
“မြန်မာ့အရေး အမေရိကန် ဘယ်လိုကိုင်တွယ်နေလဲ၊ ဒဲရက် ရှိုးလေး ပြောကြားချက်”Shannon Tiezzi
(ဘာသာပြန်ဆိုသူ-ကျော်မိုး)
(မတ်လ ၂၈ ရက်နေ့က The Diplomat အွန်လိုင်းသတင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် Derek Chollet on How the US Is Handling the Myanmar Crisis ခေါင်းစဉ်ဖြင့် Shannon Tiezzi ၏ တွေ့ဆုံမေးမြန်းချက်ကို The Call ပရိသတ်များအတွက် ဆောင်းပါးရှင် ကျော်မိုးက ဘာသာပြန်ဆိုထားပါသည်။)
“မြန်မာ့အကြပ်အတည်း ဖြေရှင်းရေး အာဆီယံကို ဗဟိုပြုရမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ မြန်မာ့အရေးဟာ အရှေ့တောင်အာရှဒေသ လက်ရှိကြုံတွေ့နေရတဲ့ အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ အကြပ်အတည်းဖြစ်ပါတယ်”
လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလတွင် မြန်မာစစ်တပ် အာဏာသိမ်းယူချိန်မှစ၍ တိုင်းပြည်သည် အဘက်ဘက်မှ
ယိုယွင်းပျက်စီးလျက်ရှိသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ကနဦး လူထုလှုပ်ရှားမှုကြီးများ အကြမ်းဖက်ခံရသည့် အခါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၎င်းတို့၏ စစ်ရေးတပ်ဖွဲ့များကို စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် တိုင်းပြည်ကို ထိန်းချုပ်နိုင်ရေး ဒီမိုကရေစီလိုလားသည့် အင်အားစုများ၊ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာစစ်တပ်ကြား အားပြိုင်လျက်ရှိသဖြင့် ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိသည်။ “မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ၂၅၅ မြို့နယ် သို့မဟုတ် မြို့နယ် ၅ ခုအနက် ၄ ခုတွင် စစ်တပ်နှင့် စစ်တပ်အုပ်စိုးမှုကို ဆန့်ကျင်တွန်းလှန်သည့် အင်အားစုများကြား လက်နက်ကိုင်ပဋိပက္ခဖြင့် ကြုံတွေ့နေရသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ယခုလအစောပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။
ယင်းသို့သော နောက်ခံအခြေအနေတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက် ရှိုးလေး (Derek Chollet) သည် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သို့ မတ်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း သွားရောက်ခဲ့သည်။ ခရီးစဉ်မတိုင်ခင် ထုတ်ပြန်ချက်တွင် ချောလက်သည် “မြန်မာနိုင်ငံတွင်း ဆိုးရွားလာသည့် အကြပ်အတည်း၊ မြန်မာလူထု၏ ဆန္ဒသဘောထားပေါ်တွင် အခြေတည်သည့် ငြိမ်းချမ်းပြီး တရားမျှတသော ဖြေရှင်းနည်း ရရှိနိုင်ရေးအပါအဝင် တခြားသော နှစ်နိုင်ငံအရေးကိစ္စများနှင့် ဒေသတွင်း အရေးကိစ္စများကို အစိုးရအဖွဲ့ အကြီးတန်းတာဝန်ရှိသူများ၊ အဓိက သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးမည်” ဟု ဖော်ပြထားသည်။
