“မြန်မာတောနက်ထဲက လျှို့ဝှက်ဆေးရုံ”
ထို့တပတ်
(Sky News သတင်းဌာန သတင်းထောက်ချုပ် Stuart Ramsey ရေးသားသည့် ‘Myanmar’s Secret Jungle Hospital’ ကို ဆီလျော်အောင် ပြန်ဆိုပါသည်။)
‘ကြောက်မက်ဖွယ် တိတ်ဆိတ်မှု’
တောနက်ကြီးက တိတ်ဆိတ်နေတယ်။ သစ်သားဘုရားတဆူအောက် ကြမ်းပြင်မှာ ခြင်ထောင်ပတ်ပြီး ကျနော် အိပ်ပျော်နေတယ်။ ကျနော့်ခြေရင်းဘက်မှာတော့ မြန်မာနိုင်ငံရဲ့လျှို့ဝှက်ဆေးရုံတခုကို ဖုံးကွယ်ထားတဲ့ ခပ်မတ်မတ်တောင်ကုန်းတခုရှိတယ်။
“လူနာတယောက် ထပ်ရောက်တယ်။ ခင်ဗျားလိုက်မလား” လို့ ဆရာဝန်က ကျနော့်ကို တိုးတိုးမေးတယ်။ တလောကလုံး မှောင်ပိန်းနေတယ်။ တောနက် ထဲ လူရှိနေမှန်း စစ်တပ်ဂျက်လေယာဉ်တွေ မမြင်ရအောင် မီးတွေပိတ်ထားတယ်။
အဝတ်အစားအမြန်လဲပြီး ရွှံ့လမ်းအတိုင်း ကျနော်လိုက်သွားတယ်။ လိမ္မော်ရောင်စောင်အထူပတ်ထားတဲ့ လူငယ်တယောက်ကို လူနာတင်လှည်းပေါ်တင်ပြီး အရေးပေါ်ခန်းထဲ တွန်းသွားကြတယ်။ ကုသရေးအဖွဲ့က သူ့အသက်ကယ်ဖို့ အသည်းအသန်ကြိုးစားနေတယ်။ ဂိုးဒင်းရက်ထရီဗာလေးတစ်ကောင်ကတော့ ဘာတွေဖြစ်နေမှန်းမသိဘဲ ယာယီကုတင်အောက်မှာ အိပ်ပျော်နေတယ်။
လူနာကတော့ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်။ သူ့တကိုယ်လုံးမှာ လက်နက်ကြီးအစတွေ အပြည့်ပဲ။မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုခံရချိန်တုန်းက ဘုန်းကြီးကျောင်းမှာ သူအိပ်မောကျနေခဲ့တာ။ ဆေးတွေ သွင်းပြီးပြီ။ သူ့အခြေအနေ တည်ငြိမ်သွားပြီ။ သူ့အသက်ကို ထိန်းထားပေးတဲ့ ပတ်တီးတွေ ဖယ်ရှားချိန် သူညည်းလိုက်သံကပဲ တိတ်ဆိတ်မှုကို ဖြိုခွင်းနေတယ်။
‘ခပ်မိုက်မိုက် အာဏာဖီဆန်သူ’
အသက် ၃၇ နှစ်အရွယ် ခွဲစိတ်အထူးကု ဒေါက်တာမျိုးခန့်ကိုကိုက အစိမ်းရောင်အင်္ကျီဝတ်ပြီး သူ့အမှတ်တံဆိပ်လို့ပြောရမယ့် ကွင်းထိုးဖိနပ် စီးထားတယ်။ စတိုင်ကျကျနေတတ်တဲ့သူက မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ ရန်ကုန်က ထိပ်တန်းဆေးရုံတခုမှာ ခွဲစိတ်အထူးကုတာဝန်ယူခဲ့သူပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစပြီး ပြင်းထန်လာတဲ့တိုက်ပွဲတွေအတွင်း ဒဏ်ရာရရှိသူတွေကို ကုသပေးဖို့ တောနက်ထဲ သူပြောင်းရွှေ့လာခဲ့ပါတယ်။
