မြန်မာသည်လည်း ယူကရိန်းကဲ့သို့ နိုင်ငံတကာအကူအညီ ရရှိထိုက်သည်

“မြန်မာသည်လည်း ယူကရိန်းကဲ့သို့ နိုင်ငံတကာအကူအညီ ရရှိထိုက်သည်”

မူရင်းဆောင်းပါးရှင်များ – ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်၊ ဒုဥက္ကဌ၊ ကချင်လွတ်မြောက်ရေးကောင်စီ။ ဦးရည်မွန်၊ ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ။ ဦးမင်းကိုနိုင်၊ ထင်ရှားသည့် တက်ကြွလှုပ်ရှားသူနှင့် ၈၈၈၈ လှုပ်ရှားမှု၏ ကျောင်းသားခေါင်းဆောင်ဟောင်းတဦး။

▪️အမေရိကန် နိုင်ငံတကာငြိမ်းချမ်းရေးအင်စတီကျူ (United States Institute of Peace – USIP အင်တာနက် စာမျက်နှာတွင် ဇွန်လ ၁၃ ရက်နေ့က ဖော်ပြခဲ့သည့် Like Ukraine, Myanmar Deserves International Aid ခေါင်းစဥ်ဖြင့် ဆောင်းပါးကို ကျော်မိုးက ဘာသာပြန်ဆိုထားပါသည်။

ဆယ်စုနှစ်ပေါင်းများစွာကြာ ကြမ်းကြုတ်သည့် စစ်အုပ်ချုပ်ရေးတွင် မြန်မာဗိုလ်ချုပ်ကြီးများသည် နည်းဗျူဟာ အပြောင်းအလဲများ တခါတရံ လုပ်ဆောင်ခဲ့သော်လည်း အာဏာကို ၎င်းတို့ ခိုင်မာစွာ ထိန်းချုပ်ထားနိုင်ရေး မဟာဗျူဟာတခုကို မပြောင်းမလဲ ကျင့်သုံးခဲ့သည်။ လူထုကြားတွင် သွေးကွဲမှုများ ဖြစ်ပွားစေရေးနှင့် လူ့အသိုက်အဝန်းကြား အကြမ်းဖက်မှုများဖြစ်အောင် မီးထိုးပေးမှု မဟာဗျူဟာဖြစ်သည်။ ၂၀၂၁ ခုနစ် အာဏာသိမ်းပွဲအပြီးကာလတွင်မူ အဆိုပါ မကြာခဏ ကျင့်သုံးလျက်ရှိသည့် လှည့်စားမှု အသုံးမဝင်ဖြစ်လာသည်။ ယနေ့တွင် တိုင်းပြည်သည် သမိုင်းဝင် စုစည်းညီညွတ်မှု ရရှိထားပြီး လူမျိုးစုနှင့် နိုင်ငံရေးအင်အားစု အသီးသီးကြား စည်းလုံးမှု ရရှိထားကာ အာဏာရ စစ်အုပ်စုကို ဆန့်ကျင်လျက်ရှိသည်။ ယူကရိန်းနိုင်ငံသားများကဲ့သို့ပင် မြန်မာ ပြည်သူများသည် သတ္တိရှိသည်၊ စိတ်အားထက်သန်သည်၊ စုစည်းညီညွတ်သည်၊ ဒီမိုကရေစီရေး တိုက်ပွဲအတွက် ကြီးစွာစွန့်လွှတ်ရန် အသင့်ဖြစ်နေသည်။ ယူကရိန်းတို့နှင့် မတူသည်မှာ လွှတ်မြောက်ရေးစစ်ပွဲကို နှစ်ပေါင်းများစွာအစား လအနည်းငယ်အတွင်း အချိန်တိုတိုဖြင့် အဆုံးသတ်နိုင်ရေး အကူအညီများ ရရှိထားခြင်း မရှိပေ။ ရုရှားရန်လိုမှုကို တွန်းလှန်ရေး ယူကရိန်းတို့ရရှိထားသည့် အကူအညီ၏ သေးငယ်သော အစိတ်အပိုင်းကို ရရှိရုံဖြင့် မြန်မာစစ်အာဏာရှင်များကို ဖြုတ်ချရေး ကြိုးပမ်းမှုအပေါ် သိသိသာသာ သက်ရောက်စေမည်ဖြစ်သည်။

