အော်စွန်းမိုင်
ဆင်မြူရယ် ဟန်တင်တန်ဟာ ဟားဗာ့ဒ် ပါမောက္ခအဖြစ် ထင်ရှားခဲ့တဲ့သူပါ။ နောက်တော့ ဟားဗာ့ဒ်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးစင်တာမှာ ဒါရိုက်တာဖြစ်လာပါတယ်။
စာအုပ်တွေ ရေးသားထုတ်ဝေခဲ့တယ်။ ယဉ်ကျေးမှုများ ထိပ်တိုက်တိုးခြင်းနဲ့ ကမ္ဘာ့အစဉ်အလာသစ် ဖန်တီးခြင်း (၁၉၉၆) က ထင်ရှား တိုးထွက်လာတဲ့ စာအုပ်ဖြစ်ပါတယ်။ သူ့ရဲ့အမြင်တွေ၊ အယူအဆတွေ၊ ကောက်ယူပုံတွေဟာ စဉ်းစားစရာများလည်း ဖြစ်ခဲ့ပါတယ်။ အငြင်းပွားစရာများလည်းဖြစ်ခဲ့တယ်။ ကမ္ဘာ့ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သူပြောခဲ့တာက ဟောဒီလိုပါ။
“ကျနော့်ရဲ့အမြင်မှာ ဒီနေ့ခေတ်ကမ္ဘာမှာ ပေါ်ပေါက်လာမယ့် ရန်ဘက်ပဋိပက္ခတွေရဲ့ အခြေခံအကြောင်းတရားဟာ သဘောတရားကြောင့်လည်း မဟုတ်ဘူး။ စီးပွားရေးကြောင့်လည်း မဟုတ်ဘူး။ အမျိုးသားနိုင်ငံတွေဟာ ကမ္ဘာ့အရေးမှာ အရေးကြီးတဲ့အခန်းက ပါဝင်တယ်။ ကမ္ဘာ့ပဋိပက္ခတွေဟာ နိုင်ငံအချင်းချင်းတွေကြား ကွဲပြားတဲ့ ယဉ်ကျေးမှု အဖွဲ့အစည်းတွေကြားမှာ ပေါ်ပေါက်လာပါတယ်။ ယဉ်ကျေးမှု ထိပ်တိုက်တိုးခြင်းဟာ ကမ္ဘာ့နိုင်ငံရေးကို လွှမ်းမိုးပါလိမ့်မယ်။ ယဉ်ကျေးမှုချင်း ကွဲပြားခြားနားမှုဟာ အနာဂတ်စစ်ပွဲများရဲ့ အနားသတ်ဖြစ်ပါလိမ့်မယ်။
“အနောက်တိုင်းကမ္ဘာကြီးရဲ့ ကမ္ဘာကိုအောင်နိုင်မှုဟာ အတွေးအခေါ်၊ စံနှုန်းနဲ့ ဘာသာရေးကြောင့် မဟုတ်ပါ။ သူတို့ရဲ့အားသာချက်က စုစည်းထားတဲ့ အကြမ်းဖက်မှုပါပဲ။ (ကျုးကျော်စစ်ပါ)။ အနောက်တိုင်းသားတွေက ဒီအချက်ကို မေ့နေကြတယ်။ တခြားလူမျိုးတွေက မမေ့နိုင်ပါဘူး။“
ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းက အနာဂတ်စစ်ပွဲများရဲ့ အနားသတ် ဖြစ်လာလိမ့်မယ်လို့ ကြိုတင် နိမိတ်ဖတ်ခဲ့တယ်။ ယနေ့ ကမ္ဘာ့အဖြစ်အပျက်တွေ စစ်ပွဲတွေကရော သူဟောသလို ဖြစ်လာခဲ့ပြီလား။
သူ အစောပိုင်းကတည်းက ရေးသားခဲ့တာတွေက မျက်မှောက်ကမ္ဘာနဲ့ ကွက်တိပါပဲ။ နှိုင်းယှဉ်ဆက်စပ်ကြည့်ရင် ထင်သာမြင်သာရှိပါတယ်။ ကောက်နုတ်ချက်တခုမှာ “ယုံကြည်ဟန်ဆောင်မှု၊ စံနှုန်းနှစ်ခုနဲ့ သို့သော် မဟုတ်ပါတို့ဟာနိုင်ငံတကာဆက်ဆံရေးရဲ့ မျက်နှာဖုံးစွပ်ထားတဲ့ တန်ဖိုးပါပဲ။ ဒီမိုကရေစီကို မြှင့်တင်မယ်။ မူဆလင်အစွန်းရောက် တွေတော့ အာဏာမရစေရဘူး။ အစ္စရေးလ်ကိုတော့ လက်နက်တပ်ဆင်ပေးမယ်။ လွတ်လပ်စွာကုန်သွယ်မှုဟာ စီးပွားရေးတိုးတက်မှုရဲ့ ဝင်ရိုးဖြစ်တယ်။ စိုက်ပျိုးရေး ထွက်ကုန်တွေအတွက် မဟုတ်ပါ။ တရုတ်ပြည်အတွက်ကတော့ လူ့အခွင့်အရေးအကြောင်း ဆွေးနွေးပါတယ်။ ဆော်ဒီအာရေဗီးယားနဲ့ ပတ်သက်လို့တော့ ခပ်မဆိတ်နေမယ်။ ရေနံကြွယ်ဝတဲ့ ကူဝိတ်နိုင်ငံ ကျူးကျော်မှုကို အပြင်းအထန် တွန်းလှန်ခဲ့တယ်။ ရေနံမပိုင်တဲ့ ဘောစနီးယားစစ်ပွဲအပေါ်တော့ ဒီလိုသဘောမထားခဲ့ဘူး။ လက်တွေ့မှာ စံနှုန်းနှစ်ခုထားတာကို ရှောင်လွှဲလို့မရနိုင်တာဟာ နိုင်ငံတကာဆက်ဆံရေး စံပါပဲ” လို့ ရေးသားခဲ့တယ်။
