မြန်မာအကျဉ်းထောင်မှာ ရက်ပေါင်း ၆၅၀

“မြန်မာအကျဉ်းထောင်မှာ ရက်ပေါင်း ၆၅၀”

( The Australian သတင်းစာတွင် နိုဝင်ဘာလ ၂၂ ရက်နေ့က ဖော်ပြခဲ့သည့် သတင်းထောက် Amanda Hodge ၏ How I survived 650 days in Myanmar jail သတင်းဆောင်းပါးကို ကောက်နုတ်၍ ဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ )

Sean Turnell ဟာ မြန်မာနိုင်ငံက ညစ်ပတ်နံစော်ပြီး ပြတင်းပေါက်မရှိတဲ့ အကျဉ်းထောင် အခန်းတစ်ခု ထဲမှာ ၂၁ လကြာ အကျဉ်းကျခဲ့ပါတယ်။ အဲဒီကာလတွေအတွင်း တခြားနိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံရလို့ အော်တဲ့အသံတွေ တခါတခါ ကြားခဲ့ရသလို သူ့ကို အခန်းထဲကခေါ်ထုတ်၊ စစ်ကျောရေးလုပ်ဖို့ သံခြေကျင်းခတ်တာမျိုးလည်း ကြုံခဲ့ရပါတယ်။ သူ ထောင်ကလွတ်တယ်ဆိုတဲ့ အိပ်မက်မျိုးလည်း ထပ်ခါထပ်ခါ မက်ခဲ့ဖူးပါတယ်။

“ဒါပေမယ့်ဗျာ၊ အိပ်မက်ထဲမှာ ထောင်ထဲပဲ ပြန်ပြန်ရောက်သွားတယ်။ အိပ်မက်ထဲမှာ Ha (သူ့ရဲ့ဇနီး) ကို ကျနော်ပြောတယ်၊ ‘အချစ်ရေ၊ ညနေ ၆ နာရီ ကိုယ် ပြန်ရမယ်’ ဆိုပြီး …” လို့ Sean က ပြောပါတယ်။ Sean လွတ်မြောက်ရေးအတွက် သြစတြေးလျအစိုးရက ကြိုးပမ်းခဲ့ပြီးတဲ့နောက် ထောင်ကလွတ်ပြီး သုံးရက်အကြာမှာ The Australian သတင်းဌာနကို Sean က အဲဒီလိုပြောတာပါ။

အသက် ၅၈ နှစ်အရွယ် Sean Turnell ဟာ ခုအခါမှာ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ကာလရှည်ကြာ လုပ်ခဲ့သူပါ။ အကျဉ်းစံကာလအတွင်း ဆိုးရွားကြမ်းတမ်းလှတဲ့ အချိန်ကာလတွေ ကြုံခဲ့ရပေမယ့် ပြီးခဲ့တဲ့ သောကြာ နိုဝင်ဘာလ ၁၈ ရက်နေ့က မိခင်နိုင်ငံအပြန် လေယာဉ်ခရီးဟာ နောက်ထပ် အိပ်မက်တခုများ ဖြစ်လေမလားဆိုတဲ့ ကြောက်ရွံ့စိတ်က ကြုံခဲ့ရသမျှထဲ အဆိုးဆုံးပါပဲလို့ သူကပြောပါတယ်။

“အိပ်ရာက နိုးလာတဲ့အချိန် အဲဒီ သောက်အကျဉ်းခန်းထဲမှာပဲ ဆက်ရှိနေမလားဆိုတာ ကျနော် တကယ့်ကို စိုးထိတ်ခဲ့ရပါတယ်။ ကျနော် ခံနိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်”
အမျိုးသားနေ့ အထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီကလွှတ်ပေးတဲ့ အကျဉ်းသား ၆,၀၀၀ နီးပါးထဲမှာ Sean Turnell လည်း ပါခဲ့တာပါ။ အကျဉ်းစံရက်ပေါင်း ၆၅၀ ကြာပြီးတဲ့နောက် သူ ပြန်လွတ်လာတာ ဖြစ်ပြီး အချိန်အများစုကို အင်းစိန်ထောင်မှာ ကျော်ဖြတ်ခဲ့ရပါတယ်။