အာဏာသိမ်းမှုနှင့် အာဏာကို ရက်ရက်စက်စက် ချုပ်ကိုင်ထားမှုများမှ ပေါ်ပေါက်လာသည့် မြန်မာနိုင်ငံတွင်း မကြုံစဖူး ညီညွတ်မှုကို ကျွန်ုပ်တို့ ကိုယ်စားပြုနေသည့် အဖွဲ့အစည်းများကြား ညီညွတ်မှုကလည်း ဥပမာအဖြစ် ပြသလျက်ရှိသည်။ ကျွန်ုပ်တို့သည် လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဒီမိုကရေစီလိုလားသည့် ၈၈၈၈ မျိုးဆက် အုပ်စုတို့ကို ကိုယ်စားပြုသူများဖြစ်သည်။ ယနေ့ လူမျိုးပေါင်းစုံ ပါဝင်နေသည့် ခုခံတော်လှန်မှုကြီးကို အဆိုပါ အုပ်စုအသီးသီးက ကူညီ ဦး‌ဆောင်လျက်ရှိသည်။

၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးပြီးခြင်းတွင် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး ရည်ရွယ်ချက်ဖြင့် လူ့အဖွဲ့အစည်းတွင်းရှိ အုပ်စု အသီးသီးဖြစ်သော ရွေးကောက်ခံ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းမျိုးစုံ၊ လူမျိုးစု အဖွဲ့အစည်းမျိုးစုံ၊ သပိတ်မှောက်ထားသည့် အစိုးရဝန်ထမ်းများ ပူးပေါင်းကာ ရှုပ်ထွေးသည့် ကြားဖြတ်အုပ်ချုပ်မှု ပုံစံ ရပ်ကို ထူထောင်ခဲ့ကြသည်။
လအနည်းငယ်အတွင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့မှ de jure နှင့် de facto အာဏာရှိသည့် ကိုယ်စားလှယ်များ ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပြီး ခုခံရေးအစုအဖွဲ့ကို လမ်းညွှန်ခဲ့သည်။ ခုခံရေးအင်အားစုများကြား ဆွေးနွေးမှုများလုပ်ဆောင်ကာ ကွဲပြားသည့် လူမျိုးစုနှင့် ဘာသာရေးနောက်ခံ၊ မျိုးဆက်အသီးသီး၊ ဒေသအသီးသီး၊ တာဝန်အသီးသီးမှလာသည့် ပုဂ္ဂိုလ်အသီးသီးကို အတူတကွ စုစည်းခြင်းဖြင့် ညီညွတ်မှုနှင့် ပေါင်းစည်းမှုကို ပုံမှန် မြှင့်တင်လျက်ရှိသည်။ ကျွန်ုပ်တို့အနေဖြင့် “လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူရည်တူ ရှိမှုတို့ကို အာမခံသည့် ငြိမ်းချမ်းသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု” ကို အောင်ပွဲရပြီးနောက် ထူထောင်ရန် ရည်မှန်းထားပြီး ယင်း နိုင်ငံတော်၏ အခြေခံအုဌ်မြစ်များ ချမှတ်နိုင်ရေးအတွက် “ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ်” ကို ရေးဆွဲခဲ့သည်။

▫️မြန်မာအပေါ် အာဏာသိမ်းအုပ်စု၏ စစ်ပွဲ

တချိန်တည်းတွင် ကိုယ့်ပြည်သူလူထုအပေါ် အဆုံးစွန်မဲ့ ရက်စက်မှုများဖြင့် စစ်ပွဲဆင်နွဲနေသည့် စစ်အုပ်စုကို ကျွန်ုပ်တို့ ဆန့်ကျင် တိုက်ခိုက်လျက်ရှိသည်။ မကြာသေးခင်က ဥပမာတခုအနေဖြင့်၊ ၂၀၂၃ ခုနစ် ဧပြီ ၁၁ ရက်နေ့တွင် နိုင်ငံအလယ်ပိုင်းရှိ လူသူအရောက်အပေါက် နည်းပါးလှသည့် ပဇီကြီးကျေးရွာ တွင် လွန်စွာကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ငရဲတမျှသော ပျက်ဆီးရှုပ်ထွေးမှုများ ပေါ်‌ပေါက်ခဲ့သည်။ တိုက်လေယာဥ်များနှင့် စစ်ရဟတ်ယာဥ်များ ပျံဝဲရောက်ရှိလာပြီး စုဝေးလျက်ရှိသည့် ရွာသားများကို အညှာအတာကင်းမဲ့စွာ ဗုံးများ၊ စက်သေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ခံရသည့် နယ်မြေအတွင်း ရာနှင့်ချီသော ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျံ့ကြဲကျန်ရစ်ပြီး တနိုင်ငံလုံးလည်း တုန်လှုပ် နာကြင်ခဲ့ရသည်။ သို့သော်လည်း ရက်ရက်စက်စက် သတ်ဖြတ်မှုများ ရပ်တန့်မသွားခဲ့ပေ။ ပထမအကြိမ် တိုက်ခိုက်မှုပြီးနောက်တွင် လေကြောင်းမှ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်ကာ ကူညီကယ်ဆယ်ရေးသမားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို သက်သေအထောက်အထားများကိုလည်း ဖျက်ဆီးရန် ရည်ရွယ်ခဲ့သည်။

