73
Ei Thandar Aung
‘မှတ်ချက်တခုနှင့် စိတ်မလုံခြုံမှု’
“အဲ့နေ့က ကျမက ရုံးသွားနေတာ။ ရုံးနောက်ကျနေလို့ YBS မစီးတော့ဘဲ Taxi ငှားစီးသွားတာ။ ဖုန်းသုံးနေတဲ့အချိန်မှာ သူငယ်ချင်းတယောက်က စာပို့လာလို့ ကြည့်လိုက်တော့ အရမ်းလန့်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားခဲ့တယ်”
မဝေအောင် (အမည်လွှဲ) သည် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး KBZ Bank တွင် ဘဏ်ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။
အသက် ၂၈ နှစ်အရွယ် မဝေအောင်သည် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ရံဖန်ရံခါ ပူးပေါင်းပါဝင်ခဲ့သူလည်းဖြစ်သည်။
“သူငယ်ချင်းက ကျမ Facebook Acc နဲ့ အလုပ်အကိုင်၊ နေရပ်လိပ်စာတွေကို စစ်တပ်ရဲ့ Telegram Channel မှာတင်ထားတယ်။ ဝင်ကြည့်လိုက်ဦးဆိုပြီး စာပို့လာတော့ ကျမက Telegram မသုံးဘူးလေ။ အဲ့တော့ ဘာတင်ထားတာလဲဆိုတာ ကျမသူငယ်ချင်းကို ပို့ခိုင်းတော့ ဘညွန့်ဆိုတဲ့ Telegram က ကျမကိုဖမ်းဖို့ တင်ထားတာ ဖြစ်နေတယ်”
၂၀၂၃၊ ဧပြီ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပဇီကြီးကျေးရွာပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို သတင်းဖော်ပြခဲ့သည့် Khit Thit Media သတင်းဌာနအောက်တွင် Comment ရေးသားခဲ့သည့်အတွက် ဖမ်းဆီးရန် လှုံ့ဆော်ထားသည်ဟု ဆိုသည်။
“မြို့ပေါ်မှာ ဆန္ဒပြပွဲတွေ မရှိတော့တဲ့အချိန် ၂၀၂၂ လောက်က ကျမတို့ရုံးက ဝန်ထမ်းတွေအနေနဲ့ နိုင်ငံရေးနဲ့မ ပတ်သက်ဖို့ဆိုပြီး ခံဝန်တွေ ထိုးခဲ့ရတယ်။ အခုတခါ ထပ်ဖြစ်တော့ ကျမ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်” ဟု မဝေအောင်က ပြောသည်။
ထိုနေ့မှာပင် မဝေအောင်တယောက် ရုံးသို့မသွားတော့ဘဲ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆွေမျိုးများရှိရာ ကျေးရွာတခုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ထို့နောက် သူမ ယခင်အသုံးပြုခဲ့သည့် Facebook ကို ဖျက်ပစ်ခဲ့ပြီး ဖုန်းနံပါတ်များပြောင်းလဲကာ Online Shop တခုဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည်ဟုဆိုသည်။
“ကျမလည်း သတင်းတွေ အမြဲဖတ်တယ်။ စစ်ကြောရေးမှာ ဘယ်လိုတွေ နှိပ်စက်ခံရလည်းဆိုတာ အများကြီး ဖတ်ခဲ့ရတယ်။ အဲဒီအတွက် ကျမ အဖမ်းခံရမှာကြောက်တယ်။ အခုအချိန်ထိ online shop အလုပ်နဲ့ မိဘတွေကလွဲရင် ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဖြစ်ဘူး” ဟု မဝေအောင်ကဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းသည့်အချိန်မှစ၍ စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းအပြင် Facebook ကဲ့သို့ လူသုံးများသည့် Social Network များကို ထိန်းချုပ်ခြင်း၊ VPN အသုံးပြုခြင်းကို ကန့်သတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး တွေ့ရှိပါကလည်း ဖမ်းဆီးကာ ထောင်ချခြင်း၊ ငွေညှစ်တောင်းခံခြင်းများကို ယခု ၂၀၂၅ ခုနှစ်အထိ လုပ်ဆောင်နေဆဲပင်ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးအဖြစ် Telegram Channel များဖွင့်လှစ်ကာ စစ်တပ်ဆန့်ကျင်သူများ၊ NUG၊ PDF၊ EROs ထောက်ခံသူများကို ပစ်မှတ်ထားကာ ဖမ်းဆီးအရေးယူရေး လှုံ့ဆော်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
စစ်ကောင်စီက Han Nyein Oo၊ Thazin Oo၊ ဘညွန့်၊ မှိုင်းဝေ၊ တပ်ကြပ်ကြီးဖိုးစီ စသည့် Telegram Channel များ ဖွင့်လှစ်ကာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၏ နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်အလက်များကို အသေးစိတ် ဖော်ထုတ်နေခြင်းဖြစ်သည်။