မတ်လ ၂၇ ရက်နေ့တွင် The Diplomat မှ Shannon Tiezzi က ရှိုးလေးကို တွေ့ဆုံမေးမြန်းခဲ့သည်။ မြန်မာ့ အကြပ်အတည်းဖြေရှင်းရေး အမေရိကန် လုပ်ဆောင်ချက်၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ထိတွေ့ဆက်ဆံမှု၊ အာဆီယံ၊ တရုတ်တို့နှင့် သံတမန်ရေး ညှိနှိုင်းဆောင်ရွက်မှုတို့ကို မေးမြန်းခဲ့သည်။ အောက်တွင်ဖော်ပြထားချက်များသည် အဓိပ္ပာယ်ရှင်းလင်းလွယ်ကူစေရန် အနည်းငယ်သာ တည်းဖြတ်ထားသည့် တွေ့ဆုံမေးမြန်းခန်း စာသားများဖြစ်သည်။
၂၀၂၃ ခုနစ် NDAA ဥပဒေမှာပါတဲ့ ၂၀၂၃ Burma Act ကြောင့် NUG ကိုထောက်ပံ့ရေး အမေရိကန်က ပိုပြီး တက်တက်ကြွကြွ လုပ်ဆောင်လာလိမ့်မယ်လို့ NUG ထောက်ခံသူတွေကြားမှာ မျှော်လင့်ချက်တွေ မြင့်လာပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး အစီအစဉ်တွေ လုပ်ဆောင်နေပါသလဲ။
NUG နဲ့ လူသိရှင်ကြားရော၊ သီးသန့်အနေနဲ့ပါ တောက်လျှောက် ကျနော်တို့ ပုံမှန် ထိတွေ့ဆက်ဆံလာတာ အခုဆို နှစ်နှစ်နီးပါးရှိနေပါပြီ။ NUG စဖွဲ့ကတည်းက ဆိုပါစို့။ NUG နဲ့ ထိတွေ့ဆက်ဆံဖို့၊ မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေ အထူးသဖြင့် NUCC နဲ့ ထိတွေ့ဖို့၊ တချို့သော လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဖို့ ပြီးခဲ့တဲ့သီတင်းပတ်က ကျနော်သွားခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ထိုင်းခရီးစဉ်အပါအဝင် တောက်လျှောက်ဆိုသလို ကျနော်တို့မိတ်ဘက်တွေကို တိုက်တွန်းနေပါတယ်။ ကျနော်တို့လည်း အဲဒီအဖွဲ့တွေနဲ့ ထိတွေ့လျက်ရှိပါတယ်။ နိုင်ငံအသီးသီးအနေနဲ့ NUG နဲ့ ထိတွေ့ဆက်ဆံရေး သူတို့လုပ်နိုင်သမျှ လုပ်ဆောင်ဖို့ တကယ့်ကို အရေးကြီးတယ်လို့ ကျနော်တို့ ယူဆပါတယ်။
အဲဒီလို ထိတွေ့ဆက်ဆံမှုတွေအပြင် အစိုးရတရပ်အနေနဲ့ အုပ်ချုပ်ဖို့ သူတို့ကြိုးပမ်းနေတဲ့ကာလမှာ ပိုပြီး ထိရောက်စွာ စွမ်းဆောင်နိုင်ဖို့ ကျနော်တို့ အကူအညီပေးနေတာတွေ ရှိပါတယ်။ အုပ်ချုပ်ရေးပိုင်း စွမ်းရည်တွေ၊ စီမံကိန်းချတဲ့အပိုင်း၊ ဘဏ္ဍာငွေကြေး စီမံခန်မှုပိုင်း စတဲ့ကဏ္ဍတွေပေါ့။ သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အများစုက နိုင်ငံတွင်းကနေ မောင်းထုတ်ခံထားရတာကြောင့် တကွဲတပြားစီ နေထိုင်နေရတာ စတဲ့အချက်တွေကြောင့် သူတို့ကို အထောက်အပံ့ပြုဖို့ ကျနော်တို့ မဟာမိတ်တွေ၊ မိတ်ဘက်တွေနဲ့ လက်တွဲပြီး ကျနော်တို့ လုပ်ပေးနိုင်တာေတွ အများကြီးရှိပါတယ်။
(အမေရိကန်) ကွန်ဂရက်လွှတ်တော်ကလည်း NUG နဲ့ ထိတွေ့နေတဲ့အပေါ် ကျနော်တို့ အများကြီး ကျေးဇူးတင်ပါတယ်။ အလားတူပဲ လွှတ်တော်အမတ်တွေအနေနဲ့လည်း ထိတွေ့ဆက်ဆံဖို့ အရေးကြီးပါတယ်။