ယင်းကဲ့သို့သော စိတ်မချမ်းမွေ့ဖွယ် ဖြစ်ရပ်မျိုးသည် ဖြစ်ရပ်တခုတည်း သီးသီးသန့်သန့် ပေါ်ပေါက်သည့် ထူးခြားဖြစ်စဥ်မျိုး မဟုတ်ပေ။ အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်တပ်သည် ထောင်နှင့်ချီသည့် အရပ်သားများကို သတ်ဖြတ်ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တန်း ရွေးကောက်ခံကိုယ်စားလှယ်များ အပါအဝင် လူပေါင်း သောင်းနှင့်ချီ၍ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ထို့အပြင် ထောင်နှင့်ချီသော နေအိမ်များကို မီးရှို့ တိုက်ခိုက်ခဲ့သလို အရပ်သားပစ်မှတ်များကိုလည်း အကြိမ်ပေါင်း ရာချီ၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ပြည်သူ့ဆန္ဒကိုဆန့်ကျင်၍ အာဏာ ယူခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများ၏လုပ်ရပ်ကို ခုခံတွန်းလှန်သဖြင့် မြေပြန့်ဒေသရှိ လူများစုဗမာများ နေထိုင်ရာ နယ်မြေများသာမက လူနည်းစု ဖြစ်သော လူမျိုးစုများနေထိုင်ရာ ဒေသများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

၂၀၂၁ ခုနစ် နွေဦးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ခုခံမှုသည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအဖြစ် ပေါ်‌ပေါက်လာခြင်းဖြစ်သော်လည်း ဗိုလ်ချုပ်ကြီးများ၏ အကြမ်းဖက် တုံ့ပြန်မှုများကြောင့် လက်နက်ကိုင် ခုခံမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အရပ်သားအုပ်ချုပ်မှု ပြန်လည်ထူထောင်ရေး လူထုလှုပ်ရှားမှုကြီးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးတရပ်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ စစ်တပ်ထိန်းချုပ်မှုမရှိသည့် အားလုံးပါဝင်သည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံအဖြစ် ဦးတည်သည့် လမ်းကြောင်းကို ပုံသွင်းပေးလိုက်သည်။ အဆိုပါ ရည်မှန်းချက်သည် ဗမာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနစ်မှ စတင်၍ အောင်မြင်ခဲ့ခြင်း မရှိသေးပေ။

လက်နက်ကိုင်၍ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေး လှုပ်ရှားမှုသို့ ပြောင်းလဲလိုက်မှုနှင့်အတူ များစွာသော စွမ်းရည်ထက်မြက်သည့် လူမျိုးစုလက်နက်ကိုင် အဖွဲ့များသည် နိုင်ငံတဝန်းရှိ လူငယ်များနှင့် လက်တွဲကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာစေရေး လေ့ကျင့် ကူညီ၊ ဖွဲ့စည်းပေးကြသည်။ ယင်းတပ်ဖွဲ့သစ်များ၏ ရည်ရွယ်ချက်သည် အရပ်သားများကို စစ်တပ်ရန်မှကာကွယ်ရန်နှင့် စစ်အုပ်စုကို ဖြုတ်ချရန်ဖြစ်သည်။

