အော်စွန်းမိုင်
တချိန်က လွတ်မြောက်ရေးတိုက်ပွဲ ကာလအတွင်းမှာ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးသမားရဲဘော်တွေ၊ သခင်တွေကို ပဲခူးရိုးမထဲမှာ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြရတယ်။ နွေအကုန် မိုးလေး တပြိုက်နှစ်ပြိုက် ရွာချလိုက်တော့ အဲဒီ ကျဆုံးလေပြီးသော ရဲဘော်များရဲ့ ရုပ်ခန္ဓာများကို ထိုးဖောက်ခွဲထွက်ပြီး မြယာပင်များ ပေါက်ရောက်လာကြတယ်လို့ ဖတ်ရှုခဲ့ရဖူးတယ်၊ မှတ်သားခဲ့ရဖူးပါတယ်။
ကမ္ဘာ့တော်လှန်ရေးအဆက်ဆက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသူ တော်လှန်ရေးသမားများကို မြှုပ်နှံသင်္ဂြိုလ် ချန်ရစ်ခဲ့ကြရတယ်။ အလွန်အမင်း ဝမ်းနည်းကြေကွဲစရာကောင်းလှပြီး ကျန်ရစ်သူရဲဘော်များကလည်း မိမိတို့ရဲ့ ရဲဘော်ရဲဘက်ကို မြှုပ်နှံခဲ့ရတာက မိမိတို့ရဲ့ကိုယ်ခန္ဓာ တတက်တခြမ်းကို ဖဲ့ပြီး မြှုပ်နှံထားခဲ့ရတာနဲ့ တူနေပါတယ်။ မိမိတို့က တော်လှန်ရေးစီးကြောင်းထဲ မျောပါလိုက်ပါရင်း အသက်ကိုပေးဖို့ ဝန်မလေးနိုင်အောင်ဘဲ ခံယူချက် ပြင်းထန်သထက် ပြင်းထန်လာကြရတယ်။ တော်လှန်ရေးစစ်ထဲမှာ တာဝန်ဆက်လက်ထမ်းရွက်ရင်း မိမိရဲဘော်တို့ကို မြှုပ်နှံခဲ့ရာနေရာကို တပတ်ပြန်မရောက်နိုင် ဖြစ်ကြရတယ်။ တော်လှန်ရေးပြီးတော့ အဲဒီအရပ်ဒေသ တောတောင်တွေထဲ ရောက်ပြန်တော့လည်း မိမိရဲဘော်ရဲဘက်များ လဲလျောင်းရာနေရာတွေက မမှတ်မိနိုင်လောက်အောင် ပြောင်းလဲနေခဲ့ကြပြီ။ ဝမ်းနည်း ကြေကွဲ တမ်းတစရာ အဖြစ်အပျက်တွေက မေ့လျော့လို့မရဘူး။ ဖြေဖျောက်လို့မရဘူး။ ရော်ရမ်းမှန်းဆလို့သာ ဦးညွတ် အလေးပြုလိုက်ပါတယ်။ ကျဆုံးသူ တော်လှန်ရေးရဲဘော်များ။
တော်လှန်ရေးတွေ အောင်ပွဲရလို့ လွတ်မြောက်ကြပြီဆိုတော့ ကျဆုံးသူများအတွက် အောက်မေ့ဘွယ်အခမ်းအနားတွေ ရှိလာကြတယ်။ အမျိုးသားလွတ် မြောက်ရေးအတွက်၊ ဒီမိုကရေစီရေးအတွက်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်စွန့်လွှတ်သွားကြသူတွေ၊ ကျဆုံးသွားကြသူတွေအတွက် ဂုဏ်ပြုကြရမယ်၊ အောက်မေ့ဘွယ်အခမ်းအနားတွေ ပြုလုပ်ကြရမယ်။