အဲဒါတွေဟာ နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ လုပ်နေတာတွေပါပဲ။ အွန်လိုင်းကနေ လုပ်ဆောင်တာရှိသလို လူကိုယ်တိုင်တွေ့ဆုံပြီး လုပ်ဆောင်တာလည်း ရှိပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးကို နှစ်ကြိမ်ထက်မနည်း (ဝါရှင်တန် ဒီစီမှာ) ကျနော်တို့ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဝါရှင်တန်မှာရှိတဲ့ NUG ရုံးတွေကို ကျနော်ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။ အလားတူပဲ ကျနော့်လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ (အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး) ဒန် ခရီတင်ဘရင့်၊ (ပြည်မ အရှေ့တောင်အာရှဒေသရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး) မလီဆာ ဘရောင်းတို့လည်း သွားရောက်ခဲ့ပါတယ်။ တခြားနိုင်ငံတွေလည်း အလားတူ လုပ်ဆောင်သင့်တယ်လို့ ကျနော်တို့မြင်ပါတယ်။ တချို့က လုပ်ဆောင်နေပြီး တချို့ကတော့ မလုပ်ကြပါဘူး။ NUG ကို ထောက်ခံပံ့ပိုးရေး သူတို့တတ်နိုင်သမျှ အရှိန်မြှင့်လုပ်ဆောင်ကြဖို့ နိုင်ငံတွေကို ကျနော်တို့ အပြင်းအထန် တိုက်တွန်းနေပါတယ်။
အာဆီယံရဲ့ တုံ့ပြန်ဆောင်ရွက်မှုအကြောင်း ကျမ နည်းနည်းမေးချင်ပါတယ်။ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး တိုးတက်မှုမရှိတဲ့အပေါ် အာဆီယံအဖွဲ့တွင်းမှာတောင် အပြင်းအထန် ဝေဖန်နေကြပါတယ်။ အခုချိန်ထိ တိုးတက်မှု လုံးဝမရှိတာကြောင့် တချို့ဆို အဲဒီ သဘောတူညီချက် အလုပ်ဖြစ်ပါ့မလားလို့တောင် မေးနေကြပါပြီ။ အဲဒီတော့ ဒီအကြပ်အတည်း ဖြေရှင်းရေး အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုကို ဝါရှင်တန်က ဘယ်လိုများ အကဲဖြတ်ထားပါသလဲ။
ဦးဆုံးပြောချင်တာက အာဆီယံရဲ့ အားထုတ်မှုကို ကျနော်တို့ အပြည့်အဝ ထောက်ခံတယ်ဆိုတာပါ။ မြန်မာ့အကြပ်အတည်းဖြေရှင်းရေး အာဆီယံကို ဗဟိုပြုရမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ မြန်မာ့အရေးဟာ အရှေ့တောင်အာရှဒေသ လက်ရှိကြုံတွေ့နေရတဲ့ အကြီးမားဆုံး လုံခြုံရေးဆိုင်ရာ အကြပ်အတည်းပါ။ ဒီအရေးမှာ အာဆီယံ ရဲ့ခေါင်းဆောင်မှုက အရေးကြီးတယ်လို့ ကျနော်တို့ မြင်ပါတယ်။ တိုးတက်မှုမရှိ နှေးကွေးနေတဲ့ပုံရှိမယ်၊ တချို့တွေအတွက် စိတ်ပျက်စရာကောင်းနေမယ် ဆိုရင်တောင်မှ အာဆီယံရဲ့ခေါင်းဆောင်မှုက အရေးကြီးတယ်လို့ ကျနော်တို့ ယူဆပါတယ်။
အာဆီယံရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်တွေ ဘယ်လောက်အရေးပါတယ်ဆိုတာ ခင်ဗျားတို့ရဲ့ စာဖတ်သူတွေ ကောင်းကောင်းသိပါတယ်။ ထိပ်သီးအစည်းအဝေးတွေ၊ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေနဲ့ တခြားအစည်းအဝေးတချို့လို အဓိကကျတဲ့ အစည်းအဝေးတွေမှာ မြန်မာပါဝင်မှု အဆင့်နှိမ့်ချရေး ဆုံးဖြတ်ချက်ကို အာဆီယံက ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတခုအပေါ် အဲဒီလိုလုပ်တယ်ဆိုတာ အာဆီယံအတွက် မကြုံစဖူး လုပ်ဆောင်ချက်ပါ။ ဒါကို လက်ခံပေးဖို့လိုပါတယ်။ ဒါက လုံးဝခိုင်လုံတဲ့ အကြောင်းအချက်လို့ ကျနော်တို့ ယူဆပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ဂျကာတာမှာ အစည်းအဝေးတွေသွားတက်ပြီး ကျနော်ပြန်လာပါတယ်။ အဲဒီမှာ နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ အပါအဝင် ဂျကာတာမှာရှိတဲ့ အာဆီယံရဲ့ အဓိကအလုပ်အဖွဲ့၊ မြန်မာ့အရေး အဓိက အလုပ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌ အခန်းကဏ္ဍအပေါ် သူတို့ (အင်ဒိုနီးရှား) အနေနဲ့ တကယ့်ကို လေးလေးနက်နက်ရှိပါတယ်။ ဒီအကြပ်အတည်းဟာ ခက်ခဲ၊ ရှုပ်ထွေးပြီး တော်တော်လေး အမြစ်တွယ်နေတဲ့အရေးဖြစ်တယ်၊ အလွယ်တကူ ဖြေရှင်းနိုင်တဲ့နည်းလမ်း မရှိဘူးဆိုတဲ့အသိနဲ့ မျှော်လင့်ချက်တွေကို အကန့်အသတ်နဲ့ပဲ ထားရှိပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှားဟာ အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်အပေါ် အတော်လေး အလေးအနက်ထားပါတယ်။ မြန်မာ့အကြပ်အတည်းအပေါ် အာရုံစိုက်လုပ်ဆောင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနထဲမှာ ရုံးအသစ်တခု သူတို့ ထူထောင်ထားပါတယ်။ အဲဒီရုံးကိုဦးဆောင်ဖို့ ဝါအရင့်ဆုံးနဲ့ လေးစားမှုအခံရဆုံး သံတမန်တဦးကိုလည်း ခန့်အပ်ထားပါတယ်။ အဲဒီသံတမန်ဟာ ကျနော်တို့ ကောင်းကောင်းသိထားသူဖြစ်ပြီး အမေရိကန်အစိုးရအမြင်အရဆိုရင် ကျနော်တို့ရဲ့ တကယ့် လက်တွဲလုပ်ဆောင်ဖက်တဦးဖြစ်ပါတယ်။
စစ်အုပ်စုကို ဖိအားဆက်ပေးပြီး အထီးကျန်ဖြစ်နေစေရေး၊ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေကို ထောက်ပံ့နိုင်ရေး၊ တနေ့ထက်တနေ့ လိုအပ်ချက်တွေ ပိုပိုကြီးမားလာတဲ့ မြန်မာနိုင်ငံတွင်းကလူထုကို လူသားချင်း စာနာထောက်ထားမှုအကူအညီ ပေးအပ်နိုင်ရေး အားလုံးပေါင်းပြီး ဘယ်လိုလုပ်နိုင်မလဲ ဆိုတာနဲ့ပတ်သက်လို့ သူတို့ အာရုံစိုက် လုပ်ဆောင်နေပါတယ်။
နိုင်ငံစုံ စုပေါင်းလုပ်ရင် တခါတခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝအတိုင်းပါပဲ၊ နေတိုးအဖွဲ့ပဲဖြစ်ဖြစ် အာဆီယံပဲဖြစ်ဖြစ်ပါ၊ တခါတရံ တချို့သူတွေ လိုလားသလောက် ကိစ္စရပ်တွေ မြန်မြန်ပြီးလေ့မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့အနေနဲ့ကတော့ အာဆီယံရဲ့ ခေါင်းဆောင်မှုနဲ့ ညီညွတ်မှုအပေါ် အတော့်ကို လေးစားချီးကျူးပါတယ်။ ဒီကိစ္စ (မြန်မာ့အရေး) ကို အာဆီယံက ကြိုးပမ်းလုပ်ဆောင်နေတာမှာ ကျနော်တို့လုပ်နိုင်တာမှန်သမျှ ပါဝင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
နိုင်ငံတကာက တခြား အဓိကအဖွဲ့အစည်းတွေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပါဝင် ပြောဆို လုပ်ဆောင်နေကြတယ်ဆိုတာကိုလည်း သတိပြုမိဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာ့အကြပ်အတည်းဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အထူးပဲ အားကြိုးမာန်တက် လုပ်ဆောင်နေသလို (အာဆီယံ) ဒေသအပြင်ဘက်က စိတ်တူသဘောတူ နိုင်ငံတွေလည်း အလားတူပါပဲ။ သူတို့အားလုံးနဲ့ တတ်နိုင်သမျှ ထိတွေ့ဆက်ဆံနေဖို့ အမေရိကန်ကလည်း ကြိုးပမ်းနေပါတယ်။