▫️စစ်အုပ်စုကို လက်နက်ကိုင်ဆန့်ကျင်မှု ရှေ့တိုး အောင်မြင်နေ

လက်နက်ကိုင်ခုခံမှု၏ ဗဟိုချက်တွင်ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်အုပ်စုကို တိုက်ခိုက်လျက်ရှိသည့် အင်အားအကြီးမားဆုံး လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့နှစ်ဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားအစည်းအရုံးတို့နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ကျွန်ုပ်တို့အနေဖြင့် ပူးတွဲ ဗဟို စစ်ရေးကွပ်ကဲရေးအဖွဲ့တခုကို ထူ‌ထောင်ထားသလို ကရင်နီနှင့် ချင်းအပါအဝင် လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ရှစ်ဖွဲ့ထက်မနည်းနှင့် မဟာဗျူဟာမြောက် ပူးပေါင်းလုပ်ဆောင်လျက်ရှိကာ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုကို ညှိနှိုင်း လုပ်ဆောင်လျက်ရှိသည်။ စစ်တပ်ကို တွန်းလှန်တိုက်ခိုက်လျက်ရှိသလို ခုခံရေးလှုပ်ရှားမှုကိုလည်း တက်ကြွစွာ ပံ့ပိုးလျက်ရှိသည့် အခြားသော လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအောင် လုပ်ဆောင်လျက်ရှိသလို အပြည့်အဝ နားလည်မှုရှိအောင်လည်း ကျွန်ုပ်တို့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ကာလရှည်ကြာ ရပ်တည်လျက်ရှိသည့် လူမျိုးစု လက်နက်ကိုင် တော်လှန် ရေးအဖွဲ့များကြား ပူးပေါင်းမှုသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုရရှိရေး တိုက်ပွဲအတွက် မြန်မာပြည်သူများ မည်မျှ စိတ်ဆုံးဖြတ်ထားသည်၊ မည်မျှ ခိုင်မာမှု ရှိသည်ကို ပြသလျက်ရှိသည်။ အင်အားကြီးမားသည့် လေကြောင်းတိုက်ခိုက်မှု၊ မြန်မာစစ်တပ်၏ ရင်းမြစ်ကြွယ်ဝမှုများကို အဆိုပါစိတ်ဆုံးဖြတ်ချက်နှင့် ခိုင် မာမှုက အာခံလျက်ရှိသည်။

ပြည်သူများ၏ ထောက်ပံ့ပေးမှု၊ ပူးပေါင်းပါဝင်မှုနှင့်အတူ ကျွန်ုပ်တို့ ရှေ့သို့ ချီတက်လျက်ရှိသည်။ တိုင်းပြည်၏ သမိုင်းကြောင်း၊ မဟာဗျူဟာကျမှု၊ လူမှု-စီးပွားရေးအရ အရေးပါမှုတို့ ရှိနေသည့် နှလုံးသားဗဟိုချက် နယ်မြေဖြစ်သော လူများစု ဗမာများ နေထိုင်သည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်း၊ မကွေး ဒေသများ အပါအဝင် တိုင်းပြည်၏ ကျေးလက်ဒေသအများစုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လူထု၏ ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှုနှင့်အတူ ခိုင်ခိုင်မာမာ အခြေစိုက်ထားပြီဖြစ်သည်။ အလားတူပင် လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များသည် ၎င်းတို့၏ အစဥ်အလာနယ်မြေများတွင် ပိုမို အင်အားကောင်းလာသလို ခိုင်မာ ထိရောက်သည့် အုပ်ချုပ်မှုကိုလည်း ထူထောင်နိုင်လာကာ လွှမ်းမိုးမှုနယ်မြေ ကျယ်ပြန့် လာသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များသည် တိုင်းပြည်နယ်မြေ ထက်ဝက်ထက်မနည်းကို ထိန်းချုပ် ထားပြီး ယင်းအချက်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံထားသည်။

ဘုံရန်သူ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ရေးနှင့် အရပ်သား အုပ်ချုပ်မှုအောက်တွင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးဆိုသည့် ဘုံ သဘောတူညီချက် အောက်တွင် တတိုင်းပြည်လုံး ညီညွတ်စွာ ပူးပေါင်းကာ အောင်မြင်မှုရရှိအောင် ကြိုးပမ်းလျက်ရှိသည်။ မြန်မာပြည်သူများသည် တသံတည်းချီ တညီတည်းရုန်း အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
ထိုလုပ်ရပ်များထဲတွင် နိုင်ငံခြားတိုင်းပြည်များတွင် အိမ်အကူလုပ်သားများအဖြစ် လုပ်ဆောင်နေသူများကပင် ၎င်းတို့၏ တလစာ လစာတရပ်လုံးကို ကျွန်ုပ်တို့ တော်လှန်ရေးအတွက် ပုံမှန် ထည့်ဝင်ပေးလျက်ရှိသည်။

