2
နွေဦးနေ
‘မျှော်သူ’
(က)
“ဝုန်း” ခနဲအသံကို ဖိုးလေးထွန်းမြိုင် ကြားလိုက်တော့ ညသန်းခေါင်ကျော်ရှိရော့မယ်။ အသက်ခုနစ်ဆယ်ကျော်မို့ သူ့မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်တယ်လို့မရှိ။ အိပ်ရင်လည်း ကြက်အိပ်ကြက်နိုးပဲ။ အစက ကြားရတဲ့အသံကို နွားဇောင်းထဲမှာ သူ့ခြံပေါက် ငညိုကြီးတို့ညီနောင် ခွေ့နေကြတယ် ထင်လိုက်တာ။
“ဟေ့ ကျော်တင့်တို့ ထကြစမ်း”လို့ သားနဲ့ ချွေးမကို နှိုးမယ်လုပ်ပြီးမှ အသာငြိမ်နေလိုက်တယ်။ အသာငြိမ်နေလိုက်တာက ကြားရတဲ့အသံကို သံသယဖြစ်သွားလို့။ အသံက နွားနှစ်ကောင်ခွေ့တာလောက်သာမဟုတ်တဲ့ ထိတ်လန့်စရာအသံကျယ်ကြီး။ နောက်ပြီး အသံနဲ့အတူ ပါလာတဲ့အရှိန်က သူ့ ခုတင်ရော၊ သူတို့သွပ်မိုးအိမ်လေးရော သိမ့်သိမ့်တုန်သွားတဲ့အထိ မဟုတ်လား။
သူ့အတွေးမဆုံးလိုက်ဘူး။ ကျော်တင့်တို့လင်မယား ဆိုလာဓာတ်မီးလေးတဝင်းဝင်းနဲ့ သူတို့အခန်းထဲက ထွက်လာတယ်။
“အဖေ… နိုးသွားလား။ မထသေးနဲ့ဦး။ ကျုပ်အခြေအနေတချက် ကြည့်ဦးမယ်”
ကျော်တင့်က သူ့ကိုပြောပြီး အိမ်အပြင်ထွက်သွားတယ်။ တအောင့်ကြာတော့ အလောတကြီး ပြန်ရောက်လာတယ်။ လူကလည်း ထိတ်ထိတ်ပျာပျာနဲ့။
“အဖေရေ၊ မိစန်းရေ… မြန်မြန်လုပ်ကြ။ ရွာအနောက်ပိုင်းမှာ မီးတွေစလောင်နေပြီ။ အပေါ်က ချသွားတာနေမယ်။ အပေါ်က အသံတွေတော့ ကြားနေရတုန်း။ ဖုန်းလိုင်းတွေလည်း ပြတ်နေပြန်ပြီ။ မီးလည်းမထွန်းကြနဲ့။ အလင်းရောင်မြင်လို့ မဖြစ်ဘူး”
ငါးဆယ်ကျော် အရွယ်တွေပေမယ့် ကျော်တင့်တို့လင်မယားနှစ်ယောက်စလုံး သွက်လက်နေတုန်း။ အရင်ထဲက အသင့်ပြင်ထားတဲ့အထုပ်လေးတွေ လှည်းပေါ်တင်ကြတယ်။ အမှောင်ကြီးထဲမှာ နွားတွေဆွဲပြီး လှည်းကောက်ကြတယ်။ ကျော်တင့်က သူ့ကို ပွေ့ချီပြီး လှည့်းပေါ်တင်ပေးတယ်။ ပြီးတာနဲ့ လှည်းကို ကသောကမျော မောင်းထွက်လာကြတယ်။ အမှောင်ထုကြီးထဲ တဂျောင်းဂျောင်း၊ တအီအီလှည်းသံကြားနေရတာနဲ့ ချောက်တွေထဲ လှည်းဘီးကျတိုင်း လှည်းဝါးကြမ်းခင်းနဲ့ တင်ပါးဆောင့်လို့ အသားနာသွားတာတွေသာ မရှိရင် ဒါအိပ်မက်လို့ သူ မှတ်ယူမိမှာ။ အခုက တကယ်ကြီးကြုံနေရတာ။ ပိုသေချာတာက အရှေ့ဘက်တောကို ထွက်တဲ့လမ်းမ ရောက်တော့ သူတို့လိုပဲ အိမ်တိုင်းလိုလိုက လှည်းတွေကောက်မောင်းပြီး ထွက်လာကြတာနဲ့ ဆုံတော့တာပဲ။ ဆိုင်ကယ်တွေနဲ့ ပြေးသူတွေလည်း အများကြီးရယ်။ လှည်းတွေပေါ်က မိန်းမတွေရဲ့ ဘုရား တ,သံ၊ ငိုကြွေးသံ၊ ကလေးငယ်တွေရဲ့ အထိတ်တလန့်ငိုသံတွေကို ကြားနေရပြန်တယ်။ လှည်းတွေဘေးကနေ ပြေးလိုက်နေတဲ့ ခွေးတွေကလည်း အူကြ၊ ဟောင်ကြ၊ မာန်ဖီကြနဲ့။ နာကြားဖူးတဲ့ တရားတော်တွေထဲက ငရဲခန်းတွေကို သူပြေးမြင်နေမိတယ်။ စိတ်မောစရာတခုက ကောင်းကင်ဆီကနေ သေမင်းတမန်တော် တဝီဝီအသံတွေကလည်း အဆက်မပြတ် ကြားနေရတုန်း။
“ဒီည မိုးမရွာလို့ တော်သေးတယ်တော်။ ရွာလို့ကတော့ ဒီ့ထက် ကသီလင်တဖြစ်ကြမှာ”
“ဟ… မိုးမရွာတာမှ ပိုဆိုးတာပေါ့ မိစန်းရ။ အခုလေက ဝှေ့တိုက်နေတော့ မီးက တရွာလုံး ကူးသွားနိုင်တယ်”
သားနဲ့ချွေးမ စကားကို သူ ဘာတခွန်းမှ ဝင်မပြောဘူး။ ရေငုံနှုတ်ပိတ်နေလိုက်တယ်။ သူ ဘာပြောရမှန်းလည်း စဥ်းစားမရဘူး။ ဘုရားစာရွတ်ချင်စိတ်လည်း အာရုံမရှိဘူး။ သူ့ ရွာဘက်ကို ပြန်မျှော်ကြည့်တော့ မီးတောက်တွေက ပိုမြင့်လာတာ မြင်ရတယ်။ ဒုက္ခသုက္ခတွေကြား ဒီအသက်အရွယ်ထိ ကောင်းလွန်းပါးလွန်းနေသေးတဲ့ သူ့မျက်စိနဲ့ နားအတွက်တော့ ကျေးဇူးတင်နေရတယ်။
ရွာနဲ့တတိုင်ကျော်ဝေးတဲ့ အရှေ့ထိန်ပင်ရိုးကို ရောက်တော့ သူတို့လှည်းဖြုတ်နားကြတယ်။
“အဖေ… လှည်းပေါ်မှာပဲ အိပ်နေဦး။ မနက်ကျမှ ပြန်သင့်၊ မပြန်သင့် အခြေအနေကြည့်ရဦးမယ်။ မိစန်း… နင်က တခြားလှည်းက မိန်းမဖော်တွေနဲ့ နွားစောင့်ရင်းနေခဲ့။ မီးတွေဘာတွေ မမွှေးကြနဲ့ဟေ့”
သားလုပ်သူရဲ့စကားကိုကြားတော့ သူ သက်ပြင်းမောတွေ ချမိတယ်။
“ငါ့သဘောကတော့ အသံဗလံတွေမကြားရတော့ရင် မင်းတို့ယောက်ျားသားတွေ ရွာပြန်ပြီး မီးဝိုင်းငြှိမ်းကြစေချင်တယ်”
“သွားကြမှာ အဖေ။ အခုနထဲက အခြေအနေ စောင့်ကြည့်ရအောင် ယောက်ျားသားတချို့ ရွာခြေမှာ နေခဲ့ကြတယ်။ အခု… ဒီမှာ တချို့ထားပြီး ပြန်သွားကြည့်မလို့”
သားဖြစ်သူထွက်သွားမှ လှည်းကြမ်းခင်းပေါ်မှာ သူ ကျောခင်းလိုက်တယ်။ မိုးသားမကင်းတဲ့ ထက်ကောင်းကင်မှာတော့ ပေါ်နိုင်သမျှ ကြယ်ကလေးတွေက အားယူပြီး လင်းချည်မှိန်ချည်နဲ့။ လှည်းပေါ်မှာ အကာအကွယ်မဲ့ပြီး လေစိမ်းတွေလည်းတိုက်နေတာမို့ ပါလာတဲ့ ချည်စောင်ကြမ်းကို သူ့ကိုယ်ပေါ် လွှမ်းလိုက်တယ်။ စိတ်ကိုလျှော့လိုက်တော့ သူ မှေးခနဲအိပ်ပျော်သွားတယ်။
(ခ)
“ထွန်းမြိုင်… ဟေ့ကောင်၊ ထဟ။ ရွာလေးမှာ မီးလောင်နေလို့တဲ့။ မီးတောက်တွေက အခု တို့ရွာကကို လှမ်းမြင်နေရတာ။ ငါတို့ ကာလသားတွေ မီးသွားငြှိမ်းဖို့ မင်းလိုက်မှာလား”