သူနဲ့အတူ တခြားနိုင်ငံခြားသားသုံးဦးလည်း ပြန်လွတ်တဲ့ထဲ ပါပါတယ်။ သူတို့တွေကတော့ မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း Vicky Bowman ၊ ဂျပန် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ Toru Kubota နဲ့ အမေရိကန်နိုင်ငံသား ကိုကျော်ဌေးဦးတို့ဖြစ်ပါတယ်။
“တခြားနိုင်ငံတွေနဲ့ မိတ်ဆွေ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားဖို့ လူသားစာနာမှုနဲ့ ကိုယ်ချင်းစာတရားရှေ့ထားပြီး” သူတို့ကို ပြန်လွှတ်ပေးတာဖြစ်တယ်လို့ စကစ တာဝန်ရှိသူတွေက ဆိုပါတယ်။

ခေါင်းစွပ် စွပ်ထားတဲ့ သေနတ်ကိုင် စစ်သားနဲ့ရဲ အယောက် ၅၀ လောက်က သူနေတဲ့ ရန်ကုန်မြို့ဟော်တယ် ကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ Sean Turnell ကို ဖမ်းခေါ်သွားခဲ့ချိန်ကစပြီး စစ်ကောင်စီလက်ထဲမှာ အရှင်လတ်လတ် ငရဲကျသလို ချုပ်နှောင်ခံခဲ့ရပါတယ်။

ကိုဗစ်ရောဂါပိုး ၅ ကြိမ် ကူးစက်ခံခဲ့ရပြီး ပြင်ပကမ္ဘာနဲ့ လုံးဝ ဆက်သွယ်လို့မရ၊ ဖတ်စရာ ဘာစာအုပ်မှ မရှိ၊ အိပ်စရာကုတင်တောင်မရှိတဲ့ အကျဉ်းတိုက်ထဲမှာ လပေါင်းများစွာ အဖမ်းခံထားခဲ့ရတာပါ။ သူ့ကိုဖမ်းခေါ်သွားပြီး တစ်ရက်အတွင်းမှာပဲ ပြတင်းပေါက်မရှိ၊ အိမ်သာမရှိ၊ သံထိုင်ခုံတစ်လုံးကို အခန်းအလယ် ကွန်ကရိကြမ်းပြင်မှာ အသေတပ်ထားတဲ့ ၈ ပေ၊ ပေ ၂၀ အခန်းထဲမှာ ထည့်ထားခဲ့ပါတယ်။

စစ်ကောင်စီ ရဲတွေ စစ်ဆေး မေးမြန်းတာကို ကမ္ဘာကျော် စာရေးဆရာတဦးဖြစ်သူ Kafka ရဲ့ စိတ်ကူးယဉ်ဝတ္ထုထဲကလို စိုးရိမ်ထိတ်လန့်မှုအပြည့်နဲ့ နှစ်လကြာ ကြုံခဲ့ရပါတယ်။ ပထမတော့ လက်နက်မှောင်ခိုမှုနဲ့ စွပ်စွဲပြီး နောက်တော့ ဗြိတိန် MI6 ထောက်လှမ်းရေးအဖွဲ့ရဲ့ သူလျှိုအဖြစ် စွပ်စွဲ ပြန်ပါတယ်။ အဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် သူလုပ်ဆောင်ပေးခဲ့တာတွေနဲ့ ဆက်စပ်ပြီး စွဲချက်တင်ခဲ့ပါတယ်။

တခြားအကျဉ်းသားတွေ နှိပ်စက်ညှဉ်းပန်းခံရလို့ အော်ဟစ်သံတွေ သူ့အခန်းထဲကနေ ကြားခဲ့ရပါ တယ်။

“(အာဏာသိမ်းခါစ) အစောပိုင်းရက်တွေမှာ အိုးခွက်တွေကို တီးတဲ့အသံတွေ ကျနော် ကြားခဲ့ရတယ်။”

“တကယ့်ကို စိတ်ပျော်စရာပါပဲ” လို့ အဲဒီအသံတွေကြားခဲ့ရတဲ့အပေါ် သူ့ခံစားချက်ကို Sean က ပြန်ပြောပြပါတယ်။

