
“မြေပြင်ပေါ်က အဝါရောင် အစအနလေးများ”

ဒဏ်ရာတွေကမနာပါဘူး။ သွေးထွက်နေတဲ့အနာကလည်း မနာဘူး။ ဒီတိုင်းပဲ မျက်ရည်ကျခဲ့မိတာပါ။ အရာအားလုံးဟာ ရိုးရှင်းနေခဲ့ပါတယ်။
ငါက ကြယ်တွေကို သိပ်သဘောကျတယ်၊ လခြမ်းကွေးကွေးလေးကိုလည်း သဘောကျတယ်၊ ပြီးတော့ မပိုင်ဆိုင်ခဲ့ရတဲ့ လူတယောက်ကိုရောပေါ့။
ရင်နာတယ်။
နှလုံးသားလို့ သုံးနှုန်းနေကြတယ်၊ အဲ့အရာ ဘယ်မှာရှိသလဲ ငါမသိဘူး၊ မြင်လည်းမမြင်ရဘူး။ ဒါပေမယ့် ငါနာနေတာ ဘယ်လိုလုပ်ရမလဲ။ ဆေးခန်း သွားပြခဲ့ပါသေးတယ်၊ ဆရာ၀န်က ပြုံးပြတယ်။ ငါ့ကို စိတ်ဝေဒနာရှင်တယောက်လိုမျိုး သဘောထားနေပုံပါပဲ။
ကျေးဇူး။
ခေတ်တခု၊ စနစ်တခုရဲ့ စိတ္တဇဆန်တဲ့နေ့မှာ ငါဟာ လူဖြစ်တယ်။ လှပပါတယ်။ ချော်ရည်ပူထဲက ကျောက်စိမ်းတုံးလေးပါပဲ။
ရင်ထဲက စကားလုံးတွေကို ထုတ်ပြောရင် တန်ဖိုးမဲ့သတဲ့။ ဆိုကြစမ်းပါစေ ငါက အစထဲက သုညတလုံးပါပဲ။ ဘာမှရှိမနေခဲ့ဘူး။ ဘဝရဲ့ တခုတည်းသော အဲဒီလူကလည်း ငါ့ကိုမချစ်ဘူးတဲ့။
ဘာတတ်နိုင်မလဲ၊ ငိုရုံပေါ့။
ရှေ့ဆက်ခဲ့တဲ့နေ့တွေက ခြောက်ကပ်ကပ်နဲ့။ ရပါတယ်၊ ငါ အဆင်ပြေသလို နေလိုက်ဦးမယ် ဆိုပြန်တော့။ အမှောင်ခေတ်တဲ့။
သောက်ရေးမပါလိုက်တာ။
ဒီတော့လည်း ပြင်းပြတဲ့စိတ်ဓာတ်နဲ့ စတင်ခဲ့တဲ့ခြေလှမ်းတွေ မီးတောင်ထိပ်ဝက ကြွေးကြော်သံတွေ၊ ချော်ရည်ပူထဲက စကားသံတွေ၊ ဆောင်းဦးနွေရဲ့ အငွေ့အသက်တွေ၊ အင်း … အထင်ကြီးလောက်စရာပါပဲ။
ဘဝရဲ့ လေးပုံတပုံလောက် ဖြတ်ကျော်အပြီးမှာ ဘဝကိုနားလည်နေတဲ့ သူတော်စဉ်တဦးလို ကျင့်ကြံခဲ့တယ်။
ရူးနှမ်းလိုက်တာ။
ဆေးလိပ်ငွေ့ကို ရှူထုတ်ရင်း တွေးမိလိုက်တာ ငါလည်း လွတ်မြောက်ချင်တယ်လို့။ ကြယ်တွေကိုကြည့်ရင်း ရေရွတ်မိလိုက်တာ ငါလည်း တောက်ပချင်တယ်လို့လေ။ မေ့နေခဲ့တာက အဲဒါ ကိုယ်ပိုင်အလင်းရောင်မှ မဟုတ်ဘဲကို။
ထပ်ပြီး … မိုက်မဲလိုက်တာ။
ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေတောင် ခြောက်တော့မယ်၊ ငါက ခုထိ ဘယ်လိုဖြစ်ခဲ့ပါတယ်လို့ ပြန်သတိရနေတုန်း။ ဦးနှောက်ခြောက်ချင်စရာပဲ။
“တစ် … နှစ် … သုံး …”
ရေတွက်မိနေတာ ကိန်းဂဏန်းတခုပဲမလား၊ ငါက ဘာလို့ အသက်ကြီးလာရတာတဲ့လဲ။
နှလုံးသားဥယျာဉ်ထဲက အပင်စောင့်နတ်သမီးကပြောတယ် …
“ကလေး မင်းငယ်သေးတယ်” တဲ့လေ။
ဘယ်ကသာ ကျနော် ရင့်ကျက်နေပြီဗျ။
“ဒါဆို မင်း ညဘက်တွေ ဘာကြောင့်ငိုနေရသလဲ”
ခေါင်းအုံးကမေးတယ်။
မဖြစ်နိုင်တာ ငါ နာကျင်မှုဆိုတာကို မေ့ဖျောက်ထားတာ ကြာလှပြီ။
ကြောက်စရာကောင်းတဲ့ အလိမ်ညာ စကားတွေအောက်မှာ ငါက ပိတ်မိနေတုန်း။ ပြီးတော့ အရွဲ့တိုက်မိနေတုန်း။
ပင်ပန်းလိုက်တာ။
သစ်ရွက်ခြောက်လေးတရွက် မြေပြင်ပေါ်ကို ကြွေကျတယ်။ တော်၀င်ဆန်ပါတယ်၊ ဝါကြင်ကြင်နဲ့ လှနေခဲ့တာပဲ။သဘောကျတယ်။
ပြီးတော့ အရွက်နုနုလေး ထွက်လာခဲ့တယ်။ ဒါပေမယ့် အဲဒီအရောင်ကို ငါ ကြိုက်မနေခဲ့ဘူး။
တကယ်ဆို ငါနဲ့လည်း မဆိုင်ပါဘဲနဲ့။
Be the first to comment