သူ အိပ်ရာက ချက်ချင်းထထိုင်လိုက်တယ်။ ညမှောင်မှောင်ထဲ သူဘာမှမမြင်ရဘူး။ သတိပြန်ကပ်ကြည့်တော့ သူ့ကိုဓာတ်မီးနဲ့ ထိုးနှိုးနေတာ သူငယ်ချင်းအောင်မောင်းပဲ။ အောင်မောင်းပြောတဲ့ ရွာလေးဆိုတာ သူတို့ရွာအနောက်ဘက် နှစ်တိုင်လောက်ဝေးတဲ့ အိမ်ခြေသုံးဆယ်ကျော် ရွာသစ်ကလေး။
“ဟ… လိုက်ရမှာပေါ့။ နေဦး ကာလသားတွေကို မောင်းတီးပြီး လူစုပြီးပြီလား”
ထွန်းမြိုင်အမေးကို အောင်မောင်းက စိတ်မရှည်ဟန်နဲ့ ပြန်ဖြေတယ်။
“မင်းပဲ မနိုးတာမောင်။ မြန်မြန်လုပ်ကွ။ ဟိုမှာ… ကာလသားတွေ ရွာလမ်းဆုံကနေ စောင့်နေကြတယ်။ ဓာတ်မီးကိုယ်စီ၊ စက်ဘီးကိုယ်စီနဲ့။ လာ… မင်းငါ့ စက်ဘီးနဲ့ လိုက်ခဲ့။ ငါ့စက်ဘီးက ရှေ့မီးလဲကောင်းတယ်”
သူတို့ရွာက ကာလသားနှစ်ဆယ်ကျော် ရွာလေးဆီကို စက်ဘီး အကြမ်းနင်းသွားကြတယ်။ လမ်းတွေက ကျောက်လမ်း၊ သဲလမ်းပေမယ့် သူတို့က စက်ဘီးစီးကျွမ်းကြသူတွေ။
ရွာလေးကို သူတို့ရောက်တော့ မီးက လေးငါးခြောက်အိမ်မက ကူးနေပြီ။ မီးတောက်တွေက တရဲရဲနဲ့ အရှိန်တက်နေတယ်။ အညာရဲ့နွေရာသီမို့ အရာရာခြောက်သွေ့ပြီး လောင်စာတိုင်းက မီးကူးလွယ်နေတယ်။ ကံကောင်းတာတခုက ရေစည်လှည်းတွေ ရှိနေတာပဲ။ ရွာခံတွေက သူတို့အဖွဲ့ရောက်လာတော့ အားတက်သွားကြတယ်။ သူတို့လည်း ရေကို ပုံးတွေနဲ့ သယ်ပြီး ပက်သူပက်ကြတယ်။ မီးချိတ်မီးကတ်နဲ့ မီးစွဲနေတဲ့ သက်ငယ်မိုးတွေ ဖျက်သူဖျက်ကြတယ်။ တချို့က မီးလောင်အိမ်ထဲကနေ ပစ္စည်းတွေ ကူထုတ်ပေးကြတယ်။ သူက ရေတပုံးယူပြီး သူ့ကိုယ်သူ ခေါင်းကနေ ရေလောင်းချလိုက်တယ်။ ပြီးတော့ အပိုပါလာတဲ့ပုဆိုးကြမ်းတထည်ကို ရေပုံးထဲနှစ်ပြီး အိမ်တအိမ်ရဲ့ မီးစွဲခါစ မီးဖိုချောင်အဖီပေါ် တက်လိုက်တယ်။ အရှိန်ရနေတဲ့ မီးတောက်တွေကို ရေစိုပုဆိုးနဲ့ တဖုန်းဖုန်းရိုက်ငြှိမ်းတယ်။ မီးဖိုချောင်ပေါ် က မီးကို သူငြှိမ်းလိုက်နိုင်တော့ အိမ်မကြီးဆီ မီးဆက်မကူးတော့ဘူး။ အရုဏ်တက်ချိန်ရောက်တော့ မီးတွေအကုန်ငြိမ်းသွားတယ်။ သူတို့လည်း ခြေကုန်လက်ပန်း ကျလုလု ဖြစ်ကုန်တယ်။
“ကျေးဇူးတင်လိုက်တာ ငါ့တူတို့ရာ။ မင်းတို့လာကူလို့ ငါတို့အချိန်မီ ငြှိမ်းနိုင်တာ”
ရပ်မိရပ်ဖလူကြီးများက သူတို့ကို ကျေးဇူးစကားဆိုကြတယ်။
“မီးက ဘယ်လိုစလောင်တာလဲဗျ။ ပေါ့ဆမီးလား။ အခုလို နွေရာသီဆို ပိုသတိထားရမှာ” လို့ ထွန်းမြိုင်က ပြောလိုက်တော့ ရွာလူကြီးက ဝင်ဖြေတယ်။
