မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ

“စာအုပ်တန်းမှာလမ်းလျှောက်ခြင်း”

စာအုပ်အမည်။ ။ မှိုင်းဋီကာအရပ်ရပ်က နိုင်ငံရေးသဘောထားအထွေထွေ
ရေးသူ။ ။ ဒေါက်တာသန်းထွန်း
မျက်နှာဖုံး။ ။ စိုးဝင်းငြိမ်း
အတွင်းပုံ။ ။ စံတိုး
ဓာတ်ပုံ။ ။ ကိုထွန်းဝေ
ပုံနှိပ်မှတ်တမ်း။ ။ တောင်တမန်ရွှေအင်းစာ​ပေ၊ ပထမအကြိမ် – ၂၀၀၆ ခုနှစ် မေလ

■ မျက်နှာဖုံးအဓိပ္ပါယ်ရှင်းလင်းချက်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဘဝနေထိုင်မှုဟန်ပန်နဲ့ စရိုက်လက္ခဏာကို ပေါ်လွင်ထင်ရှားစေတဲ့ဓာတ်ပုံကို ရှာဖွေသုံးစွဲပါတယ်။
၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ဆရာကြီးကွယ်လွန်တော့ သူရဲ့ဂူဗိမာန်ကို ဗိသုကာဦးကျော်မင်းက ပုံစံထုတ်ပေးခဲ့ပါတယ်။ ဂူဗိမာန်မှာ သခင်ကိုယ်တော်မှိုင်းရဲ့ ဘဝဖြတ်သန်းမှုခေတ်လေးခေတ်ကို ကိုယ်စားပြုတဲ့ သင်္ကေတတံဆိပ်ကြီး ထုလုပ်ခဲ့ပါတယ်။

သခင်ကိုယ်တော်မှိုင်းတံဆိပ်ကြီးရဲ့အဓိပ္ပါယ်ကို ဗိသုကာဦးကျော်မင်းက အခုလို ရှင်းလင်းဖော်ပြခဲ့ပါတယ်။
“ဆရာကြီး၏ ဂူဗိမာန်ကို (၂၃၊ ၇၊ ၁၉၆၆) နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ဂူဗိမာန်၏ ရှေ့မျက်နှာစာနံရံတွင် ဆရာကြီးဂုဏ်အင်္ဂါ (၄) ရပ်ကို ဖော်ကျူးထားသည့် အထိမ်းအမှတ်တံဆိပ်များကိုလည်း တပ်ဆင်ပေးထားပါသည်။
● စာအုပ်ပုံ – ဆရာကြီး၏ စာပေယဉ်ကျေးမှုကို ဖော်ကျူးသည့်အထိမ်းအမှတ်
● ဒေါင်းရုပ် – ဆရာကြီး၏ တိုင်းပြည်လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲသည့် အထိမ်းအမှတ်
● ချိုးရုပ် – ဆရာကြီး၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆောင်ရွက်မှု အထိမ်းအမှတ်
● တူတံဇင် – ဆရာကြီးသည် အဖိနှိပ်ခံပြည်သူများဘက်မှ ထာဝရရပ်တည်ခဲ့ပြီး အထူးသဖြင့် အလုပ်သမားနှင့် တောင်သူလယ်သမားတို့၏ ဘဝချမ်းမြေ့စေရန် လိုလားမျှော်မှန်းသော ကိုယ်စားပြု သင်္ကေတတို့ ဖြစ်ပါသည်။
(ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့နေ့က ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်ဖြစ်ပါတယ်။ ၁၉၇၆ ခုနှစ်က မှိုင်းရာပြည့်ပါ။ ဒီစာအုပ်က သခင်ကိုယ်တော်မှိုင်း နှစ် (၁၃၀) ပြည့်အထိမ်းအမှတ် ၂၀၀၆ ခုနှစ်မှာ ထုတ်တာပါ။)

■ နောက်ဖုံး
အရင် ၁၉၃၀ ကျော်တုန်းက သူအားကိုးတဲ့လူငယ်တွေဟာ နောက် ၁၉၅၀ ကျော်တဲ့အခါ လူကြီးလူကျယ်တွေဖြစ်ပြီး အချင်းချင်း ဦးရာလူက နှိပ်စက်တာကိုတွေ့ရတော့ ဆရာကြီးအနေနဲ့ ငြိမ်းချမ်းရေးတရားကိုပဲ ဖိပြီး ဟောပြောနေရတာပဲဖြစ်တယ်လို့ ဆိုရပါမယ်။