အထူးသဖြင့် ဘုံသဘောတူညီချက်ဆိုတာပေါ် အခြေပြုတဲ့ အဖွဲ့အစည်းတွေ – နေတိုးအဖွဲ့မှာလည်း တချိန်လုံး ကျနော်တို့ ဒါကို ကြုံနေရတာပါ – အမြင်မတူတဲ့နိုင်ငံတွေ၊ တခါတလေ လိုလားချက်က ကွဲပြား၊ ဦးစားပေးမှုက ကွဲပြားတဲ့နိုင်ငံတွေကြားမှာ အားလုံးသဘောတူလာအောင် လုပ်ရတာပါပဲ။ ဒါကြောင့် တခါတခါမှာ အားလုံးဟာ တူညီတဲ့နှုန်းနဲ့ ရွေ့မနေနိုင်ပါဘူး။ ဒါပေမယ့် အရေးကြီးတာက ဘုံသဘောတူညီချက်ကို ဆက်ထိန်းထားဖို့ပါပဲ။ အာဆီယံက အဲဒီ ဘုံသဘောတူညီချက်ကို ဆက်ထိန်းထားတယ်ဆိုတာ အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံ ၉ ခုရဲ့ ဘုံသဘောတူညီချက်ပါ။ မြန်မာရဲ့ သဘောတူညီချက်ကိုတော့ သူတို့မရဘူးပေါ့။ ဒါပေမယ့် အဲဒီ ၉ နိုင်ငံဟာ အတော့်ကို ခိုင်ခိုင်မာမာနဲ့ အားလုံးအတူတကွ ရပ်တည်နေပါတယ်။
ဒါပေမယ့်လည်း အဲဒီ ခပ်ဖြေးဖြေးသွားနေတဲ့ အဖွဲ့ဝင်တွေကို ဖယ်ထုတ်လိုက်ဖို့ ပြောသံဆိုသံတွေလည်း တခါတခါ ကြားနေရပါတယ်။ အင်ဒိုနီးရှားလို၊ ဖြစ်နိုင်တာ မလေးရှားလိုနိုင်ငံတွေနဲ့ ပိုပြီး ခပ်မြန်မြန်လုပ်ကိုင်ဖို့ တချို့ပညာရှင်တွေက ထောက်ပြနေတာလည်း ရှိပါတယ်။ အဲဒီနိုင်ငံတွေက ရှေ့ကိုမျှော်ကြည့်တဲ့ ခပ်မာမာသဘောထား ရှိသလို မြန်မာစစ်တပ်ကိုလည်း ပိုပြီး ဝေဖန်ပြောဆိုကြပါတယ်။ အဲဒီလိုလုပ်ဖို့ သဘောထားရှိပါသလား သို့မဟုတ် အဖွဲ့ဝင်နိုင်ငံ ၉ ခုလုံးရဲ့ ဘုံသဘောတူညီချက်နဲ့ “အာဆီယံနည်းလမ်း” အတိုင်း အမေရိကန်အစိုးရက ဆက်သွားချင်ပါသလား။ လက်ရှိမှာတော့ မြန်မာမပါဘူးပေါ့။
ထပ်လောင်းပြောချင်တာကတော့ အာဆီယံ ဗဟိုပြုမှုကို ကျနော်တို့ ယုံကြည်ပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ကျနော်တို့ အပြည့်အဝ ထောက်ခံပါတယ်။ ပြီးခဲ့တဲ့နှစ် အာဆီယံခေါင်းဆောင်တွေ အစည်းအဝေး မှာ ဘုံသဘောတူညီချက် ၅ ချက်အပေါ် ထပ်မံဖြည့်စွက်ခဲ့တာကိုလည်း သဘောတူညီပါတယ်။ အဲဒီအစည်းအဝေးမှာ မလေးရှားက ဘုံသဘောတူညီချက် ၅ ရပ်ထဲက အချက်တွေကို ရရှိအောင်မြင်တယ်ဆိုတာမှာ တိတိကျကျ သတ်မှတ်ထားတဲ့ မှတ်ကျောက်တွေ ထည့်သွင်းဖို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အာဆီယံနဲ့ပတ်သက်ရင် ကျယ်ကျယ်ပျံ့ပျံ့ကြည့်မြင်ဖို့နဲ့ ကျနော်တို့ရဲ့ အလုံးစုံသော ရည်မှန်းချက်က ဘာလဲဆိုတာ အမှတ်ရဖို့ အရေးကြီးတယ်လို့လည်း ကျနော်ထင်ပါတယ်။ အာဆီယံနဲ့ သမ္မတဘိုင်ဒင် အစိုးရကြားမှာ ပိုပြီးနက်ရှိုင်းတဲ့ဆက်ဆံရေး တည်ဆောက်ဖို့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တခု ကျနော်တို့ ချမှတ်ထားပါတယ်။ အမရိကန်-အာဆီယံ အထူး ထိပ်သီးအစည်းအဝေးတခုကို ပြီးခဲ့တဲ့နှစ်အတွင်း ဝါရှင်တန်မှာ သမ္မတက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ အဲဒါဟာ အာဆီယံခေါင်းဆောင်တွေ ဝါရှင်တန်ကို ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသတွင်းက စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကပဲ ကျနော်တို့ရဲ့ မဟာဗျူဟာ အနာဂတ်ကို ပိုပိုပြီး ပုံဖော်သွားမယ်လို့ ယုံကြည်ပါတယ်။ အာဆီယံဒေသတွင်း အကြပ်အတည်း တခုဖြစ်တဲ့ မြန်မာ့အရေး ဖြေရှင်းရေးပဲဖြစ်ဖြစ်၊ တရုတ်နိုင်ငံ အင်အားကြီးမားလာတာကနေ ပေါ်လာတဲ့ စိန်ခေါ်မှုပေါင်းစုံကို ကိုင်တွယ်ရေးမှာပဲဖြစ်ဖြစ်၊ ဥတုရာသီပြောင်းလဲမှုကို ကိုင်တွယ်ရေးပဲဖြစ်ဖြစ်၊ ၂၁ ရာစုတွင်း ကျနော်တို့ရဲ့စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ် အာဆီယံဟာ ကျနော်တို့ရဲ့ အရေးပါတဲ့ မိတ်ဖက်ပါ။ အာဆီယံနဲ့ ကျနော်တို့ကြား ဆက်ဆံရေးက အဲဒီအရေးကိစ္စတွေအားလုံးကို ပုံဖော်နေတယ်ဆိုတာ ကျနော်တို့ ပိုပိုပြီးတွေ့လာရပါတယ်။
အဲဒီတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံမိတ်ဆွေတွေကို ချဉ်းကပ်တဲ့အခါမှာ ပိုပြီးကြီးမားတဲ့ ဒီမြင်ကွင်းကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
အာဆီယံအပြင်ဘက်ကို ကြည့်မယ်ဆိုရင် တရုတ်ဟာ နောက်ထပ် အရေးကြီးတဲ့နိုင်ငံတခုဆိုတာ ထင်ရှားပါတယ်။ မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်၊ (ဒေါ်) အောင်ဆန်းစုကြည်အစိုးရနဲ့ အနီးကပ်ဆက်ဆံရေး ရှိခဲ့ဖူးသလို အခုဆို မြန်မာစစ်တပ်နဲ့လည်း အနီးကပ်ဆက်ဆံရေး ရှိနေပါတယ်။ လက်ရှိအကြပ်အတည်းအတွက် အဆုံးသတ်အဖြေတခု ရှာတဲ့နေရာမှာ တရုတ်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါနေတယ်လို့ အမေရိကန်က ရှုမြင်ပါသလဲ၊ ဒါမှမဟုတ် ဒီအရေးနဲ့ပတ်သတ်ပြီး တရုတ်အစိုးရနဲ့ ပြောဆိုဆွေးနွေးတာ တခုခုများ ရှိထားပါသလား။
မြန်မာ့အနာဂတ် ပုံဖော်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံ ပြန်ရောက်ရေး၊ မြန်မာနိုင်ငံ ဆက်လက် တည်ငြိမ်ရေး၊ တည်ငြိမ်လာရေးတို့မှာ တရုတ်အပါအဝင် မြန်မာနိုင်ငံရဲ့ တိုက်ရိုက်အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို (နယ်မြေ နည်းနည်းထိစပ်နေပါတယ်) တို့ဟာ အရေးပါတဲ့ကဏ္ဍမှာ ရှိနေမှာပါ။ ဒီကိစ္စမှာ သူတို့အားလုံး အကျိုးစီးပွားတခု ရှိနေပါတယ်။
မြန်မာနိုင်ငံတွင်းက စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေး ကြိုးစားတဲ့နေရာမှာ တရုတ်နဲ့ လက်တွဲလုပ်ဆောင်ဖို့ ကျနော်တို့ တကယ်ပဲ လိုလားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခုချိန်ထိတော့၊ ပြောရရင်တော့ဗျာ၊ အတော်လေး ယေဘုယျဆန်တဲ့ အဆင့်တွေမှာ ဆွေးနွေးဖူးပါတယ်။ မြန်မာ့အကြပ်အတည်းကိုင်တွယ်ဖို့ အတော့်ကို လူသစ်ဖြစ်တဲ့ အထူးသံတမန်တယောက်ကို တရုတ်ကခန့်ထားပြီး ကျနော်တို့ သူနဲ့ မထိစပ်ရသေးပါဘူး။ ဒါပေမယ့် ထိစပ်သွားဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။
မြန်မာနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ နိုင်ငံပဲဖြစ်ဖြစ်၊ အာဆီယံနိုင်ငံတွေပဲဖြစ်ဖြစ်၊ တခြားသော စိတ်တူကိုယ်တူ နိုင်ငံတွေပဲဖြစ်ဖြစ် – ဥပမာ၊ ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဥရောပသမဂ္ဂ – သူတို့နဲ့ ကျနော်တို့ အဆက်မပြတ် ထိစပ်နေပါတယ်။ တချို့ကိစ္စတွေမှာဆိုရင် – အထူးသဖြင့် စိတ်တူကိုယ်တူရှိတဲ့ နိုင်ငံတွေနဲ့ဆိုရင် – အရေးယူပိတ်ဆို့မှုပိုင်း ညှိနှိုင်းလုပ်ဆောင်တယ်၊ သံတမန်ရေးမှာလည်း ညှိနှိုင်းဆောင်ရွက်ပါတယ်။ အာဆီယံမိတ်ဆွေတွေနဲ့ဆိုရင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး၊ စစ်အုပ်စုကို ဖိအားပေးရေး၊ အထီးကျန်စေရေး၊ သူ့လမ်းကြောင်းပြောင်းစေရေးတွေမှာ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့တွေနဲ့လည်း လက်တွဲလုပ်ဆောင်လျက်ရှိပါတယ်။