“အဲဒီနောက် ပေါက်ကွဲသံတွေ၊ ပစ်ခတ်သံတွေ၊ အနားကအခန်းတွေမှာ လူတွေကို နှိပ်စက်သံတွေ ကြားခဲ့ရပါတယ်။ ငါ့ကိုတော့ အဲဒီလိုလုပ်မှာ မဟုတ်ပါဘူးလို့ ကျနော်တွေးမိတယ်။ လုပ်ချင် လုပ်နိုင် တာပဲလို့လည်း နောက်ပိုင်းကျ တွေးမိပြန်တယ်။ အဲဒီအသံတွေ ကျနော့်ကို ကြားစေချင်တာလို့ ထင်တာပဲ။”

သူ့အပေါ် ဆိုးရွားတဲ့ ပြုမူဆက်ဆံပုံဟာ နှိပ်စက်ညှဉ်းပန်းမှုထိ မြောက်သလားဆိုတာ Sean အများကြီး တွေးခဲ့ပါတယ်။ နောက်ဆုံးတော့ “နှိပ်စက်ညှဉ်းပန်းမှုကို အဓိပ္ဗါယ်ဖွင့်ဆိုတာနဲ့ အပြည့်အဝ မကိုက်ညီ ပေမယ့် ဆိုးရွားတဲ့ ပြုမူဆက်ဆံမှုဆိုတာကတော့ သေချာပေါက်ပဲ” လို့ ကောက်ချက်ချခဲ့ပါတယ်။

“ကျနော့်ကို သက်သက်ညှာညှာ ဆက်ဆံကြမှာပဲလို့ ကျနော်ထင်ခဲ့တယ်။”

“ကျနော့်ကို လျှပ်စစ်ကျင်စက်နဲ့ မတို့ဘူးဗျာ၊ ဒါပေမယ့် အော့နှလုံးနာစရာ အကျဉ်းခန်းထဲ ပစ်ထည့် ထားခဲ့တယ်။ အစာကျွေးတာက ပုံးထဲထည့်ကျွေးတာ။ ရက်ပေါင်း ၆၅၀ ကြာ ပုံးထဲက အစာကို စားခဲ့ရ တယ်။ နေပြည်တော်မှာဆို ပုံးသစ်တောင်မဟုတ်ဘူး။ ဆေးသုတ်ထားတဲ့ပုံးတွေ။”

“ကျနော့်ကို မရိုက်ဘူး၊ ဒါပေမယ့် တွန်းလားထိုးလားလုပ်တယ်။”

ပြူတင်းပေါက်မရှိတဲ့ အခန်းထဲမှာ နှစ်လ ထည့်ထားချိန်အတွင်း ကွန်ကရိကြမ်းပြင်ပေါ် အိပ်ခဲ့ရပါတယ်။ စာဖတ်ခွင့်မရခဲ့ပါဘူး။ တခြားအကျဉ်းသားတွေ ဒါမှမဟုတ် သံအရာရှိတွေနဲ့ ဆက်သွယ်ခွင့် မရခဲ့ပါဘူး။

ခြေလှမ်း ၈ လှမ်းစာပဲရှိတဲ့ အခန်းထဲမှာ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် လမ်းလျှောက်ရင်း ဇာတ်လမ်း တွေ စိတ်ထဲမှာ ပုံဖော်ရေးတာ၊ အမေရိကန် ပြည်နယ် ၅၀ နဲ့ သမ္မတတွေကို နာမည်အစဉ်အတိုင်း ရေရွတ်တာတွေနဲ့ တနေ့တာ အချိန်ကုန်အောင် လုပ်ခဲ့ရပါတယ်။ သံရုံးတာဝန်ရှိသူ ဒါမှမဟုတ် ဘယ်သူနဲ့မှ သူ့ကိုတွေ့ခွင့်မပေးခဲ့ပါဘူး။

အဆိုးရွားဆုံး ရုပ်ပိုင်း နှိပ်စက်ခံရတာကတော့ ရမန်ယူဖို့အတွက် အင်းစိန်ထောင်ကနေ အနားက တရားရုံးကို အပတ်စဉ်သွားခဲ့ရတာပဲလို့ Sean ကပြောပါတယ်။ အဲဒီလိုသွားရတိုင်းမှာ အရေအတွက် ၅၀ အထိရှိတဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ အားလုံးကို တန်းစီ ကြိုးချည်ပြီးတော့ သွားခဲ့ရတာပါ။