■ မှတ်ချက်
၁၉၇၄ မတ် ၂၁ မန္တလေး ဓမ္မဗိမာန်မှာ ကျင်းပတဲ့ “သခင်ကိုယ်တော်မှိုင်း ၉၆ နှစ်မြောက် မွေးနေ့ပွဲ အထိမ်းအမှတ်” မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ဖတ်ကြားခဲ့သော စာတမ်းဖြစ်ပါသည်။

“စာမြည်း”
ပြည်ရွှေတောင်အနားက ဝါးလည်ရွာ ဦးစံဒွန်း ဒေါ်အုံးတို့မှ ၂၃ မတ် ၁၈၇၆ နေ့က သားငယ်တယောက်ကို မွေးဖွားပါတယ်။ အဲဒီသားငယ်ဟာ နောင်အခါ သခင်ကိုယ်တော်မှိုင်းအမည်နဲ့ မြန်မာသိ ကမ္ဘာသိ ပုဂ္ဂိုလ်ကျော်တဦး ဖြစ်လာခဲ့တယ်။ အင်္ဂလိပ်မြန်မာနိုင်ငံခေါ်တဲ့ အောက်ပြည်အောက်ရွာမှာ မွေးလို့ မွေးကတည်းက အင်္ဂလိပ်ကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ်နဲ့ မွေးတယ်လို့ ပထမ ကျနော်တို့ နားလည်ထားကြရပါမယ်။ ပတ်ဝန်းကျင်အခြေအနေလိုက်ပြီး အင်္ဂလိပ်စာတတ်တဦးဖြစ်မယ်၊ ခေတ်အခါလိုက်ပြီး ငါးထောင်စားရာထူးမှန်းတဲ့လူဖြစ်မယ်ဆိုတဲ့ အန္တရယ်တွေရှိတယ်။ ဆိုလိုတာက သူသာမြို့တက်ပြီး အတန်းကျောင်းနေ အင်္ဂလိပ်စာသင်ဆိုရင် တနည်းနည်းနဲ့ ထင်ရှားကျော်ကြားတဲ့လူ ဖြစ်ချင်ဖြစ်မယ်။ ခုလို သခင်ကိုယ်တော်မှိုင်းတော့ ဖြစ်မလာဘူးလို့ ကျနော် ထင်မိတယ်။
ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်စာတတ်တဲ့ သူနဲ့ရွယ်တူလောက်ရှိတဲ့ အောက်သားတွေကိုကြည့်ပါ။ စပယ်ပင်ဦးလတ်နဲ့ ဂျိမ်းလှကျော်ဟာ သူ့ထက် ဆယ်နှစ်ကြီးတယ်။ ဆာဂျေအေမောင်ကြီးက ငါးနှစ်ကြီးတယ်။ သမ္မတဦးချစ်လှိုင်ဆိုရင် သူ့ထက် သုံးနှစ်ငယ်တယ်။ ဦးမေအောင်က လေးနှစ်ငယ်တယ်။ ဆာမောင်ကြီးက ဆယ်နှစ်ငယ်တယ်။ ဦးဖေမောင်တင်က တဆယ့်နှစ်နှစ်ငယ်တယ်။
အင်္ဂလိပ်စာတတ်ဆိုရင် အင်္ဂလိပ်ဘက်ပါသွားဖို့ နီးစပ်ပါတယ်။ အင်္ဂလိပ်ဘက်သားစစ်စစ် မဖြစ်သွားတောင် ယိမ်းယိုင်တွေဝေဖို့များတယ်။ အခုလို မြန်မာဘက်က တသမတ်တည်း ရပ်တည်နေနိုင်မယ်မဟုတ်ဘူးလို့ ဆိုလိုပါတယ်။ ဟိုခေတ်က လက်တွေ့မျက်မြင်ပြောရင် အင်္ဂလိပ်စာတတ်လူငယ်တွေဟာ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေတွေမှာ ဥက္ကဌတွေ အတွင်းရေးမှူးတွေ ဖြစ်လာကြတယ်။