“ငါတို့လဲ အဲဒါပြောနေကြတာ။ စလောင်တာက ရွာတောင်စက ပြောင်းရိုးပုံတွေလောင်တာ။ အဲဒီကနေ လေသင့်ပြီး တောင်ပိုင်းအိမ်တွေပေါ်ကူးလာတာလေ။ ညဘက်ကြီး ပြောင်းရိုးပုံတွေစလောင်တာ တယောက်ယောက်ရှို့လို့သာ လောင်တာလေ။ အဲဒီကိစ္စငါတို့ ဆက်စုံစမ်းမှာပါ။ ငါ့တူတို့ ရွာကြီးသားတွေကို တကယ်ကျေးဇူးတင်တယ်ဟေ့။ အရေးအကြောင်းဆို အခုလို စည်းလုံးကြတာလည်း အားရစရာပဲ။ အခုလဲ တန်းမပြန်ကြနဲ့ဦး။ တို့ရွာဦးကျောင်းမှာ မနက်စာကောက်ညှင်းပေါင်း ကျွေးစမ်းပါရစေဦး”
ထွန်းမြိုင်တို့ ဘယ်လိုမှ ငြင်းမရ၍ ဘုန်းကြီးကျောင်းမှာ ကောက်ညှင်းပေါင်းစားကြတယ်။ ပြီးတာနဲ့ မပြန်သေးဘဲ မီးလောင်အိမ်တွေ ရှင်းလင်းရေးထပ်လုပ်ပေးကြ၊ ယာယီနေစရာဆောက်လုပ်ပေးကြနဲ့ အဲဒီနေ့က ညနေမှ သူတို့ရွာပြန်ခဲ့တယ်။ အိမ်ပြန်ခရီးမှာ အောင်မောင်းက သူ့ကို စ,နောက်စရာတခု ရလာတယ်။
“ထွန်းမြိုင်တို့ကတော့ ကုသိုလ်ရ၊ ဝမ်းဝတာအပြင် စုတ်တွေလာဘ်တွေပါ ရခဲ့တာဟေ့”
သူက အောင်မောင်းစကားကို မကြားတော့ဘူး။
“နှမလေးတို့အိမ်မကြီးက အကိုထွန်းမြိုင်ကျေးဇူးနဲ့ မီးလွတ်ခဲ့ရတာ။ အကိုထွန်းမြိုင်ကျေးဇူး ဒီတသက်မမေ့ပါဘူးရှင်” လို့ အပြုံးချိုချိုနဲ့ သူ့ကိုပြောလာတဲ့ ရွာလေးသူမိန်းမပျိုလေး မြခင်ရဲ့ အသံပဲ သူ့နားထဲတဝဲလည်လည် ဖြစ်နေတယ်။
(ဂ)
လေတချက်ဝှေ့အတိုက်မှာ သူ့ကျောထဲ စိမ့်တက်သွားပြီး အိပ်ရာကနိုးလာတယ်။ သူ့စိတ်နဲ့ ခန္ဓာကိုယ်ကို ပစ္စုပ္ပန်နဲ့ တသားတည်းဖြစ်ဖို့ အချိန်ခဏ ပေးလိုက်ရတယ်။
“သြော်… မရှိတော့ဘူး။ အောင်မောင်း မရှိတော့ဘူး။ မြခင်လဲ မရှိတော့ဘူး။ ပြီးတော့ ငါတို့တုန်းကလို ကာလသား၊ ကာလသမီးတွေလဲ ကိုယ့်ရပ်ကိုယ့်ဇာတိကို မကပ်နိုင်ကြတော့ဘူး။ အင်း… ဒါပေမဲ့ ဒီကလေးတွေမှာလဲ ငါတို့တုန်းကလို အရေးကြုံရင် ကိုယ့်ရပ်ကိုယ့်ဇာတိကို ကူညီကြ၊ ဝိုင်းကြ၊ ဝန်းကြ စိတ်ဓာတ်တွေ ရှိကြဦးမှာပါပဲ။ အခုလဲ ဆုံးရှုံးသမျှ အပျက်အစီးတွေကို သူတို့အား၊ သူတို့အင်နဲ့ အစကနေ အသစ်ပြန်တည်ဆောက်နိုင်ကြဦးမှာပါပဲ” လို့ သူ တိုးတိုးကလေး ရေရွတ်ပြီး အားတင်းလိုက်တယ်။
အရှေ့အရပ်ဆီကို သူ မျှော်ကြည့်လိုက်တော့ အမှောင်ထုကလျော့ပါးလာပြီး လင်းရောင်ခြည်တို့ တစတစထွန်းလင်းတောက်ပလာတာ တွေ့ရတယ်။ မကြာခင် နေ့သစ်တနေ့ အစပြုတော့မယ်လေ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