“လူ ၂၀ လောက်ပဲ ဆန့်မယ့်ကားထဲမှာ ကျနော်တို့ကို ထိုးထည့်တယ်။ တယောက်နဲ့တယောက် ပူးကပ်ပြီး လိုက်သွားရတယ်။ ပူလိုက်တာဆိုတာ၊ ချွေးက မျက်နှာပေါ်စီးကျ၊ အန်တဲ့လူ၊ ချွေးထွက်လွန် တဲ့လူ၊ မေ့မျောတဲ့လူနဲ့၊ ကားထဲမှာ ပြည့်သိပ်ပြွတ်ကျပ်နေလို့သာ ကြမ်းပြင်ပေါ် လဲမကျကြတာ” လို့ Sean က ပြန်ပြောပြပါတယ်။

“၁၉၈၈ ခုနှစ်က အဲဒီအတိုင်း အတိအကျဖြစ်ခဲ့တာပဲလေ။ အချုပ်ကားနောက်ခန်းထဲ အားလုံးကို ထိုးသိပ်ထည့်သယ်သွားပြီး ကားတံခါးလည်းဖွင့်လိုက်ရော ထက်ဝက်လောက်က အသက်မရှိတော့တာ လေ။”

သူ့ကို ရှင်သန်စေခဲ့တဲ့ အဓိကအကြောင်းနှစ်ခုကတော့ သူ့ဇနီးဖြစ်သူ Ha Vu နဲ့ ဇနီးဖြစ်သူက အပတ်တိုင်း ပို့ပေးခဲ့တဲ့ စာအုပ်တွေပါပဲ။ အဲဒါတွေကပဲ သူ့ရဲ့ “အားအနည်းဆုံး ပျော့ကွက်နှစ်ခုပါပဲ … ဘာကြောင့်လဲဆိုတော့ အဲဒီနှစ်ခုသာ မရှိတော့ဘူးဆိုရင် ကျနော် အသက်ဆက်နိုင်ခဲ့ပါမလား မသိဘူး။”

နောက်ပိုင်းမှာတော့ ဇနီးသည်ဖြစ်သူ ပေးပို့တဲ့ စာအုပ်တွေ၊ ကိုယ်တိုင်လုပ်တဲ့ မုန့် စတာတွေကို Sean Turnell အပတ်စဉ် ရခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို ဇနီးဖြစ်သူ Ha နဲ့ တိုင်ပင်ပြီး သူ့ဆီ အရောက် ပို့ပေးခဲ့သူကတော့ သူ့မိတ်ဆွေတဦးဖြစ်သူ အမေရိကန် စီးပွားရေးပညာရှင် Curtis Slover ပါ။

“သတ္တိအပြောင်ဆုံး၊ အကောင်းဆုံးလူ” ပါပဲလို့ Curtis Slover ကို Sean က ချီးမွမ်းပါတယ်။

“ကျနော့်ကိုကူဖို့သက်သက် မြန်မာပြည်မှာ နေခဲ့တာလို့ပြောရင် သူကငြင်းမှာပဲ၊ ဒါပေမယ့် ကျနော် သိတယ်၊ သူ အဲဒါအတွက် နေခဲ့တာ။”

သူ့အသက်ကို ကယ်ခဲ့သူတွေထဲက တဦးအဖြစ်လည်း Curtis Slover ကို Sean က အသိအမှတ်ပြု ပြောဆိုပါတယ်။

“သူက သိပ်ကို ပေါ်ပေါ်ထင်ထင် အဖြစ်ခံခဲ့တာဗျ။ ကျနော့်အတွက် ပါဆယ်တွေပို့ပေးခဲ့တာ သူပဲ။ Ha နဲ့ သူနဲ့ဟာ ရက်ပေါင်း ၆၅၀ လုံးလုံး သေချာ အကွက်ချ တိုင်ပင်ပြီး လုပ်ခဲ့ကြတာ။”

နောက် ကယ်တင်ရှင်တဦးကတော့ မူဆလင် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုခင်မောင်ရွှေပါ။ Sean Turnell အင်းစိန်ထောင် ရောက်လာပြီးတဲ့နောက်မှာ ဘုရားသခင် အလိုတော်အရ သူ့အနေနဲ့ Sean ကို စောင့်ရှောက်ရမယ်လို့ ယုံကြည်ယူဆခဲ့သူဖြစ်ပါတယ်။