သူ့ဆံပင်ကောက်ကောက်ကို ပန်းရောင်ဆိုးထားပြီး ပုံမှန်စည်းနေကျလို မစည်းထားဘူး။ ဓာတ်မီးပဲသုံးပြီး ဒဏ်ရာအခြေအနေသုံးသပ်နေတဲ့ သူ့အဖွဲ့နဲ့ သူပူးပေါင်းလိုက်တယ်။ ဆယ်ကျော်သက်လူငယ်လေးကို ကယ်ဖို့ ခွဲစိတ်မှုလုပ်ရမယ်။ အလင်းရောင်လိုတယ်။ မီးစက်နှိုးလိုက်တော့ သစ်သားတဲထက် နည်းနည်းပိုသာတဲ့ အရေးပေါ်ခန်းထဲ အလင်းရောင်ရှိလာတယ်။ လူငယ်လေးကိုတင်ထားတဲ့ လူနာတင်တွန်းလှည်းခွဲစိတ်ခန်းထဲဝင်ချိန်မှာ ခပ်စူစူးအလင်းရောင် ဖြာထွက်လာတယ်။ တံခါးပြန်ပိတ်သွားတယ်။
အသက်လုပွဲ။ အခြေအနေတွေက သူတို့ဘက် အလေးမသာပေမယ့် အံ့ဖွယ်ဖြစ်ရပ်တွေက ဒီလျှို့ဝှက်ဆေးရုံမှာဖြစ်နေကျပါ။
ရန်ကုန်ဆေးတက္ကသိုလ်တခုကပဲ ဘွဲ့ရခဲ့တဲ့ နောက်တဦးကဝောာ့ အသက် ၃၅ နှစ်အရွယ်ရှိ တော်လှန်ရေးနာမည် ဒေါက်တာဗင်းဆင့်အဖြစ်နဲ့ လူသိများသူပါ။ ဒီဆေးရုံကတော့ သူအလုပ်လုပ်တဲ့ ဒုတိယမြောက်ဆေးရုံ။
ပထမဆေးရုံက လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ကုသရေးအဖွဲ့တွေနဲ့ လူနာတွေကတော့ အံ့အားသင့်ဖွယ် အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ သူ့အမေကို သူဘာလုပ်နေလဲ၊ ဘယ်မှာရှိနေလဲဆိုတာ မသိစေချင်လို့ ရိုက်ကူးရေးမှာ သူနှာခေါင်းစည်းတပ်ပြီးပဲ ရိုက်ဖို့ ကျနော်တို့ကို ပြောတယ်။ သူ့အမေ ဘေးကင်းဖို့အတွက် သူကတော့ ဘယ်တော့မှ ပြောပြမှာမဟုတ်ပါဘူး။
“အဆင့်မီခွဲစိတ်ခန်း၊ ခေတ်မီကိရိယာတွေ ပိုများတဲ့ ဟိုတုန်းကအချိန်ကို သတိရမိတယ်” လို့ မြို့ပြဘဝတုန်းက ခွဲစိတ်ဆရာဝန်ဘဝအကြောင်း သူပြန်ပြောပြတယ်။ “ဒါပေမဲ့ အခုလည်း ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အသက်တွေ ကယ်နေတာပါပဲ”
‘ဒီမှာပဲသေမယ်’
လူသူဝေးတဲ့ တောင်ကြားတခုရဲ့ ကျောက်တောင်ဘေးတဘက်မှာ ဗြုန်းအုတ်နဲ့ဆောက်ထားတဲ့ ဆေးရုံအဆောက်အအုံတွေ၊ သစ်သားတဲတွေဟာ သစ်ပင် ကြီးတွေနဲ့ ပြောက်ကျားပိုက်ကွန်တွေအောက်မှာ လျှို့ဝှက်တည်ရှိနေပါတယ်။ ဆေးရုံတည်နေရာကို လုံးဝထုတ်ပြောမှာမဟုတ်ကြောင်း ကျနော် သစ္စာဆိုခဲ့တယ်။ ဆက်သွယ်ရေးရေဒီယို ကြားဖြတ်နားထောင်မှုတွေအရ စစ်တပ်က ဆေးရုံကို ဖျက်ဆီးချင်နေမှန်း ဒီကလူတွေ သိကြတယ်။ ခွဲစိတ်ခန်းဝတ်စုံဝတ်ပြီး သူတို့ရှိတဲ့ခွဲခန်းထဲ လိုက်ဝင်သွားတယ်။ တခြားကမ္ဘာတခုကို ရောက်သွားသလိုပဲ။ အပြင်မှာက ရွှံ့တွေ၊ မိုးရေတွေ၊ တောနက်ကြီးနဲ့ တဲတွေ။ ဒီထဲကတော့ စနစ်တကျရှိတဲ့ခွဲခန်းကြောင့် ခေတ်မီဆေးရုံတခုထဲ ရောက်သွားသလိုပဲ။
