“မြို့ပြဂျန်ဇီ ၂”
နွေဦးစင်ရော်
နွေဦးအစမှာ လမ်းပေါ်ထွက်ခဲ့ကြတဲ့ လူငယ်တွေဟာ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ဆိတ်သုဉ်းသွားသလောက် ဖြစ်ခဲ့ရတယ်။ လက်နက်ကိုင်တော်လှန်ရေးနောက် မလိုက်ဖြစ်ကြတဲ့ လူငယ်တွေဟာ တက္ကသိုလ်အရွယ်လည်း သူ့အလျောက်၊ အထက်တန်းအရွယ်လည်း သူ့အလျောက် လမ်းပေါ်တက်ဖို့ အခွင့်မသာတော့တဲ့အခါ CDM လုပ်ကြတာ အများစုဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုသူ ၁ သိန်းခွဲလောက်ပဲရှိတယ်။ အာဏာသိမ်းမှုမဖြစ်ခင် နှစ်များနှင့် နှိုင်းစာရင် လက်ရှိ ရှိသင့်တဲ့ အရေအတွက်ရဲ့ ဆယ်ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိပါတယ်။ ဒါကြောင့် CDM လုပ်သူ အထက်တန်းဆင့်ကျောင်းသားတွေ အများစုဖြစ်တယ်လို့ ခန့်မှန်းနိုင်တာပါ။ တချို့က မြို့ပြပြောက် ကျားအဖြစ် အခွင့်အရေး ရလျှင်ရသလို တုန့်ပြန် တွန်းလှန်နေကြဆဲဖြစ်တယ်။ အဲသလိုအခြေအနေကို ရုတ်ခြည်း ဆွဲချလိုက်တာကတော့ ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ဇွတ် ပြဋ္ဌာန်းလိုက်တဲ့ ဖက်ဆစ်အကြမ်းဖက်အုပ်စုရဲ့ “စစ်မှုထမ်းဥပဒေ” ပါပဲ။
စစ်မှုထမ်းဥပဒေနဲ့ အကြမ်းပတမ်း နှိပ်ကွပ်ဖမ်းဆီးမှုကြောင့် အရွယ်ကောင်း မြို့ပြဂျန်ဇီလေးတွေဟာ မိမိတို့မှာ ရှိရှိသမျှသော ခွန်အားလေးတွေကို စုစည်းကာ ရုန်းကန်နေကြရပါတယ်။ အဲဒီထဲကမှ ဆယ့်ရှစ်နှစ်၊ နှစ်ဆယ်၊ နှစ်ဆယ်စွန်းစ လူငယ်လေး သုံးယောက်ရဲ့ ပုံသဏ္ဌာန်မတူတဲ့ ဖြတ်သန်းကြရပုံကို ပြောပြချင်ပါတယ်။
‘လူငယ် [၁]’
နှစ်ဆယ်စွန်းစ လူငယ်လေးဟာ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာမသိမ်းခင်က ယဥ်ကျေးမှုတက္ကသိုလ်မှာ ပထမနှစ်တက်နေတဲ့ တက္ကသိုလ်ကျောင်းသားလေး တယောက်ပါ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ မိဘတွေ သဘောတွေ့တဲ့ ပုံစံကျအမြင်ဖြစ်တဲ့ လိမ္မာရို့ကျိုးစွာ နေတတ်သူတော့ မဟုတ်ပါဘူး။ ဆယ်တန်းစာမေးပွဲကိုအောင်ဖို့ နှစ်ကြိမ်ဖြေခဲ့ရတယ်။ ဆယ်ကျော်သက်ရွယ် ကျော်လွန်စပြုလာကတည်းက မိဘဖြစ်သူတွေနဲ့ တကျက်ကျက်၊ ဆေးလိပ် အရက် ခိုးသောက်၊ အိမ်ပေါ်က ဆင်း စသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ မိသားစုတိုင်းမှာ ၁၀၀% ပြည့်နီးပါး တွေ့ရလေ့ရှိတဲ့ မြင်ကွင်းတွေအတိုင်းပါပဲ။