မြန်မာနိုင်ငံတွင်းက ထွက်လာတဲ့ စိုးရိမ်ထိတ်လန့်ဖွယ်သတင်းတွေကြောင့်လည်း အရှေ့တောင်အာရှဆိုင်ရာ အမေရိကန်မူဝါဒမှာ လူ့အခွင့်အရေးက ဘယ်ကဏ္ဍကနေ ပါဝင်နေသလဲဆိုပြီး ကျယ်ပြန့်တဲ့ မေးခွန်းထုတ်မှုတွေ ပေါ်လာပါတယ်။ မြန်မာနိုင်ငံကတော့ သိသာထင်ရှားစွာပဲ ပြည်တွင်းစစ် ချောက်ကမ်းပါးထဲ ကျလုနီးဖြစ်နေပါပြီ၊ ဒါက အရမ်းကို စိုးရိမ်ဖို့ကောင်းတဲ့ကိစ္စပါ။ တခြားသော ဒေသတွင်းနိုင်ငံတွေကို ကြည့်ရင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု အချိုးအစားသာ ကွာတာတွေ့ရပါတယ်။ လာအိုက တပါတီကြီးစိုးတဲ့ နိုင်ငံတခုဖြစ်ပြီး အမေရိကန်ရဲ့ အနီးကပ်မဟာမိတ် ထိုင်းနိုင်ငံမှာလည်း ရွေးကောက်ပွဲဟာ လွတ်လပ်မှာလား၊ တရားမျှတမှာလား ဆိုတဲ့အပေါ် အတော်လေး စိုးရိမ်နေကြပါတယ်။ အဲဒီတော့ အမေရိကန်ရဲ့ ဒေသတွင်း ကျယ်ပြန့်တဲ့အကျိုးစီးပွားမှာ လူ့အခွင့်အရေးက ဘယ်လိုနေရာက ပါဝင်နေပါသလဲ၊ တခြားသောနယ်ပယ်တွေမှာရှိတဲ့ လူကြီးမင်းတို့ရဲ့ ရည်မှန်းချက်တွေကို ထိခိုက်နိုင်ခြေမရှိဘဲ လူ့အခွင့်အရေးပိုင်းကို ရှေ့တိုးလုပ်ဆောင်နိုင်အောင် လူကြီးမင်းတို့ ဘယ်လို ကြိုးပမ်းနေပါသလဲ။
ဒီသီတင်းပတ်က ဒီမေးခွန်းမေးဖို့ အခွင့်ကောင်းပါ။ ဒုတိယအကြိမ် ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးကို ဒီသီတင်းပတ်အတွင်း ကျင်းပဖို့ အမေရိကန်က ဝိုင်းဝန်း လုပ်ဆောင်ထားတာကြောင့်ဖြစ်ပါတယ်။ ဒီသီတင်းပတ်အတွင်း နေရာအသီးသီးမှာ ကျင်းပနေပါတယ်။ အင်ဒို-ပစိဖိတ်ဒေသအတွက်ဆိုရင် ဆိုးလ်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီပွဲတက်ရောက်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး သွားရောက်လိမ့်မယ်လို့ ကျနော်သိထားပါတယ်။
အရှေ့တောင်အာရှဒေသမှာပဲဖြစ်ဖြစ်၊ ဥရောပမှာပဲဖြစ်ဖြစ်၊ အရှေ့အလယ်ပိုင်းမှာပဲဖြစ်ဖြစ် လူ့အခွင့်အရေးဟာ ကျနော်တို့ နိုင်ငံခြားရေးမူဝါဒရဲ့ အဓိကနေရာမှာ ရှိပါတယ်။ နေရာတိုင်းမှာ အဲဒီအရေးကို ကျနော်တို့ ပြောဆိုပါတယ်။ ကျနော်တို့အမြင်ရဲ့ အရေးပါမှုကို အလေးထားပြောဆိုပါတယ်။ အဲဒီအမြင်ကတော့ လူ့အဖွဲ့အစည်းတွေဟာ လွတ်လပ် ပွင့်လင်းမှုရှိမယ်၊ ဥပဒေ စည်းမျဥ်းစည်းကမ်းတွေအပေါ် အခြေခံမယ်၊ ခေါင်းဆောင်တွေ တာဝန်ခံနိုင်မယ်၊ လွတ်လပ် ပွင့်လင်းတဲ့ သတင်းမီဒီယာရှိမယ်ဆိုရင် ၂၁ ရာစုမှာ နိုင်ငံတွေ အကောင်းဆုံး သာယာဝပြောနိုင်မယ်ဆိုတာပါ။
