
‘မြစ်သေ’

ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။
လေးဘက်လေးလံက
ရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်
ဖြေဖျားနဲ့ထိုးဖွလိုက်
စကြာဝဌာထဲမှာ
ထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊
တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူး
ငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊
ပြာတွေနဲ့အတူကြွေကျသွားတုန်းက
ငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊
မြို့ပြက သွေးကြွေးမချန်ဘူး
ငါမရီနိုင်ဘူး
ငါမပြုံးနိုင်ဘူး
အိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီ
ငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊
ငါ့ညနေခင်းတွေအသံမပါတော့ဘူး
ငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့
ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲ
ငါ့လက်ခုတ်သံအကျယ်ဆုံးပဲ
ဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူး
ဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲ
ပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာ
စီးကရက်တွေကိုငါမီးညှိတယ်
Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့
သီချင်းတွေကိုဖွင့်ထားပြီး
လမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်
ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကို
ဘီယာအဖြစ်ပြောင်းပေးဖို့
ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်
မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာ
ငါ့လိုနာရီဝက်နေနိုင်ရင်
ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်
ဒီလိုဆိုတော့လည်း
ကိုယ့်တာဝန်ကိုယ်မယူနိုင်တာ
ရန်ကုန်တခုတည်းမဟုတ်ဘူး
ယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့
ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲ
သို့မဟုတ် မင်းလဲပစ် ငါလဲပစ်
အာဏာရှင်တွေကို အမြစ်ဖြတ်ပစ်လို့
ငါစတေးတပ်တကြောင်းရေးတင်မယ်
ငါတို့တော်လှန်ရေးက
အာနည်းနည်းချောင်ပြီး
ဖင်နည်းနည်းယားတယ်
ဖြာထွက်နိုင်သလောက်ပွင့်ပြခဲ့တဲ့
ပန်းတွေအကြောင်းသီကြွေးဖို့
မင်းရောငါရောတာဝန်ရှိတယ်
ဒါပေမယ့် ရောက်မလာသေးတဲ့
ဇာတ်ဝင်ခန်းတွေကိုမျှော်နေတုန်း
လှေကားတွေထပ်ရှည်လာတုန်း
အဆုံးအဆမဲ့ ငါပြုတ်ကျနေတုန်း
ကားတွေကြားထဲကနေ
တောအုပ်တခုထဲရောက်လာ
လူတွေသေနေတယ်
ဒီမြင်ကွင်းတွေကို
ငါမအံ့ဩတာ အံ့ဩဖို့ကောင်းတယ်
ဆဲဆိုသံတွေကြားကနေ
ကျေးလက်မြင်ကွင်းတခုကို ငါတွေ့တယ်
ငါစီးဆင်းတယ်
ငါရပ်တန့်တယ်
မြစ်သေတွေအများကြီးစီးကြောင်းတခုမှာ
စီးဆင်းတယ်။
၂၆ မေ ၂၀၂၁
KNU တပ်မဟာ ၇၊ ကရင်ပြည်နယ်။
Be the first to comment