အဲသလို အခြေအနေကနေ ဒီလူငယ်လေးရဲ့ ဘဝအချိုးအကွေ့ဟာ အာဏာသိမ်းဖြစ်စဥ်ကြောင့် အကြီးကြီး ဖြစ်ခဲ့ရတယ်။ မြို့ပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်။ အဖမ်းခံရလုနီးနီး အဖြစ်အပျက်တွေကိုလည်း ဖြတ်သန်းခဲ့ရဖူးတယ်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကာလတွေမှာ လူငယ်အများစုဟာ လက်နက်ကိုင်တိုက်မှသာ ဖက်ဆစ်အာဏာရှင်ကို ဖြုတ်ချနိုင်မယ်လို့ တထစ်ချ ယုံကြည်ခဲ့ကြတယ်။ ဒါကြောင့်ပဲ မိမိတို့နဲ့ နီးစပ်ဆက်စပ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ ခိုဝင်ရောက်ရှိနေကြချိန်လည်း ဖြစ်တယ်။ ဒီအခါ လူငယ်လေးဟာလည်း တောခိုဖို့ စိတ်ဝင်တစား ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း အဆက်အသွယ် အချိတ်အဆက်တွေ အလွယ်မရှိခဲ့လို့ မသွားဖြစ်ခဲ့ဘူး။
တကယ် တည့်တည့်ဆိုင်ဆိုင် သွားမှဖြစ်မယ့် အခြေဆိုက်လာတော့ ဒါဟာ မိသားစုရဲ့ အရေးပြဿနာတရပ် အနေနဲ့ပါ ရင်ဆိုင်ကြရတယ်။ ဒီတော့ မိဘတွေရဲ့ အတွေးအကြံတွေပါ ထည့်ဝင်ဆွေးနွေးလာရပြီ ဖြစ်ပါတယ်။ ဘယ်လမ်းကြောင်း၊ ဘယ်အဖွဲ့အစည်းနဲ့ စသဖြင့် ချိတ်ဆက်ဖို့ ကြိုးစားခဲ့ကြရတယ်။ အဆင်ပြေဆုံး အကောင်းဆုံး လမ်းကြောင်းကို ရွေးချယ်လို့ရတဲ့အခါ မိဘတွေကိုယ်တိုင် တောခိုမယ့်သားကို လိုက်ပါပို့ဆောင်ပေးကြတယ်။ အင်မတန် ကျေနပ်ကြည်နူးရကာ မျက်ရည်ဝေရတဲ့ အဖြစ်တွေပါပဲ။ အခုတော့ ဒီလူငယ်လေးဟာ စစ်သင်တန်းပြီးပြီဖြစ်ကာ “စစ်သားလုံးလုံး ဗိုလ်မှူးကြီးရှုံးလောက်ရဲ့” သွင်ပြင်လက္ခဏာတွေနဲ့ ဖြစ်လို့နေပါပြီ။
‘လူငယ် [၂]’
သူလည်း နှစ်ဆယ်ဝန်းကျင် လူငယ်လေးဖြစ်နေပါပြီ။ ၂၀၂၀ ခုနှစ်က Grade 9 ကို ဘော်ဒါဆောင်မှာ တက်နေရင်း ကိုဗစ်ဖြစ်လို့ တန်းလန်းကြီး ရပ်သွားတယ်။ အာဏာသိမ်းမှုကြီးနဲ့ပါ ထပ်တိုးပြီးနောက်ပိုင်း ကျောင်းတွေပြန်ဖွင့်ပေမဲ့ ဆက်မတက်တော့ဘဲ CDM လုပ်လိုက်တယ်။ အင်္ဂလိပ်စာသင်တန်းလေးတက်၊ တဘက်က မိဘလက်ငုတ်အလုပ်ကို ကူရင်း စျေးရောင်းဖြစ်ခဲ့တယ်။ ဒီလိုနေရင်း စစ်မှုထမ်းဥပဒေနဲ့ တိုးခဲ့ရတယ်။ ကိုယ့်အလှည့် မရောက်သေးသော်ငြားလည်း ကြိုရှောင်ထွက်ဖို့ အရေးကြီးလာတယ်။
သူ့အတွက် အခွင့်အလမ်းတရပ် ရှိနေတာက လူခံအဖြစ် သူ့အကိုဟာ ထိုင်းတက္ကသိုလ်တခုမှာ ကျောင်းတက်ရင်း ရောက်နှင့်နေတာပါပဲ။ အကိုက အလုပ်တဘက်နှင့်မို့ သူ့ကို ခေါ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ မိဘတွေက ဝိုင်းကူစီမံရတာပေါ့။ ပတ်စ်ပို့က လက်ထဲမရှိသေးတော့ အောက်လမ်းက ပို့ဖို့ပဲ စီစဥ်ရတော့တယ်။ အခုတော့ ထိုင်းနိုင်ငံရဲ့ ဗမာတွေအများစု ခိုလှုံရောက်ရှိရာ မြို့တမြို့မှာ နေသားကျနေပြီ။