ဒါတွေက မလွယ်ပါဘူး။ ဒါတွေ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိပ်မဝေးလှတဲ့သမိုင်းကနေ ရခဲ့တဲ့ အတွေ့အကြုံပေါ်အခြေခံပြီး အမေရိကန်အနေနဲ့ သေသေချာချာကို ပြောနိုင်ပါတယ်။ ဒါကြောင့် ဒီအရေးတွေကို ကျနော်တို့ပြောဆိုတဲ့အခါ၊ ဒီကိစ္စတွေရဲ့ အရေးပါပုံကို တခြားနိုင်ငံတွေနဲ့ ပြောဆိုတဲ့အခါ၊ ဒါက ဘယ်လောက်ခက်ခဲနိုင်တယ်ဆိုတာကို ပြောဆိုတဲ့အခါ မျှဝေခံစား စာနာမှု၊ ချင့်ချိန် နှိမ့်ချမှုဆိုတဲ့ ရပ်တည်ချက်နဲ့ ပြောပါတယ်။ ဒါပေမယ့် ရင်ဆိုင်ရနိုင်ခြေတွေကို အသိအမှတ်ပြုခြင်းအားဖြင့်၊ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းတွေကို ပိုမိုပါဝင်မှုရှိတဲ့၊ ပိုမိုပွင့်လင်းပြီး တာဝန်ခံမှုရှိတဲ့ လူ့အဖွဲ့အစည်းတွေဖြစ်လာအောင် ထာဝစဥ်ကြိုးပမ်းခြင်းအားဖြင့် အချိန်ကြာလာတာနဲ့အမျှ ဒါတွေဟာ အားအင်ဖြစ်လာလိမ့်မယ်ဆိုတဲ့ ယူဆချက်ကိုလည်း အခိုင်အမာ ကိုင်စွဲထားပါတယ်။
လူ့အခွင့်အရေးဟာ ကျနော်တို့မူဝါဒရဲ့ နှလုံးသားနေရာမှာ ရှိပါတယ်။ ဒါပေမယ့် နှလုံးသားဆိုတာကို အားလုံးသိထားသလိုပဲ သူဟာ မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်ပေမယ့် ကျနော်တို့မှာရှိတဲ့ တခုတည်းသော အရေးပါတဲ့အစိတ်အပိုင်း မဟုတ်ပါဘူး။ အဲဒါကြောင့်လည်း ဒီအချက်အပါအဝင် ဒါတွေအားလုံးကို ဘယ်လိုမျိုး အချိုးညီညီတွဲစပ်မလဲ၊ ကိစ္စအဝဝ ဟန်ချက်ညီ လည်ပတ်လုပ်ဆောင်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ အမြဲချိန်ဆရပါမယ်။
ကျနော်တို့စိုးရိမ်တဲ့ အရေးကိစ္စတွေကို ထုတ်ဖော်ပြောဆိုလုပ်ကိုင်တာကနေ ရှောင်လွှဲမှာ မဟုတ်ပါဘူး။ လေးစားဖွယ်ကောင်းတဲ့ ကမ္ဘောဒီးယား နိုင်ငံရေးခေါင်းဆောင် ခမ် ဆိုခကို ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် လွန်စွာစိုးရိမ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကပဲ အမေရိကန်ပြည်ထောင်စုကိုယ်စား ကျနော်တို့ ပြောခဲ့ပါတယ်။ ကျနော်တို့ရဲ့ စိုးရိမ်မှုတွေကို ရှင်းလင်းစွာပြောဆိုဖို့ ကျနော်တို့ သံအမတ်ကြီးကိုယ်တိုင် တရားရုံးကို သွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်နေ့လုပ်မယ့် အင်မတန်အရေးပါတဲ့ ရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံကို ကျနော်ရောက်ခဲ့ချိန်အတွင်း အရပ်ဘက် လူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး သူတို့စဥ်းစားတွေးမြင်နေတာ တချို့ကို နားထောင်ခဲ့ပါတယ်။
ကျနော် ထပ်ပြီး ပြောလို့ရတာကတော့ အာရှမှာပဲဖြစ်ဖြစ်၊ အရှေ့အလယ်ပိုင်းမှာပဲဖြစ်ဖြစ်၊ ဥရောပမှာပဲဖြစ်ဖြစ် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရဲ့ အရေးပါမှုကို ကျနော်တို့ အဆက်မပြတ် ထုတ်ဖော် ပြောဆိုနေပါတယ်။ (ဒီကဏ္ဍတွေကို) အားပေးမြှင့်တင်ဖို့နဲ့ ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့ဆိုတာဟာ နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။
(မူရင်း – https://www.google.com/search?client=firefox-b-d…)
(Shannon Tiezzi သည် The Diplomat အွန်လိုင်းသတင်းမဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သည်)
Be the first to comment