‘မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း’
ပန်းနုဝင်း
မှုန်ကုတ်ကုတ် တောင်တန်းပေါ်က
လှုပ်တုတ်တုတ် အလင်းရောင်နောက်လိုက်နေတဲ့
မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း။
အသက်ရှုမဝတဲ့ ဆေးရုံကို
ရင်နာနာနဲ့ကျောခိုင်းခဲ့တာ
ဘလေဘဇာဖြစ်နေတဲ့ ခေတ်ကို ပြောင်းစေချင်လို့။
ငရဲမီးတွေ ငါတို့နယ်ကို မလောင်ခင်ကတည်းက
မီးမုန်တိုင်းထဲ တိုးဝင်ခဲ့တာ
သတ္တိကောင်းလွန်းလွန်းလို့ မဟုတ်ဘူး။
အိမ်က အဆင်ပြေလွန်းလို့ မဟုတ်ဘူး။
ကြယ်တွေကြွေတာ မကြည့်နိုင်လို့။
အေး…ကြယ်တွေကြွေတာ မကြည့်နိုင်လို့။
ကားသံ မီးစက်သံ ကြားရင်တောင်
ဂျက်ဖိုက်တာသံလား လို့
စိုးရိမ်ရေမှတ်တွေ တက်တယ်။
လက်နက်ကြီးသံဟာ အခုထိ
ငါ့နှလုံးသွေးကြောကို ကျဥ်းစေတုန်း။
“ရဲဘော် အဆင်ပြေသွားမှာနော်”လို့ပြောရင်း
ဆေးထိုးအပ်ကို ကိုင်နေတဲ့အချိန်မှာ
ဘယ်အရာကိုမှ ကြောက်မနေတော့ဘူး။
ဘယ်အရာကိုမှ………..။
နှလုံးသည်းပွတ်ကို ဓားတွေနဲ့ မွှန်းလည်း
ကိုယ့်ဒဏ်ရာကိုယ် ဆေးထည့်ရင်း
လမ်းကြောင်းစောင်းနေတဲ့ ကြယ်တွေအတွက်နဲ့
တန်းဖြောင့်အောင်သွားနေတဲ့ ကြယ်တွေကို
ဒီဆေးထိုးအပ်က လျစ်လျူမရှူ နိုင်ဘူး။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