‘လူငယ် [၃]’
ဒီလူငယ်လေးက အခုမှ အသက် ၁၈ ပြည့်ခါစပဲ ရှိသေးတယ်။ အာဏာသိမ်းမှုဖြစ်စဥ်အတွင်း အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တော့ သူလည်း CDM ပဲ။ ၂၀၂၂ ခုနှစ်မှာ NUG MOE (အန်ယူဂျီအစိုးရ၊ ပညာရေးဝန်ကြီးဌာန) ရဲ့ အသိအမှတ်ပြု ဖက်ဒရယ်ကျောင်းတကျောင်းမှာ တက်ဖြစ်တယ်။ Grade 9 ပြီးသွားပြီ။ ၂၀၂၄ Grade 10 တက်မယ့်အချိန်မှာ စစ်မှုထမ်းဥပဒေကြီး ဝင်လာတာဖြစ်တယ်။ သည်တော့ ကလေးနဲ့ မိဘဟာ အပြင်းအထန် ဆွေးနွေးရတော့တယ်။
အသက်အားဖြင့် ၁၈ ပြည့်ခါစ အလွန်ငယ်နုသေးတာကြောင့် မတော်တဆများ စကစရဲ့ စစ်သားစုဆောင်းခြင်း ခံရလျှင်ဆိုတဲ့ ဖိစီးမှုက မိသားစုကို ကြီးမားစွာ ခြောက်လှန့်ခဲ့တယ်။ တောထဲသွားဖို့၊ နိုင်ငံခြားပို့ဖို့ အခွင့်မသာလေတော့ နောက်ဆုံး အစိုးရကျောင်းမှာ ပြန်ထားဖို့ ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ ကျောင်းနဲ့ကင်းကွာတာ ၃ နှစ်ရှိပြီဖြစ်တာကြောင့် ကျောင်းပြန်တက်ခွင့် မပြုတော့ကြောင်း၊ အပြင်ဖြေအဖြစ်သာ ဖြေခွင့်ရမှာဖြစ်ကြောင်း အကြောင်းပြန်လာပါတယ်။
နိုင်ငံခြားလည်း မပို့နိုင်၊ PDF ထဲလည်း မသွားနိုင်တဲ့ အခြေအနေတွေကို လက်တွေ့ ရင်ဆိုင်ဖြတ်သန်းကြရတယ်။ မည်သို့ပင်ဖြစ်စေကာမူ မတတ်နိုင်တဲ့ ဘဝတွေဟာ ငုတ်တုတ်ထိုင်ကြည့်နေရတာပါပဲ။
×××××××××××××
အထက်ပါ လူငယ်လေးသုံးယောက်ဟာ မတူညီတဲ့ပုံစံတွေနဲ့ သမိုင်းတွေကို ရေးသားနေကြရပြီ ဖြစ်တယ်။ တူညီတဲ့အချက်ကတော့ ဒီလူငယ်လေးတွေကော သူတို့မိဘတွေကောဟာ အကြမ်းဖက်စစ်အာဏာရှင်ကို နိုင်ရာထောင့်ကနေ တုံ့ပြန် တော်လှန်ခဲ့ကြတဲ့သူတွေချည်းပဲဆိုတာ ဖြစ်ပါတယ်။ ဟိုပြေးဒီလွှား ဟိုရှောင်ဒီပုန်း လုပ်ခဲ့ရတဲ့သူတွေတောင် ပါပါသေးတယ်။
မြို့ပြဂျန်ဇီတွေ အပါအဝင် မြို့ပြနေလူထုဟာ လက်နက်နဲ့မိုးထားတဲ့ တနေ့တမျိုး မရိုးနိုင်သော အမိန့်တွေအောက်မှာ ရှင်သန်ကြရသူတွေချည်း ဖြစ်ကြတယ်။ နေသာသလို အချောင်လိုက်ဖို့ စဥ်းစားနေသူ တချို့တလေကလွဲလို့၊ နိုင်ငံရေးဟာ ငါတို့နဲ့မဆိုင်ဘူးလို့ တော်လှန်ရေးမရှိတဲ့ ရပ်ကွက်က အသံတချို့ကလွဲလို့ အများစုသော လူထုကြီးဟာ အကြမ်းဖက်စစ်အုပ်စုကို မကြိုက် မနှစ်သက်ကြပါဘူး။ ဘယ်တော့ ဘယ်လို တော်လှန်ကြရမလဲလို့ အတွေးမျိုး ရှိကြသူတွေချည်းပါပဲ။
အထက်မှာ ဥပမာပုံဆောင်ပြခဲ့တဲ့ ဂျန်ဇီလူငယ်လေး သုံးဦးလို အနေအထား ဖြစ်တည်မှုတွေ ကွဲပြားသွားတာမျိုးတော့ ရှိနိုင်ပေလိမ့်မည်။
Be the first to comment