မြို့ပြဂျန်ဇီ

◼️​နွေဦးစင်​ရော်

ကျမက မြို့ပြမှာ ရှင်သန်​နေထိုင်​နေတဲ့ ဂျန်ဇီတ​ယောက် ဖြစ်ပါတယ်။ ​ပုံမှန်အ​ခြေအ​နေဖြစ်ခဲ့ရင်​တော့ ​ရှေ့တနှစ်​လောက်ဆိုရင် ဘတ်ချ်လာတခုခု ရမယ့်အရွယ်​​ပေါ့။ ဒါ​ပေမဲ့ ကျမတို့ဟာ ပုံမမှန်တဲ့ အ​ခြေအ​နေထဲ တဆုံးထိ​အောင် ကျ​နေ​တဲ့သူ​တွေဖြစ်တယ်။

ပညာ​ရေးနဲ့ပတ်သက်တဲ့ ကျ​မကိုယ်​တွေ့တချို့ကို ပြောပြချင်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်​တော့ ကျမရဲ့ ​ကျောင်းပညာ​ရေးက တက္ကသိုလ်ဝင်တန်းလို့​ခေါ်တဲ့ ဆယ်တန်းပါ။ ၂၀၂၀ ခုနှစ်ကတည်းက ကိုဗစ်​ကြောင့် ဆယ်တန်းစာ​မေးပွဲ​နဲ့ လွဲခဲ့ရတဲ့အဖြစ်ဟာ ၂၀၂၁ မှာလည်း ထပ်လွဲရပြန်ပါတယ်။ မိသားစုထဲမှာ ​ရှေ့က​နေ ဆယ်တန်းကို ထူးချွန်စွာ​အောင်မြင်ခဲ့တဲ့ မမ​လောက် ကျမက မ​တော်​ပေမဲ့ ကျမလည်း အနည်းဆုံး ဒီသုံး​လေးလုံး​လောက်​တော့ ရနိုင်မယ်လို့ ​မျှော်မှန်းထားခဲ့မိပါတယ်။ အာဏာသိမ်းလိုက်​တော့ ကျမရဲ့အိပ်မက်​တွေ​ ပျောက်ရှကုန်ပါတယ်။

အာဏာသိမ်းခါစက​တော့ ကျောင်းက သူငယ်ချင်း​တွေနဲ့အတူ ချိန်းချိန်းပြီး ဆန္ဒထွက်ပြပါတယ်။ ​နောက်ပိုင်း စစ်တပ်က အကြမ်းဖက်ဖြိုခွဲကာ သတ်ဖြတ်ပြလာ​တော့ ကျမတို့လည်း လမ်း​ပေါ်မထွက်ရဲ​တော့ပါဘူး။ အဲဒီကာလ​အတွင်းပဲ ကျမရဲ့​ဖေ​ဖေလည်း မြို့ထဲမှာ ဆန္ဒပြရင်း ဖမ်းဆီးခံရပြီး အင်းစိန်​ထောင်ထဲ ​ရောက်​နေပါတယ်။ ၂၀၂၁ ဇွန်လ ​ကျောင်း​တွေ ပြန်ဖွင့်​တော့ အစိုးရ​ကျောင်းမတက်​တော့ဘဲ ကျမ CDM လုပ်ပါတယ်။ ကျမရဲ့ ​​ရှေ့ဆက်​လျှောက်ရမယ့် ကျောင်းပညာ​ရေးနဲ့ ပတ်သက်ပြီး ​ဖေ​ဖေ့ဆီကလည်း ဘာအကြံဉာဏ်မှ မ​ရနိုင်​တော့ပါဘူး။ ​မေမေကလည်း ​ဖေ​ဖေ့​သောကနဲ့ ​ထောင်ဝင်စာပို့ဖို့ လုံးပန်းရင်း အချိန်ကုန်တာ များပါတယ်။ ​ဖေ​ဖေပြန်လွတ်လာ​တော့ ကျမ CDM လုပ်ပြီး ​ကျောင်းမတက်တာကို ​ကျေနပ်​နေပုံရပါတယ်။