ဒုတိယကမ္ဘာစစ်အတွင်းက နော်မန်ဒီကမ်းခြေကို စုရုံးတိုက်ခိုက်ခဲ့ကြတဲ့ မဟာမိတ်တပ်သားတွေ၊ စစ်သည် ဗိုလ်ပါတွေ အမြောက်အများ ကျဆုံး အသက်စွန့်ခဲ့ကြရတယ်။ အနှစ် ၈၀ ကျော် ကြာလာပြီးတဲ့နောက် အသက်ရာကျော်ရှိပြီးဖြစ်နေတဲ့ စစ်ပြန်ရဲဘော်များ အဲဒီကမ်းခြေမှာ စုစည်းကြတယ်။ အောက်မေ့ဘွယ်အခမ်းအနား ကျင်းပကြတယ်။ ကျဆုံး အသက်စွန့်ခဲ့ကြတဲ့ ရဲဘော်များရဲ့ စွန့်လွှတ်အနစ်နာခံမှုက အချည်းနှီးမဖြစ်ခဲ့ပါဘူး ဆိုတာကို သက်သေပြကြတဲ့ပွဲပါပဲ။ ရဲဘော်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဘယ်သောအခါမျှ မမေ့ဘူးလို့ ပြောဆို မှတ်တမ်းပြုနေတာပါပဲ။ မျိုးဆက်တိုင်းကလည်း အဲဒီစွန့်လွှတ် မှုကို တန်ဘိုးထား ဦးထိပ်ပန်ဆင်ကြရမယ်။
ပြီးပြည့်စုံတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆီကို ရောက်ရှိဖို့ ဆက်လက် ချီတက်သွားကြရမယ်။ တဆင့်ပြီးတဆင့် အခက်အခဲတွေ၊ ရင်ဆိုင် ကျော်ဖြတ်စရာတွေကို ရဲရဲဝံ့ဝံ့ မတွန့်မဆုတ် ဖြတ်သန်းကြရဦးမယ်။
လွတ်လပ်မှုဆိုတာ အမြဲတည်တံ့ခိုင်မြဲအောင် ကြိုးပမ်းအားထုတ်ရမယ့် အရှိတရားဖြစ်သလို လွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့၊ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြဖို့ အာဏာရှင်အုပ်စိုးမှုနဲ့ လူအများစု လူ့အခွင့်အရေးအတွက် အားပြိုင်မှုမှာ မှန်တဲ့ဘက်၊ တရားတဲ့ဘက်က အမြဲရပ်တည်ဖို့ လိုအပ်တယ်ဆိုတာ မျက်မှောက်ကာလမှာ ဖြစ်ပွားနေတဲ့ တော်လှန်ရေးတိုက်ပွဲများက ထင်ရှားပြတ်သားစွာ ပေါ်လွင်စေတာ အမှန်ပါပဲ။
၁၉ ရာစုနဲ့ ၂၀ ရာစုတွေမှာ ပဒေသရာဇ်စနစ်၊ နယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ အာဏာရှင်စနစ်တွေနဲ့ အမျိုးသားလွတ်လပ်ရေးတွေအတွက် တော်လှန်ရေးအမျိုးမျိုး၊ ကမ္ဘာ့ပထဝီ နယ်မြေအနှံ့ ဖြစ်ပွားခဲ့ကြတယ်။ တော်လှန်ရေးအရှိန်အဟုန်၊ ပမာဏ၊ လူထုထောက်ခံမှု၊ လွတ်မြောက်ချင်တဲ့ဆန္ဒနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများက တော်လှန်ရေးအောင်ပွဲများကို ရရှိစေခဲ့တယ်။
အဲဒီ တော်လှန်ရေး တိုက်ပွဲများအတွင်းမှာ ကျဆုံးခဲ့ရသူတွေက အမြောက်အများပါပဲ။ လက်တင်အမေရိက ဘိုလစ်ဗီးယားပြည်တွင်းမှာ ကျဆုံးသွားရရှာတဲ့ နိုင်ငံတကာ တော်လှန်ရေးသမား ချေဂွေဗားရားကတော့ ကျဆုံးသူများအားလုံးရဲ့ ကိုယ်စားပြုလက္ခဏာ သင်္ကေတလို့ ပြောရမယ်။
ပဲခူးရိုးမမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်တို့ရဲ့ ရုပ်ခန္ဓာကိုယ်များကို ဖောက်ထွက်လျက် မြယာပင်များ ပေါက်ရောက်လာသလိုပဲ ဘိုလစ်ဗီးယားမြေတနေရာမှာ မြှုပ်နှံခဲ့ရတဲ့ ရဲဘော်ချေဂွေဗားရားရဲ့ ခန္ဒာကိုယ်ပေါ်ကနေ ဘယ်လိုသစ်ပင်အမျိုးအစား ပေါက်ရောက်လာခဲ့လေမလဲလို့ အကြိမ်ကြိမ် စဉ်းစားတွေးတောမိပါတယ်။
Be the first to comment