မြို့ကလေးသို့ လွမ်းတေး

“မြို့ကလေးသို့ လွမ်းတေး”
◾️ ဆူးနတ်သန်
အခန်းလည်း ပိတ်သွားပြီ
မီးလည်း မှိတ်သွားပြီ
အမှောင် သိပ်သည်းမှုထဲ
မြို့ကလေးဟာ မငိုအားခဲ့။
ခြေထောက်ပြတ်ခဲ့ ပြီးပြီ
သည်းအူပြတ်ခဲ့ ပြီးပြီ
မီးသင့်ခဲ့ ပြီးပြီ
မြို့ကလေးဟာ မနာကျင်အားခဲ့။
အနာကို အနာနဲ့ ပတ်ကြမ်းတိုက်
ငလျင်ဒဏ်ကျမှ လူးလွင့် ထလာတယ်
ခြင်္သေ့နှစ်ကောင်နဲ့ မြို့တစ်မြို့
တောင်ရိုးတလျှောက်
ဘုရားစေတီဖွေးဖွေးနဲ့ မြို့တစ်မြို့
ဒီမြို့တွေကို ကယ်ဖို့
သေနတ်သံတွေကြားက အပြေးလာခဲ့ပါတယ်
ဒဏ်ရာနဲ့ ဝေဒနာ မဆည့်ခဲ့တဲ့ မြို့ကလေးဟာ
လူသားဆန်လိုက်တာလို့ မြို့ခံတွေ ပါးစပ်ဖျား
ရေပန်းစားခဲ့ပေါ့။
မြို့ကလေးရယ်
သွေးရောင်တွေ အလူးလူး အင်္ကျီမှာ
ကျည်ဆန်ရာတွေ ဖွက်ထားရင်း
အုတ်ပုံအတိ မြို့တွေကို ကယ်မတဲ့လား
မြို့ကလေးရာလို့ အံကြိတ်တောက်ခေါက်
နှလုံးသားရောင် တောက်ပနေတဲ့ မြို့ကို
ပြေးပွေ့ပြီး ဖက်နမ်းထားချင်မိတော့တယ်။
( မုံရွာမြို့မှ ငလျင်ဘေးသို့ ကူကယ်နေကြသော
မြို့ခံလူထုသို့ လွမ်းအားကြီးကြီးနဲ့ လွမ်းလိုက်ပါတယ်။)
About The Call 611 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*