သည်လိုနဲ့ အာဏာစသိမ်းတဲ့ ၂၀၂၁-၂၂ ပညာသင်နှစ်ဟာ ​အ​ဟောသိကံဖြစ်ပြီး ကျမလည်း အသက် ၁ နှစ် ကြီးသွားပါတယ်။ NUG MoE လည်း အဲသည်နှစ် က လူအများတက်နိုင်​လောက်​အောင် မစနိုင်​သေးဘူး ထင်ပါတယ်။ ၂၀၂၂-၂၃ ပညာသင်နှစ်ကျမှ MoE အသိအမှတ်ပြု အွန်လိုင်း​ကျောင်းတ​ကျောင်းမှာ တက်ဖြစ်ပါတယ်။ ဒီကြားထဲမှာ ကျမ တက်တဲ့​ကျောင်းက ​ငွေ​ကြေးမသမာမှုဖြစ်လို့ ​ကျောင်း​​ထောင်တဲ့အဖွဲ့နဲ့ ဆရာ​တွေနဲ့ ကွဲသွားတာ ကြုံရပါ​​သေးတယ်။ ကျမက မြို့​ပေါ်​နေသူဖြစ်လို့သာ wifi ဘာညာရှိလို့ အခက်အခဲမရှိ ဖြတ်သန်းလို့ရပါတယ်။ ​အိုးပစ်အိမ်ပစ်နဲ့ တောထဲ​တောင်ထဲ ​ပြေးလွှားပုန်း​အောင်း​နေကြရသူ​တွေအဖို့မှာ​တော့ ဘယ်လိုရှိပါ့မလဲ။

အွန်လိုင်းက​နေ တနှစ်တက်လိုက်​တော့ ဆယ်တန်းပြီးသွားပါတယ်။ ​ဆယ်တန်း​အောင်တဲ့ ဆာတီဖစ်ကိတ်ကို အွန်လိုင်း​ကျောင်းက​​ကော၊ MoE ကပါ အသိအမှတ်ပြု ထုတ်​ပေးပါတယ်။ ခက်တာက အဲဒီ ဆာတီဖစ်ကိတ်ကို ကျမတို့ရဲ့ အိမ်နီးနားချင်း ထိုင်းအပါအဝင် ဘယ်နိုင်ငံကမှ အသိအမှတ်မပြုကြတဲ့ ပြဿနာပါပဲ။ အဲဒီကာလ​တွေအတွင်းမှာ ကျမဟာ အွန်လိုင်းက​နေပဲ ကိုရီးယားစာ သင်ဖြစ်ပါတယ်။ ​ငွေကုန်​​ကြေးကျ သိပ်မများလှဘဲ ၂ နှစ်သင်ပြီး topik ဝင်​ဖြေ​တော့ level 5 ​နဲ့ အောင်ပါတယ်။ ​တောင်ကိုရီးယားမှာ တက္ကသိုလ်သွားတက်နိုင်ခွင့်ရရင် ​သေချာ​ပေါက် စ​ကောလားရှစ်ရနိုင်ပါတယ်။ ခက်တာက ​တောင် ကိုရီးယားမှာ တက္ကသိုလ်​ကျောင်းတက်ဖို့ သက်ဆိုင်ရာအစိုးရရဲ့ အထက်တန်း​အောင်လက်မှတ်နဲ့ အမှတ်စာရင်း အဓိက လိုအပ်ပါတယ်။ အတုလုပ်ပြီး သွားလို့လည်း မရနိုင်ပါဘူး။ GED ​အောင်လက်မှတ်နဲ့ ရနိုင်တဲ့ တက္ကသိုလ်ကလည်း ​တောင်ကိုရီးယားမှာ အ​နည်းငယ်မျှပဲ ရှိပါတယ်။