ခွဲစိတ်ဆရာဝန်တွေ ပြင်ဆင်နေတုန်းမှာ အကူအဖွဲ့က ခွဲစိတ်ကိရိယာတွေ စုစည်းပေးနေတယ်။ လူနာခွဲစိတ်ကုသဖို့ သူတို့တွေ ဒီထဲမှာ နာရီများစွာ နေရမှာပါ။
“စစ်တပ်က နိုင်ငံတကာဥပဒေတွေ မလိုက်နာဘူး” လို့ ဒေါက်တာမျိုးက ပြောတယ်။ “ဒဏ်ရာရထားတဲ့လူတွေကိုပဲ ကျနော်တို့ ကုပေးတာပါ။ သေနတ်တွေ၊ လက်နက်တွေ ကျနော်တို့မှာမရှိတာကို သူတို့က ဥပဒေချိုးဖောက်ပြီး ဆေးရုံအားလုံးကို တိုက်ခိုက်နေတယ်”
သူလျှိုက လူနာမိသားစုဝင်ဟန်ဆောင်ပြီး ဆေးရုံတည်နေရာမှတ်သားကာ စစ်တပ်ကို သတင်းပေးလိုက်မှာကိုလည်း သူတို့ နေ့စဉ်စိုးရွံ့နေကြရတယ်။ ဒါပေမဲ့ ခွဲစိတ်မှုလုပ်နေတုန်း စစ်တပ်တိုက်လေယာဉ်တွေလာလည်း သူတို့က ဆက်ကုသမှာပါ။
“လိုအပ်လာရင် လူနာနဲ့အတူသေမယ်” လို့ ကုသရေးအဖွဲ့ဝင်တဦးက ဆိုပါတယ်။ “ဘာပဲဖြစ်နေနေ မပြေးဘူး”
‘အာဏာသိမ်းမှု’
ဘားမားလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာ လူနည်းစုတိုင်းရင်းသားတွေနဲ့ စစ်အာဏာရှင်တို့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာတော့ လူထုဆန္ဒနဲ့ ရွေးကောက်ပွဲမဲရလဒ်ကို ဆန့်ကျင်ပြီး စစ်တပ်က အာဏာထပ်သိမ်းလိုက်လို့ ပြည်တွင်းစစ်က အဆိုးဆုံးအခြေအနေဖြစ်သွားပါတယ်။ ဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းချိန်မှာ လူငယ်ထောင်ပေါင်းများစွာက မြို့ပြကိုစွန့်ခွာပြီး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာကြသလို တချို့လူငယ် တွေက တော်လှန်ရေးတပ် ကိုယ်တိုင်ထူထောင်ခဲ့ကြပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးက တနိုင်ငံလုံးကို ကူးစက်ခဲ့ပါပြီ။ ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ ဒုက္ခဟာ ယူကရိန်းစစ်ပွဲရဲ့ လောင်းရိပ်မိနေပြီး နိုင် ငံတကာအသိုင်းအဝိုင်းကလည်း သူတို့ထောက်ခံပါတယ်ဆိုတဲ့ တော်လှန်ရေးအတွက် စစ်ရေးအရ ကူညီထောက်ပံ့မှုတွေပေးဖို့ ပျက်ကွက်နေကြပါတယ်။ ပြည်ပအကူအညီက နိုင်ငံတွင်းကို မဆိုသလောက်ဘဲ ရောက်ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ပြည်သူများစွာဟာ ကိုယ်တိုင်ဆောက် ဝါးတဲတွေ၊ မိုးကာတဲတွေမှာ နေထိုင်နေကြရတယ်။
“ဆိုးရွားတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ ဘယ်လောက်ကြာမလဲဆိုတာက အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေရဲ့ အထောက်အပံ့ ရခြင်း မရခြင်းကပဲ ဆုံးဖြတ်ပေးသွားလိမ့်မယ်” လို့ တော်လှန်ရေးတပ်မှူးတဦးက ကျနော့်ကို ပြောပြတယ်။ “ဒါပေမဲ့ အားလုံးက … အထူးသဖြင့် အမေရိကားက တရုတ်ကြောင့် ကူညီရမှာ ကြောက်နေတာထင်တယ်”
တရုတ်နိုင်ငံဟာ မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေပြီး ပထဝီနိုင်ငံရေးအရလည်း အဓိကကျတဲ့နိုင်ငံဖြစ်ပါတယ်။ ပြီးတော့ မြန်မာနဲ့ နယ်နိမိတ်ထိစပ်နေတာက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းတို့ပါ။
မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အပံ့အတိုင်းအတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ကန့်သတ်မှုတွေကြောင့် ခန့်မှန်းတွက်ဆမရနိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။ ဒါပေမဲ့ စစ်ပွဲတစ်ခု ဆက်ဖြစ်နေပါတယ်။ ပြီးတော့ အဲဒီစစ်ပွဲဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်နေတဲ့စစ်ပွဲ ဖြစ်နေတာက အဓိကကျပါတယ်။
မနက် ၃ နာရီခွဲပြီ။ မီးစက်ချို့ယွင်းသွားချိန်မှာ အသက် ၁၇ နှစ်အရွယ် လူငယ်လေးကိုခွဲစိတ်မှုက အတိမ်းအစောင်းမခံတဲ့ အခြေအနေဖြစ်နေပြီ။ အသံဆိုလို့ မော်နီတာအချက်ပေးသံပဲ ကြားရတယ်။အလင်းရောင်ဆိုလို့လည်း နှလုံးခုန်နှုန်းပြမော်နီတာပဲ ရှိတယ်။ ပြီးတော့ ထိတ်လန့်စရာ နှလုံးခုန်နှုန်းပြ ဂရပ်မျဉ်း။ ခွဲစိတ်မှုကို ဓာတ်မီးအလင်းရောင်နဲ့ ဆက်လုပ်တယ်။ နောက်ဆုံးမှာတော့ မီးစက်ပြန်ကောင်းသွားတယ်။
ပြီးတော့ လူနာက သွေးသွင်းဖို့ လိုလာတယ်။ မေ့ဆေးဆရာဝန်က ဆေးရုံပူးတွဲတည်ထောင်သူ ကင်မ်ကို တံခါးပေါက်ကနေ “သွေးလိုတယ်။ ချက်ချင်းပို့ပေး” လို့ ပြောလိုက်တယ်။