အထက်မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အို မိခင်များသည် ၎င်းတို့၏ မြေယာအိုးအိမ်များကို စစ်တပ်က မီးရှို့ထားသည့်ကြားမှ နောက်ဆုံးကျန်ရှိသည့် နားတောင်းများကို လှူဒါန်းပေးအပ်လျက်ရှိသည်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေးတွင် မည်သည့် လက်နက်မျှမရှိဘဲ အိမ်လုပ် တူမီးသေနတ်များ၊ သံသတ္တုအပိုင်းအစများဖြင့် လုပ်ဆောင်ထားသည့် အရာများဖြင့်သာ စတင် တွန်းလှန်ခဲ့သည်။ စစ်အုပ်စု ၏ မောင်းပြန်သေနတ်များ၊ ရုရှားထံမှ နောက်ဆုံးပေါ် တိုက်လေယာဥ်များကို ရင်ဆိုင်နေရလင့်ကစား စစ်တပ်ကို ပြိုကျလုနီးပါးဖြစ်အောင် တိုက်ခိုက်ထားနိုင်သည်။ ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည်ရရှိရေး ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသလို စစ်အုပ်စုက ခိုးယူထားသည့် နယ်မြေ တလက်မခြင်းကို ပြန်လည်ရရှိရေး မြန်မာလူထုက တိုက်ပွဲဝင်လျက်ရှိသည်။

▫️မြန်မာ့ရုန်းကန်မှုနှင့် ယူကရိန်း ခုခံစစ်
အောင်ပွဲ လျင်မြန်စွာရရှိရေးတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အကူအညီနှင့် အထောက်အပံ့ လိုအပ်သည်။ နိုင်ငံတကာအကူအညီ ရရှိမှုနှင့် ပတ်သက်လျှင် ယူကရိန်းတို့ကို ကျွန်ုပ်တို့ မယှဥ်နိုင်ပေ။ ရုပ်ဝတ္ထုအကူအညီနှင့်ပတ်သက်လျှင် ကျွန်ုပ်တို့အတွက် အကူအညီ အနည်းငယ်သာ ရရှိထားသည်။
ယူကရိန်းတို့ ရနေသည့် အကူအညီ၏ ၁% သော ပမာဏရှိသည့် အကူအညီကိုသာ ရရှိပါက မြန်မာ့တော်လှန်ရေးအတွက် သိသာထင်ရှားသည့် အောင်ပွဲရရှိရေးသည် နှစ်ပေါင်းများစွာကြာတော့မည်မဟုတ်ဘဲ လအနည်းငယ်အတွင်း ဖြစ်လာနိုင်ပေသည်။ ကျွန်ုပ်တို့အနေဖြင့် အင်အားအလွန်အမင်း ကြီးမားသည့် စစ်တပ်နှင့် ရင်ဆိုင်နေရသည်။

လက်ရှိ ခုခံတော်လှန်ရေး လှုပ်ရှားမှုသည် မြန်မာ့သမိုင်းတွင် ထူးခြားသည့်ဖြစ်စဥ်တခု ဖြစ်သလို နိုင်ငံတကာအကူအညီ အထောက်အပံ့လည်း ရရှိသင့်သည်။ ရည်မှန်းချက်အောင်မြင်ရေး လူမျိုးစုပေါင်းစုံ သွေးစည်းမှု၊ ဒီမိုကရေစီရေးပေါ် မယိမ်းမယိုင် ယုံကြည်မှု၊ ခံယူချက်အတွက် ခိုင်ခိုင်မာမာ လုပ်ဆောင်မှုတို့ ရှိသည့်အတွက် လက်ရှိတကြိမ်သည် မဆုံးနိုင်သည့် ဆယ်စုနှစ် ၇ ခုကြာစစ်ပွဲ အဆုံးသတ်ကာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းမှု၊ ဒီမိုကရေစီနှင့် လွတ်လပ်မှု ယူဆောင်နိုင်ရေး အကောင်းဆုံး နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်သည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ အကူအညီ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အလံမလှဲစတမ်း တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

သို့သော်လည်း နိုင်ငံတကာ၏ ထောက်ကူမှုများဖြင့် ယခုရုန်းကန်မှုကို ကူညီအားဖြည့်ပေးနိုင်ပါက ပြည်သူလူထု၏ လိုအင်ဆန္ဒအတိုင်း စစ်အာဏာရှင်တို့အပေါ် အချိန်အနည်းငယ်အတွင်း အောင်ပွဲရနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်းသာမက ဒေသတွင်းတွင်လည်း ငြိမ်းချမ်းသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတခု အလျင်အမြန် ပေါ်ထွန်းလာမည်ဖြစ်သလို တည်ငြိမ်မှု ပြန်လည် ဆောင်ယူလာနိုင်မည်ဖြစ်ပေသည်။

ဘာသာပြန်ဆိုသူ – ကျော်မိုး

(မူရင်း – https://www.usip.org/…/ukraine-myanmar-deserves…)

About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*