ယင်းအပြင် စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့အပြားရှိ စစ်ဆေးရေးဂိတ်များတွင် မှတ်ပုံတင်အပြင် ဖုန်းများကို စစ်ဆေးကာ မသင်္ကာပါက ဖမ်းဆီးကာ ငွေညှစ် ခြိမ်းခြောက်မှုများလည်း ရှိနေသည်။
“ကျနော် အလုပ်ကိစ္စနဲ့ ခရီးသွားရတော့ မော်လမြိုင် စစ်ဆေးရေးဂိတ်မှာ ဖုန်းအစစ်ခံရတယ်။ အကုန်ဖျက်ထားတယ်၊ ဒါပေမယ့် Facebook က သိမ်းထားတဲ့ ဓာတ်ပုံတပုံက မေ့ကျန်နေခဲ့တာ။ မင်းအောင်လှိုင်ကို လှောင်ထားတဲ့ပုံပေါ့။ အဖမ်းခံရပြီထင်တာ၊ ပိုက်ဆံ ၁၃ သိန်းနဲ့တင် အဲ့ဂိတ်မှာ ကိစ္စပြီးသွားလို့ တော်သေးတယ်ပြောရမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ ကိုဇင်မင်းက ၎င်း၏အတွေ့အကြုံကို ပြောပြသည်။
တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဌာနချုပ်များနှင့် မြို့များကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး စစ်ကောင်စီ ဝါဒဖြန့် Telegram Channel များကလည်း စွန့်လွှတ်လိုက်ရသည့် မြို့များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရန် လှုံ့ဆော်လျက်ရှိသည်။
ထို့ပြင် တော်လှန်ရေးအင်အားစုများဘက်မှ အောင်ပွဲရသတင်းများ ဖော်ပြသည့် သတင်းဌာနများ၊ ထင်ရှားသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၏ လူမှုကွန်ယက်စာမျက်နှာများအား စစ်ကောင်စီဘက်မှ စောင့်ကြည့်ကာ ပြန်လည်မျှဝေသူ၊ မှတ်ချက်ပြုသူများကို ဖမ်းဆီးအရေးယူရန် လှုံ့ဆော်မှုများ ရှိနေသည်။
“ကျနော်တို့က မြို့ပေါ်မှာ ပေါ်တင်နေတယ်။ ထောက်ပို့လည်းလုပ်တယ်။ facebook ပေါ်မှာ တော်လှန်ရေးနဲ့သက်ဆိုင်တာ ဘာမှလည်းမတင်ဘူး။ share တာလည်း မလုပ်ဘူး။ ပုံမှန် အပျော်အပါးတွေပဲ တင်တယ်။ ပေါက်ကရတွေပဲ share တယ်။ အဲဒါ အန္တရာယ်ကင်းတယ်” ဟု ရန်ကုန်မြို့တွင်နေထိုင်သူ ထောက်ပို့လူငယ်တဦးဖြစ်သည့် ကိုမော် (အမည်လွှဲ) က ယခုကဲ့သို့ ဆိုသည်။
ယင်းအပြင် မြို့ပြများတွင် နေထိုင်နေကြသည့် ပြည်သူများအနေဖြင့် စိတ်ခံစားမှုကို ဦးစားမပေးဘဲ လူမှုကွန်ယက်ပေါ်တွင် ဆင်ခြင်သင့်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။
၂၀၂၂ မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး channel များဖြစ်သည့် Han Nyein Oo နှင့် Thazin Oo တို့ကို Telegram ကုမ္ပဏီက ဖယ်ရှားပစ်ခဲ့သည်။
သို့သော် များမကြာမီအချိန်အတွင်း စစ်ကောင်စီဘက်မှ Channel အသစ်များ ပြန်လည်ဖွင့်လှစ်ကာ ဝါဒဖြန့်ချိရေး လှုံ့ဆော်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
“တော်လှန်ရေးအင်အားစုတွေလုပ်တဲ့ ကမ်ပိန်းတွေ Page တွေကို RCS လုပ်ဖို့ Acc တု ဖွင့်ထားတယ်။ ပုံမှန်သုံးတဲ့ Acc လည်းထားတယ်။ ဖုန်းထဲ သံသယဖြစ်စရာ ဘာမှမထားဘူး။ အဲ့လိုနေတာ အန္တရာယ်အကင်းဆုံးပဲ” ဟု ကိုမော်ကွန်း (အမည်လွှဲ) က အကြံပြုသည်။
ထို့ပြင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မိမိတို့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ အလွယ်တကူ သိရှိစေနိုင်သည့် မင်္ဂလာဆောင်ဖိတ်စာ၊ အလှူဖိတ်စာတို့ကို ရှင်းလင်းထားသင့်သည်ဟု ၎င်းက ပြောသည်။
“နိုင်ငံရေးနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်မလုပ်ဖြစ်ဘဲနဲ့ comment တခုကြောင့် အခုလို စိတ်မလုံခြုံဖြစ်ခဲ့ရတာ” ဟု မဝေအောင်က ဆိုလိုက်သည်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