ဝရုန်းသုန်းကားဖြစ်ကုန်ကြတယ်။ လူနာမိသားစုတွေလည်း အိပ်နေရာက နိုးလာကြပြီး သူတို့လှူလို့ရမလား မေးကြတယ်။ ဆေးရုံလုံခြုံရေး တာဝန်ကျသူတွေကို အနီးဆုံးရွာလွှတ်ပြီး သွေးထပ်ရှာခိုင်းတယ်။ နာရီဝက်အကြာမှာ ခွဲစိတ်ခန်းထဲ သွေး ၃ လီတာ ရောက်လာတယ်။ ဆယ်ကျော်သက်လူငယ်လေး အသက်ဆက်နိုင်ခဲ့ပြီ။
‘အာဏာဖီဆန်သူ သူရဲကောင်းများ’
ဆေးရုံတည်ထောင်သူ ၃ ဦးဖြစ်တဲ့ ဒေါက်တာပေါင်၊ မစ္စတာကင်မ်နဲ့ မစ္စလင်းတို့ဟာ ငယ်ရွယ်ထက်မြက်ပြီး အရမ်းရဲရင့်သူတွေပါ။ တချိန်က မြို့ပြမှာ နေထိုင်ခဲ့ကြပေမယ့် အခုတော့ တော်လှန်ရေးအစိတ်အပိုင်းဖြစ်လာသလို စစ်တပ်က အလိုရှိစာရင်းထဲလည်း ပါဝင်နေကြပါတယ်။ အထွေထွေရောဂါကု ဒေါက်တာပေါင်ဟာ ရန်ကုန်က သူ့ကိုယ်ပိုင်ဆေးခန်းကိုပိတ်ပြီး နယ်ဘက်မှာ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆုံတွေ့ကာ ဆေးရုံတည် ထောင်ခဲ့တာပါ။ ဆေးရုံလုပ်ငန်း လည်ပတ်နိုင်ပေမယ့် လိုအပ်မှုတွေဖြည့်ဆည်းဖို့ အကန့်အသတ်ရှိပြီး နေထိုင်ရတဲ့အခြေအနေကလည်း သာမန်ပါပဲ။
သူတို့အဖွဲ့ဟာ မိုးရေရယ် စမ်းချောင်းက သွယ်ထားတဲ့ရေရယ်နဲ့ ရေချိုးသန့်စင်ကြတယ်။ ရေချိုးခန်း မရှိဘူး။ရေပုံးပဲ သူတို့သုံးတယ်။
ဒေသခံလုပ်အားပေးတွေ နေ့လယ်စာချက်ပေးပေမယ့် သူတို့မလာရင် ကုသရေးအဖွဲ့သားတွေ ထင်းမီးဖိုနဲ့ ကိုယ်တိုင်ချက်တယ်။ ရာထူးကြီးငယ် မရှိဘူး။ အားလုံး ဝိုင်းလုပ် ဝိုင်းစားပဲ။ ၁၇ နှစ်လူငယ်ကို ကုသနေသူတွေအတွက် ဒီမနက်စောစော ဒေါက်တာပေါင် ထပြီး ကြက်ဥဟင်းချက်လိုက်သေးတယ်။ ညဘက်မှာ သူတို့ ဖဲကစားတယ်။ ဂစ်တာတီးတယ်။ အရေးပေါ်လူနာမရှိရင် ညမှောင်ချိန် မီးပိတ်ပေမယ့် အရေးပေါ်လူနာတွေကတော့ မကြာခဏရောက် လာတတ်တယ်။
ဒေါက်တာပေါင်ကတော့ ဆက်လုပ်ဖို့ သန္နိဌာန်ချထားတယ်။ “စစ်တပ်က အာဏာရူးနေတာ ဒါပေမဲ့ … ကျနော်တို့ဆေးရုံကို သူတို့ဖျက်ဆီးလည်း ကျနော်တို့ မနိုင်မချင်းတိုက်ဖို့ နောက်တနည်းထပ်ရှာမယ်”
“အခွင့်အလမ်းပေါများတဲ့နိုင်ငံမှာ အသက်မွေးချင်ခဲ့တာပါ။ ဒါပေမဲ့ ဘုရားသခင်က ဆရာဝန်တယောက်ဖြစ်ဖို့ စစ်မှန်တဲ့လမ်း ပြပေးလိုက်တာထင်ပါတယ်” လို့ မစ္စလင်းက ပြောပြတယ်။
‘ရှေ့တန်းသို့’
ရှေ့တန်းမှာ ဒဏ်ရာရသူတွေကို လုပ်အားပေးစေတနာ့ဝန်ထမ်းတွေက ဒီဆေးရုံကို သယ်လာပါတယ်။ ရှေ့တန်းကယ်ဆယ်ရေး အဖွဲ့သားတဦးကတော့ မျိုးအောင်ပါ။ အာဏာမသိမ်းခင်က စိုက်ပျိုးမွေးမြူရေးလုပ်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် စကား နူးနူးညံ့ညံ့ပြောတတ်သူပါ။