တကယ်ဆိုရင် အ​မေရိကတို့ ဂျပန်တို့ကို လွှားလွှားသွား​နေတဲ့ NUG ပညာ​ရေးဝန်ကြီးဟာ ဒီလိုကိစ္စမျိုး​တွေကို နိုင်ငံတကာက အသိအမှတ်ပြု​အောင် စွမ်း​ဆောင်သင့်တယ်လို့ ကျမ ထင်ပါတယ်။  

သည်​တော့ ကျမဟာ မူလက မက်ခဲ့တဲ့ ​တောင်ကိုရီးယားမှာ တက္ကသိုလ်သွားတက်ချင်တဲ့ အိပ်မက်ကို ​လော​လောဆယ် လက်​လျှော့လိုက်ရပါတယ်။ ကံအား​လျော်စွာနဲ့ တက္ကသိုလ်တက်ခွင့်ကို​တော့ ပြည်တွင်းမှာပဲ ရလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက်က အသိအမှတ်ပြုခြင်း မခံရတဲ့ မြန်မာနိုင်ငံထဲက တခုတည်း​သော တက္ကသိုလ်မှာ ဝင်ခွင့်ဝင်​ဖြေပြီး ​အောင်လို့ တက္ကသိုလ်တက်ခွင့် ရ​လိုက်ပါတယ်။ အဲဒီတက္ကသိုလ်ဝင်ခွင့်အတွက် အင်္ဂလိပ်စာ​ကောင်း​အောင် ​သင်ကြား လေ့ကျင့်ထားဖို့​တော့ လိုအပ်ပါတယ်။ အခုဆို မိသားစုအတွက် တဘက်တလမ်းက​နေ ဝင်​ငွေရ​အောင်လည်း ကိုရီးယားဘာသာစကားကို အွန်လိုင်းက​ သင်​ပေး​ဖြစ်နေပါတယ်။

ဒီ​နေရာမှာ ပညာ​ရေးနဲ့ပတ်သက်ပြီး  CDM ​တွေ non CDM ​တွေ စသည်ဖြင့် ငြင်းခုံ​နေကြတာ​တွေကို ကျမ နည်းနည်း ဖြည့်​ပြောချင်ပါ​သေးတယ်။ ပညာ​ရေးမှာ အဓိကအ​ရေးကြီးတာက ခရစ်တစ်ကယ် သင်းကင်းကို ​ဖော်​ဆောင်နိုင်တဲ့စနစ် ဖြစ်ရမယ်လို့ ယူဆပါတယ်။ လက်ရှိအ​ခြေအ​နေမှာ CDM ​တွေ​ကော non CDM ​တွေ​ကော ရမယ့်ပညာ​ရေးက ပိန်မသာလိန်မသာဘဲ ရှိပါတယ်။ NUG ရဲ့ပညာ​ရေးလည်း ​မြေပြင်နဲ့​ဝေဟင် ‘အဟ’ ကွာလွန်းကာ သိပ်မစွံလှ​သေးပါဘူး။ CDM ဆရာ​မတွေဆိုလည်း ဟိုဘက်က တန်းလန်းကြီးပါလာတဲ့ ချိန်းမရ​သေးတဲ့ mindset ​တွေ တပုံကြီးနဲ့ ဖြစ်ပါတယ်။ ဖက်ဆစ်အစိုးရရဲ့ ပညာ​ရေးက​တော့ သမိုင်းဦးဘုံ​မြေ​ခေတ်ကို ချက်ချင်း ပြန်​ရောက်သွားတာပါပဲ။ မြို့နီးချုပ်စပ်က ​ကျောင်း​တွေမှာ​တောင် ဆရာ မပြည့်စုံ၊ တတန်းကို ဆရာတ​ယောက်​လောက်နဲ့ ဟိုအခန်း​​ပြေးသင် ဒီအခန်း​ပြေးဟန့် လုပ်​နေရရှာတယ်။ စကားအရာမှာ​ ထည့်​ပြောဖို့​တောင် မတင့်တယ်​တော့ပါဘူး။

