတုတွေက ရောင်ခြည်တော် ပိုလွှတ်တတ်ကြောင်း မင်းကိုပြောပြချင်လိုက်တာ သူငယ်ချင်းရာ။
(၄)
အမှောင်။ ပေါလောပေါ်နေတဲ့ အမှောင်။ လှုပ်လေ မြုပ်လေ အမှောင်။ လူ့ဘဝဆိုတာ အမှောင်ပဲ။ ဘယ်ကလာခဲ့တာမှန်းမသိ၊ စဥ်းစားလို့မရ အမှောင်။ ဘယ်ကိုသွားမှာလဲ တွက်ဆလို့မရ အမှောင်။ ကျနော်ဟာ အမှောင်အကြောင်းကို အမှောင်ထဲမှာ တွေးနေမိတယ်။
(၅)
ဟောင်းနေတဲ့ စိတ်ကူးပုံရိပ်တွေနောက်မှာ မျှော်လင့်ခြင်းတွေရှိတယ်။ သစ်ရွက်တွေ တဖွဲဖွဲကြွေတယ်။ ပျင်းရိစရာ အလွန်ကောင်းပါတယ်။ ကျနော့်ကိုယ် ကျနော် ရှာမတွေ့ခဲ့တာ ဘယ်နှဘဝ ကြာခဲ့ပြီလဲ။ ဒါပေမဲ့ ဆက်ပြီး ကူးခပ်ချင် ပါသေးတယ်။ အမှိုက်တွေ၊ သံသယတွေ၊ အဖုအထစ်တွေ၊ အောင်မြင် ကျော်ကြားခြင်းတွေလည်း ပျင်းရိစရာ အလွန် ကောင်းပါတယ်။ ကျနော်ကကော ဘာလဲ။ ခင်ဗျားကကော ဘာလဲ။ အားလုံးဟာ ပြာပူတွေသာ။ မီးတောက်ထဲက ပြာနဲ့ မီးတောက်ဝေးဝေးက ပြာ။ ထူးပြီး မကွာခြားကြပါဘူး။ ငှက်တွေလို လေဆန်ကိုခွင်းရင်း ကိုယ့်ကိုယ်ကို မသေအောင်မွေးမြူရင်း အိမ်ပြန်ချိန်ကို အိပ်မက်မက်ရင်းပေါ့။
(၆)
အတွေးအခေါ်တွေ လေးလံထိုင်းမှိုင်းလွန်းတဲ့၊ ဖောက်လွဲဖောက်ပြန်နိုင်လွန်းတဲ့၊ ညစ်ထေးပွရောင်းလွန်းတဲ့ ကျနော့်ရဲ့ဦးခေါင်းကို ကျနော် ဓားတုံးတုံးနဲ့ လှီးဖြတ်ပြီး တိတ်တိတ်လေး ထွက်လာခဲ့တယ်။ အားလုံး အိပ်မောကျနေတဲ့ အချိန် မှာပေါ့။
ဘယ်ဆီအထိ ရောက်ဦးမှာလဲ။
ဘာတွေဖြစ်လာဦးမှာလဲ။
ဒရောသောပါး လူတွေ၊ ကားတွေ၊ ခွေးလေခွေးလွင့်တွေ၊ နတ်ဘုံနတ်နန်းလို့ ထင်နေသူတွေ ဖြည်းဖြည်းပေါ့။
နောက်ဆုံးတော့လည်း လူ့ဘဝဆိုတာ တယောက်ပါးစပ်ဖျားပေါ်တယောက် လှည့်စား ရှင်သန်ခဲ့ရရုံသာ။
ကျီးကန်းတကောင် အော်သံကြားမိရဲ့လား။ ဘယ်တော့မဆို “အား အား အား ဆိုတဲ့အသံပဲ” လူတွေလို မပလီ မာယာမများတတ်ပါဘူး။ လဲကျနေတဲ့ နှလုံးခုန်သံတွေကို ကူညီထူပံ့ရင်း တရွေ့ပြီးတရွေ့ ဆက်သွားကြရုံပေါ့။ နွေဦးပေါက်တော့မယ် မဟုတ်လား။
ရှင်သန်ဖို့ ရုန်းကန်နေတဲ့ စံပယ်ပင်လို ခြေကုပ်ယူလို့၊ တေးသမားလို တေးဖွဲ့လို့ ကျနော်တို့အရိပ်ဟာ တတ်နိုင်သမျှ ချိုခဲ့ကြရုံသာ။
လေးပင်နေတဲ့ နေ့တွေ၊ တရွတ်ဆွဲနေတဲ့ ညတွေ၊ အမောဖောက်နေတဲ့ ဥတုသုံးလီတွေ။
ကျနော် မပျော်တော့ပါ။
ဘယ်သူမှလည်း ပျော်လိမ့်မယ် မထင်ပါ။
အားလုံး အိပ်ရေးဝဝ အိပ်ချင်ကြပြီပဲလေ။
(၇)
တခါတလေတော့ တွေးကြည့်ဖူးတယ်။ လူဟာ မုန်တိုင်းတွေ၊ ငလျင်တွေနဲ့ ဖွဲ့စည်းထားတာပဲလို့။ ဘယ်သူမဆို အမြဲတစေ မုန်တိုင်းထန်လို့၊ အမြဲတစေ ငလျင်လှုပ်လို့။ မုန်တိုင်းပျော့အားနဲ့ ပြင်းအားတွေပဲ ကွာပါလိမ့်မယ်။ လေညင်းလေးတွေ တော်တော်ရှားပါးပါတယ်။ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် လေညင်းလေးပဲ ဖြစ်ချင်ပါတယ်။
၂၂၊ ၁၁၊၂၀၂၄
Be the first to comment