“သူက ကျနော့်အခန်းဘေးက အခန်းမှာ။ ကျနော့်အသက်ကို သူကယ်ခဲ့တာ” လို့ Sean က ရိုးရိုးရှင်းရှင်းပဲ ပြောပြပါတယ်။ “ကျနော့်အတွက် အားလုံးလုပ်ပေးတယ်။ ချက်ပြုတ် လျှော်ဖွတ်ပေး တယ်၊ အော့နှလုံးနာစရာ နှစ် ၃၀ လောက် ညစ်ပတ်စုတ်ပြတ်နေတဲ့ ကျနော့်အကျဉ်းခန်းကို သူ သန့်ရှင်းပေးခဲ့တာ။ ကျနော့်အတွက် ဓားတလက်လည်း လုပ်ပေးခဲ့တယ်။ သူ့ကို ကျနော်ချစ်တယ်။”

Sean Turnell အမှုရင်ဆိုင်ဖို့ အင်းစိန်ထောင်ကနေ နေပြည်တော် အချုပ်ထောင်ကို ပြောင်းခံရပြီးတဲ့ နောက် တလအကြာမှာတော့ ကိုခင်မောင်ရွှေ အသတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

အံ့ဖို့ကောင်းတာကတော့ နေပြည်တော် အချုပ်ထောင်ဟာ အင်းစိန်ထောင်ထက် ပိုဆိုးနေတာပါပဲ။ အမြဲ အရက်မူးနေတဲ့ အချုပ်ထောင်မှူး လက်အောက်က ညံ့ဖျင်းလှတဲ့ နေပြည်တော် အချုပ်ထောင် ဟာ ပိုးဟပ်တွေ၊ ခြင်တွေနဲ့ ပြည့်နေသလို မိုးရွာတိုင်း မိုးယိုပါတယ်။

“ချွေးက အဆက်မပြတ်ကျ၊ ဘာမှလုပ်စရာမရှိဘဲ တရက်ကို နာရီ ၂၀ အခန်းထဲမှာ လှောင်ပိတ်ခံထား ခဲ့ရတာ။”

“မိုးတွင်းဆို မိုးယိုတော့တာပဲ။ တခါတခါဆိုရင် မိုးယိုတဲ့အောက်မှာ အဝတ်အစားနဲ့စောင်တွေ မိုးမစိုအောင် ကိုင်ထားပြီး တညလုံး ထိုင်နေရတယ်။”

“တခါတခါဆို ကျနော် စိတ်လွှတ်ပြီး အော်ဟစ်ပလိုက်တယ်။ ကိုယ့်ဖာသာ သိမယ်တောင်မထင်တဲ့ ဆဲရေးတိုင်းထွာတာတွေ ပါးစပ်က ထွက်သွားတာပဲ။”

အဲဒီလိုအခြေအနေတွေအောက်မှာ စိတ်ဖြေစရာလေးတခုကတော့ တရားရုံးထွက်ရတဲ့နေ့တိုင်း ရုံးမတက်ခင် ရှေ့နေတွေ၊ အမှုတွဲတွေနဲ့ နာရီဝက်အချိန်လေးလောက် တွေ့ရတာပါပဲ။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်းပါပြီး ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရသော်ငြား “သိပ်ကိုကောင်းမွန်တဲ့ အနေအထား” မှာ ရှိနေဆဲပဲလို့ Sean ကပြောပါတယ်။

Sean Turnell ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိဆဲပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်တပ်က သတ်ဖြတ်တဲ့အပေါ် ဝေဖန် ရှုတ်ချတာ မလုပ်ခဲ့တဲ့အတွက် အကြီးအကျယ် ဝေဖန်ခံခဲ့ရပေမယ့်လည်း မြန်မာနိုင်ငံအတွက် ကောင်းကျိုးတွေကိုသာ လိုလားသူ ဖြစ်တယ်လို့ Sean Turnell က ရပ်ခံ ပြောဆိုပါတယ်။

ဒါပေမယ့် သူ့ဘဝ အချိန်အများစုကို နှစ်မြုပ် လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံဆီ သူ ပြန်သွားခွင့် ရချင်မှ ရတော့မယ်ဆိုတာကိုတော့ Sean Turnell တယောက် သဘောပေါက် လက်ခံထားပါတယ်။

ပြန်ဆိုသူ – မြင့်ထက်အောင်

About The Call 605 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*