နိုင်ငံတကာဆက်ဆံရေးစံ ဘာလဲ၊ ဘယ်လဲပေါ့။
The Clash of Civilization and The Remaking of World Order (1996) စာအုပ်ဟာ ၁၉၉၆ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ယနေ့ကမ္ဘာရဲ့ အစဉ်အလာသစ်ကရော ဘာပါလဲ။ သူပြောခဲ့တဲ့အတိုင်းပဲလား။
“လူမျိုးရေးပဋိပက္ခများနဲ့ ယဉ်ကျေးမှုထိပ်တိုက်တိုးခြင်းများ တိုးပွားလာတဲ့ကမ္ဘာမှာ အနောက်တိုင်းကမ္ဘာ နိုင်ငံတွေရဲ့ စံနှုန်းတွေဟာ ပြဿနာသုံးမျိုးနဲ့ ရင်ဆိုင်လာရတယ်။ စံနှုန်းတွေဟာ မှားနေတယ်၊ အကျင့်သီလနဲ့ မကိုက်ညီပါ၊ အန္တရာယ်များတယ်တို့ ဖြစ်ကြပါတယ်။ အနောက်တိုင်းစံနှုန်းရဲ့ နောက်ဆုံး ယုတ္တိဗေဒကောက်ချက်ကတော့ အင်ပိုင်ယာဝါဒ နယ်ချဲ့စနစ်ဟာ မရှိမဖြစ်တဲ့အရာ ဆိုတာပါပဲ” လို့လည်း နိုင်ငံတကာစံနှုန်းတွေကို ထောက်ပြရေးသားခဲ့တယ်။
၁၉၉၃ ခုနှစ်ထုတ်ဝေတဲ့ ဖော်ရိန်းအဖဲယားမဂ္ဂဇင်းမှာ ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းဆောင်းပါး စတင်ဖော်ပြခဲ့တော့ အခုလို ဘာသာရေးအကဲဖြတ်ချက် ပါဝင်တယ်။
“အာရှအလယ်ပိုင်းမှာ ယဉ်ကျေးမှုထိပ်တိုက်တိုးခြင်း သမိုင်းဖြစ်စဉ်ကြီးဟာ ပိုမို မီးတောက်လာတယ်။ လခြမ်းနယ် မြေ မူဆလင်တိုင်းပြည်များကြားမှာ ပိုမှန်တယ်။ အာဖရိကဦးချိုစွန်းမှ အလယ်အာရှအထိဖြစ်တယ်။ မူဆလင်အချင်းချင်းကြားမှာလည်း ပဋိပက္ခတွေရှိတယ်။ ဘော်လကန်ဒေသမှာ ရှေးရိုးခရစ်ယန် ဆာ့ဘ်တွေ၊ အစ္စရေးလ်မှာ ဂျူးတွေ၊ အိန္ဒိယမှာ ဟိန္ဒူတွေ၊ ဖိလစ်ပိုင်မှာ ကက်သလစ်တွေရှိတယ်။ အစ္စလာမ်ဘာသာမှာ သွေးစွန်းတဲ့နယ်နမိတ်တွေရှိတယ်။”
ဒီနေ့ အင်္ဂလန်မှာဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတွေကလည်း ယဉ်ကျေးမှုချင်း တိုးတိုက်မိကြတာလေလား စဉ်းစားစရာပါပဲ။
ယခုအရေးအသားတွေက ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ထုတ် ဂါဒီယန်သတင်းစာမှာ ဖော်ပြတဲ့ ဒါဗို့စ်တွေ့ဆုံပွဲရဲ့ဆန္ဒ Davos man’s death wish ဆောင်းပါးကို ကိုးကားပြန်ဆို ကောက်နုတ်တင်ပြတာဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ တွေးတောစရာဖြစ်နိုင်တဲ့ အရေးအသားလေးနဲ့ နိဂုံးချုပ်ပါရစေ။
“အမေရိကန် ယဉ်ကျေးမှုကလည်း ထိန်းချုပ်ခံနေရတယ်။ ဆိုဗီယက်သမိုင်းရေး အတွေ့အကြုံက ပြခဲ့သလို သဘောတရားရေးတခုတည်းနဲ့ လူတွေကို ပေါင်းစည်းထားလို့ မရဘူး။ လူမျိုးရေး၊ လူမျိုးနွယ်နဲ့ ယဉ်ကျေးမှုနောက်ခံတွေ ရှိသေးတယ်။”
Be the first to comment