“သို့ ကြည်ဖြူမြတ်နိုးပြီး ကိုးစားလောက်သည်၊ အားထားလောက်သည်ဟု တိုင်းပြည်ခေါင်းဆောင်အရာတွင် ထင်မြှောက်လိုက်သောအခါ အချို့ခေါင်းဆောင်တို့မှာ ငါသည်ကား သာမညမဟုတ်၊ ဥက္ကဌတည်းဟူသော သတင်းဟိတ်နှင့် အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်မြတ်၊ ပုဂ္ဂိုလ်ထူးဟု နတ်ရူးကို ဘုံနှင့်မြှောက်သကဲ့သို့ ဂုဏ်မောက်လိုသော ယင်းစိတ်ဖြင့် အမျိုးသားချင်းတို့ အပေါ်မှာပင် နင်းနှိမ်ချိုးဖဲ့၍ အကျိုးမဲ့ ပြောဆိုရေးသား ဆဲရေး တိုင်းထွာ၍ မေတ္တာဓာတ်ကြီးဖြင့် ပတ်စည်းဖွဲ့နှောင်ခြင်းမပြု၊ ကရုဏာ ကင်းဝေး၍ မလေးမစားပြုကြကုန်၏။ “ လို့ ဆရာကြီးကိုယ်တိုင် ရေးဖူးပါတယ်။ “အင်္ဂလိပ်စာတတ်ရင် အမျိုးသားစိတ် ခေါင်းပါးသွားတတ်တယ်”လို့ ဆရာကြီးကိုယ်တိုင်က ဒီလို ခွေးဋီကာ (၁၉၂၅) မှာ ရေးတာဟာ ယေဘူယျအနေနဲ့ တော်တော်မှန်တယ်လို့ ထင်ပါတယ်။

တဘက်ကပြန်ကြည့်တဲ့အခါ အမျိုးသားမြန်မာနိုင်ငံတော်ဖြစ်တဲ့ မန္တလေးမြတောင်တိုက်ကို အသက်ကိုးနှစ်သားအရွယ်လောက်ကပဲ သူရောက်နေတာထောက်ရင် သူ့မိဘအသိုင်းအဝန်းက သူ့ကို မြန်မာပညာနဲ့ပဲ မင်းခစားယောကျ်ား မှူးကြီးမတ်ကြီးဖြစ်စေလိုတဲ့ဆန္ဒရှိမှာ သေချာသလောက်ပါပဲ။ သူကိုယ်တိုင်ကလည်း မျောက်ဋီကာ (၁၉၂၂) ထဲမှာ “တို့ဘုရင်သာရှိရင် ငါလည်း ရာကြီးထူးကြီးနဲ့ပေါ့” ဆိုတဲ့သဘောမျိုး ရေးခဲ့ဖူးပါတယ်။

= = = = = = = =

နိုင်ငံရေးအယူအဆကို စစ်ဆေးတင်ပြတဲ့အခါ ကာလအပိုင်းအခြားဆိုရင် ၁၉၁၃ က ၁၉၃၈ အထိ နှစ်ဆယ့်ငါးနှစ်ကာလအတွင်းမှာ မြန်မာနိုင်ငံရေးနဲ့အတူ ဆရာကြီးရဲ့ နိုင်ငံရေးသဘောထားတွေဟာလည်း “ငါ့အမျိုးမှ ငါ့အမျိုး” ဆိုတဲ့ နယ်ကျဉ်းကျဉ်းကနေပြီး ကျယ်ပြန့်ကြီးထွားလာလိုက်တာ နိုင်ငံတကာငြိမ်းချမ်းသာယာရေးအထိ မြင့်သွားတာကို တွေ့ကြရပါလိမ့်မယ်။
တိုတိုပြောရရင် ပထမအင်္ဂလိပ်အင်ပိုင်ယာထဲမှာပဲ ဒိုမီနီယံစတေးတပ်ရရင် တော်ပြီးလို့မှန်းတယ်။ နောက်တော့ လုံးဝလွတ်လပ်ရေးက တပြားမှမလျော့ဘူးဖြစ်လာတယ်။ လွတ်လပ်ရေးရပြီးရင် ဘယ်လိုနိုင်ငံတည်ဆောက်မလဲဆိုတာ ချက်ချင်းမစဉ်းစားနိုင်သေးဘူးပေါ့။ ပဒေသရာဇ်နိုင်ငံ ပြန်ဖြစ်ချင်လည်း ဖြစ်နိုင်တယ်ဆိုတဲ့သဘော ရှိနေသေးတယ်။ နောက်တော့မှ ဆိုရှယ်လစ်နိုင်ငံပဲ ကြိုက်တယ်လို့ ပီပီသသဖြစ်လာပါတယ်။ အဲဒီကမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အလိုရှိလာတယ်။ ရဖို့လည်း ကြိုးစားတယ်လို့ ဆိုပါတယ်။

About The Call 600 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*