“လူတွေကိုကယ်တာက အကြမ်းမဖက်နည်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုပါ။ ကျနော်က အကြမ်းမဖက်တာ သဘောကျပါတယ်” လို့ သူက ရှင်းပြပါတယ်။လူနာတင်ကားအဖြစ်သုံးတဲ့ အရောင်ကျနေတဲ့ ကားဖြူတစီးကို မျိုးအောင်မောင်းလာတယ်။ တိုက်ပွဲနဲ့ မလှမ်းမကမ်းက ဒဏ်ရာရလူနာထားတဲ့ဆီကို လူနာသယ်လာတယ်။
မြေမြှုပ်မိုင်းနင်းမိတဲ့ လူငယ်ရဲဘော်ကို မျိုးအောင်နဲ့ ဆေးအဖွဲ့ ကူညီပေးနေတာကြည့်ရင်း လက်နက်ကြီးအန္တရာယ်ကို ကျနော်မေ့သွားတယ်။ သူ့ဒဏ်ရာ ပြင်းတယ်။ သတိမလစ်သွားအောင် သူ့ပါးကို ခပ်ဖွဖွရိုက်ရင်း စကားပြောပေးနေကြတယ်။ သူ့အသက်ဆက်မရှင်နိုင်မှာ ကျနော် စိုးရိမ်မိပေမယ့် သူတို့ကတော့ ဒဏ်ရာတွေကို ဆက်ကုပေးနေတယ်။ အံ့အားသင့်စရာကောင်းအောင်ပဲ သူ့အခြေအနေတည်ငြိမ်အောင် လုပ်လိုက်နိုင်ပြီး ခွဲစိတ်ဖို့အတွက် တောနက်ကိုဖြတ်ပြီး သူ့ကို ပို့လိုက်ကြတယ်။
ဆေးရုံမှာတော့ တနာရီအတွင်း အရေးပေါ်လူနာ အများကြီးကြုံရတာက ထုံးစံပါပဲ။ ကုသရေးအဖွဲ့ကတော့ အရေးကြီးလူနာကို ဦးစားပေးကုသဖို့ အမြန် ဆုံးဖြတ်ရပါတယ်။ ဘယ်သူ အသက်ဆက်ရှင်နိုင်မလဲ။ ဘယ်သူ့ကို ကယ်လို့မရနိုင်ဘူးလဲ။
နေရာအနှံ့မှာ နာကျင်ညည်းညူသံတွေ။ အသံတခုစီတိုင်းက ကျနော့်ကို ကျောချမ်းစေတယ်။ အရပ်သားတွေနဲ့ တော်လှန်ရေးရဲဘော်ဖြစ်ဟန်တူသူ လူနာအများအပြားဟာ စစ်တပ်ရဲ့ လူမဆန်တဲ့ ဗုံးကြဲမှုကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ကြတယ်။ ထိတ်လန့်စရာ အနိဌာရုံမြင်ကွင်းပါ။
ဒါကတော့ ဒီပြည်တွင်းစစ်ရဲ့အဆိုးရွားဆုံး အဖြစ်အပျက်ပါပဲ။ အရပ်သားနဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်သူဆိုပြီး ခွဲခြားမှုမရှိပါဘူး။ မြန်မာနိုင်ငံကို ကျနော်ရောက်နေချိန်က မေးခွန်းတခု ထပ်တလဲလဲ အမေးခံခဲ့ရတယ်။
“ပြည်ပက ကျနော်တို့ကို ဘာလို့ မကူညီတာလဲ။ ယူကရိန်းနဲ့ ကျနော်တို့ ဘာတွေများ ကွာခြားနေလို့လဲ”
အဲဒီအကူအညီတွေလာတာကို စောင့်ဆိုင်းဖို့တော့ ဒီနိုင်ငံကလူအများစု လက်လျှော့လိုက်ကြပါပြီ။
Be the first to comment