မြန်မာနိုင်ငံမှာ ရှင်သန်ခဲ့ရတဲ့ ပညာ​ရေးစနစ်ဆိုတာဟာ အစိုးရ​တွေ သူတို့ပုံ​ဖော်လိုတဲ့ ပုံစံခွက်တခုထက် မပိုခဲ့ပါဘူး။ ဒါကို ကျမတို့လို ဂျန်ဇီ​တွေအပါအဝင် ​ခေတ်​​ပြောင်း​တော်လှန်​ရေးကို သွား​နေတဲ့သူတိုင်းဟာ ​သေ​သေချာချာ သိထားသင့်တယ်လို့ ထင်ပါတယ်။ အထူးသဖြင့်​တော့ ဒါကျက် ဒါ​ဖြေ ပုံစံခွက်နဲ့ အသားတကျဖြစ်ခဲ့တဲ့ မိဘ​​နေရာကသူတွေ​ပေါ့။ ကျမက​တော့ လွတ်လပ်ခွင့်အပြည့်​ပေးထားတဲ့ မိဘရှိလို့ သိပ်ပြဿနာမရှိပါဘူး။ အထူးသဖြင့် သူ​နေထိုင် နေတဲ့ တိုင်းပြည်ကြီးကို ​ပညာနဲ့တည်​ဆောက်ပြီး ​ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ တတ်နိုင်သ​ရွေ့ အားထုတ်​နေတဲ့ ​ဖေ​ဖေ​ကြောင့်​ပေါ့။

သို့​ပေမဲ့လည်း ပြည်သူ့စစ်မှုထမ်းဥပ​ဒေကို အတိအလင်း အသုံးပြုပြီးတဲ့နောက်ပိုင်း ကျားကျား မမ ဘယ်လူငယ်မှ မလုံခြုံ​တော့ဘဲ စိုးတထိတ်ထိတ်နဲ့ ​နေရတဲ့ဘဝ​ ရောက်နေရတာပါပဲ။ တရက်က သတင်းတပုဒ်ထဲ “လာမယ့် ဇူလိုင်လမှာ စစ်သင်တန်းတက်ဖို့ မိန်းက​လေး​တွေကို ​ခေါ်မယ်” ဆိုတာ ​တွေ့လိုက်ရတယ်။

NUG က လူကြီး​တွေလည်း ၆၀% ၇၀% နယ်​မြေစိုးမိုးထားနိုင်ပြီ စသဖြင့် ​ပြော​နေ​ပေမဲ့ အရင်နှစ်​တွေတုန်းကလို ၂၃ ဘာဖြစ်မယ်၊ ၂၄ ညာဖြစ်မယ် ဆိုတာမျိုး​တွေ သိပ်မကြားရ​တော့ ရင်ထိတ်​နေမိသားပဲ။ အ​ခြေအ​နေအရ ​တော်လှန်​ရေးအတွက် အ​ထောက်အပံ့ပြုနိုင်​​အောင် ​တောထဲသွားဖို့ဖြစ်ဖြစ်၊ ပြည်ပကို ဖြစ်သလိုပုံစံနဲ့ သွားဖို့ဖြစ်ဖြစ် ပြင်ဆင်ထားရဦးမယ် မဟုတ်လား။ မိဘ​တွေက သင့်သလို လမ်း​​ကြောင်း​ပေး​ပေမဲ့ တကယ် ဆုံးဖြတ်ပြီး လုပ်ရမှာက ကျမ​လေ။ ​ခေတ်​ပြောင်း​အောင် တကယ်လုပ်ကြမယ့် ဂျန်ဇီ​တွေထဲမှာ ကျမလည်း တ​ယောက်အပါအဝင် ဖြစ်ချင်​သေးတာပါပဲ။

About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*