မျိုးဆက်တခုရဲ့ နှစ်နှစ်ဆယ်အကွာက ပုံပြင်

by The Call
50 views
◼️မောင်ဘိုး
နံရံကြီးမှာ ရေညှိတွေတက်နေတယ်။
နံရံကြီးမှာ အင်္ဂတေတွေကွာကျနေတယ်။
နံရံကြီးမှာ အုတ်ခဲတွေကျိုးနေတယ်။
နံရံကြီးရှေ့မှာ သူတောင်းစားတွေ ရှိတယ်။
နံရံကြီးရှေ့မှာ စျေးသည်တွေ အလေးခိုးကြတယ်။
နံရံကြီးရှေ့မှာ ကလေးတစု ကော်ရှူနေတယ်။
နံရံကြီးရှေ့မှာ ညဥ့်ငှက်မလေးတွေ မြှူခေါ်နေတယ်။
နံရံကြီးပေါ် တက်ခွထိုင်ပြီး ငါတို့ ဆော့ကစားခဲ့တယ်။
နံရံကြီးပေါ်ခုန်ကျော်လွှားပြီး ငါတို့ကျောင်းပြေးခဲ့တယ်။
နံရံကြီးပေါ် ခါးတောင်းကျိုက်တက်ပြီး သရက်သီးခူးခဲ့တယ်။
နံရံကြီးကိုမှီပြီး အုပ်စုဖွဲ့ ဂစ်တာတီးခဲ့ဖူးတယ်။
နံရံကြီးကိုမှီပြီး ကျောင်းအပြန်လမ်းက ကတ္တီပါဖိနပ်ရှင်ကို စောင့်ဖူးတယ်။
နံရံကြီးကိုမှီပြီး တယောက်ခါးတယောက်ဖက်
အနမ်းချင်းထပ်ခဲ့တယ်။
နံရံကြီးကိုမှီပြီး ဘယ်သူမှမမြင်အောင် ခိုးငိုဖူးတယ်။
နံရံကြီးကိုမှီပြီး မှတ်တိုင်မရပ်ဘဲ မောင်းပြေးသွားတဲ့ ဘတ်စ်ကားကို အားရပါးရဆဲခဲ့တယ်။
နံရံကြီးကို သေးနဲ့ပန်းခဲ့ဖူးတယ်။
နံရံကြီးကို သံချောင်းနဲ့ကုတ်ခြစ်တယ်။
နံရံကြီးကို နှာချေးနဲ့သုတ်ပစ်တယ်။
နံရံကြီးထဲ ကြွက်တွေသိုက်ဖွဲ့တယ်။
နံရံကြီးထဲ ပိုးမွှားတွေအိမ်ဆောက်တယ်။
နံရံကြီးထဲ နားရွက်ဘယ်နှစုံရှိမလဲလို့ ရူးကြောင်ကြောင် တွေးဖူးတယ်။
နံရံကြီးပေါ်မှာ “We Want Democracy” ရေးခဲ့တယ်။
နံရံကြီးပေါ်မှာ “မင်းအောင်လှိုင် မအေလိုး” ရေးခဲ့တယ်။
နံရံကြီးပေါ်မှာ ခွပ်ဒေါင်းရုပ်ပုံ ဆေးခြယ်ခဲ့တယ်။
နံရံကြီးကို အားပြုကိုင်ရင်း သွေးတွေနဲ့ လူတယောက် ဒဏ်ရာရနေတယ်။
နံရံကြီးပေါ် သွေးတွေစွန်းတယ်။
နံရံကြီးကို ငါတို့ခေါင်းနဲ့ အကြိမ်ကြိမ် ဆောင့်တိုက်ခဲ့တယ်။ တနေ့ ပြိုကွဲရမယ် ယုံကြည်ချက်နဲ့။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment