ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့

“ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့”

◼️အော်စွန်းမိုင်

အကျိုးရှိတဲ့ အပြန်အလှန် နားလည်မှုတွေ ရှိကြပါတယ်။ အဲဒီအချက်တွေက သမိုင်းစဉ်တလျောက် လူ့ဘောင်လောကအတွက် ကောင်းတဲ့ မွန်မြတ်တဲ့အရာတွေ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

လူတဦးနဲ့တယောက် ဆက်ဆံကြရာမှာ အသက်ကြီးသူက ငယ်သူကို ဆက်ဆံရာမှာဖြစ်စေ၊ မိဘက သားသမီးကို ဆက်ဆံရာမှာဖြစ်စေ၊ ဆရာက တပည့် ကို ဆက်ဆံရာမှာဖြစ်စေ အပြန်အလှန်အားဖြင့် တပည့်မှ ဆရာ၊ သားသမီးမှ မိဘ၊ ငယ်သားမှ အရာရှိနဲ့ ငယ်ရွယ်သူကို ကိုယ့်ထက်အသက်ကြီးသူကို ဆက်ဆံကြရာမှာ ယဉ်ကျေးပျူငှာပြီး စေတနာပါပါဆက်ဆံကြရင် အလွန်ပင် ကျေးဇူးများနိုင်ပါတယ်။ တယောက်နဲ့တယောက် ခင်ခင်မင်မင်နဲ့ ချိုချိုသာသာ ပြောဆိုဆက်သွယ်ကြရင် ကုမ္ပဏီကလည်း ကုမ္ပဏီအလျောက်၊ မိသားစုကလည်း မိသားစုအလျောက်၊ တက္ကသိုလ်ကလည်း တက္ကသိုလ်အလျောက်၊ အသင်းအပင်းကလည်း အသင်းအပင်းအလျောက် တိုးတက်ဖွံ့ဖြိုးမှုတွေ ရရှိကြမှာမလွဲပါဘူး။

တယောက်နဲ့တယောက် ပြောဆိုဆက်ဆံကြရာမှာ ယဉ်ကျေး သိမ်မွေ့ ချိုသာကြရင် လိုချင်တဲ့အရာ လိုအပ်တဲ့ကိစ္စတွေ ပြီးမြောက်ကြမှာပါ။ ကြီးသူက ငယ်သူကို ပြောဆို ညွှန်ပြ ဆုံးမစရာရှိတာကစပြီး အဆင့်မြင့်ဝန်ထမ်းက လက်အောင်ခံဝန်ထမ်း အလုပ်သမားကို ညွှန်ကြားရာမှာ ပြေပြေပြစ်ပြစ် ချေချေငံငံ ပြောဆိုဆက်သွယ်ကြရင် မိသားစု ကုမ္ပဏီနဲ့ လူ့အဖွဲ့အစည်းမှာ စိတ်အေးချမ်းသာမှုကို ရရှိမှာဖြစ်ပါတယ်။ ဆက်ဆံကြရပါတယ်။ အဲဒီလို အလျားလိုက်ဆက်ဆံရေးနဲ့ ဒေါင်လိုက်ဆက်ဆံရေးများမှာ ယဉ်ကျေးပျူငှာကြရင် အလုပ်လည်းတိုးတက်မယ်။ လုပ်ငန်းလည်းအောင်မြင်မယ်။ မိမိနဲ့ မိမိပတ်ဝန်းကျင်လည်း စိတ်ချမ်းသာမှာ ဖြစ်ပါတယ်။

တယောက်ကိုတယောက် ယဉ်ကျေးသိမ့်မွေ့စွာ ပြောဆို ဆက်ဆံကြတာက ဂုဏ်ငယ်စရာလည်း မဟုတ်ပါ။ ဘာမှလည်း ထိခိုက်နစ်နာနိုင်တာ မရှိပါ။ ယဉ်ကျေးမှုမြင့်မားတဲ့လူမျိုးကို ဘယ်သူကမှ၊ ဘယ်လူမျိုးကမှ၊ ဘယ်နိုင်ငံကမှ ရိုင်းစိုင်းသူတွေလို့ မသတ်မှတ်နိုင်ပါဘူး။ တကယ့်ကို သေချာမှုတခုပါပဲ။
အရှေ့တိုင်းနိုင်ငံတခုဖြစ်တဲ့ ကျွန်ုပ်တို့နိုင်ငံကိုလည်း ယဉ်ကျေးသော၊ ဘာသာတရားကိုင်းရှိုင်းသော၊ စေတနာ မေတ္တာတရားကောင်းမွန်သော၊ စိတ်နှလုံးသိမ်မွေ့သူတို့ရဲ့ နေထိုင်အသက်ရှင်ရာအဖြစ် ကမ္ဘာ့အလယ်မှာ သတ်မှတ်ပြဌာန်း နားလည်ကြပြီးသားဖြစ်ပါတယ်။

ရုပ်ဝတ္ထု၊ ငွေကြေးနဲ့ ဥစ္စာဓနတို့ဟာ အကြောင်းတစုံတရာကြောင့် ကုန်ခမ်းသွားနိုင်ပါတယ်။ ပျက်စီးသွားနိုင်ပါတယ်။ မမြဲသော ရုပ်တရားများသာ ဖြစ်ကြပါတယ်။ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ကတော့ နာမ်တရား စိတ်မှာ ကိန်းအောင်းနေကြတဲ့ မေတ္တာ စေတနာ ဂရုဏာနဲ့ ပညာတို့ပဲဖြစ်ကြပါတယ်။ ထိတွေ့ကိုင်တွယ်မရတဲ့ ဝိဉာဏ Abstract တွေပဲဖြစ်တယ်။

အဲဒီနှလုံးသားမှ ဦးနှောက်မှ စိတ်ဝိညာဥ်ဉ်မှ ထွက်ပေါ်လာကြတဲ့ အနှစ်သာရပြည့်ဝလှတဲ့ အရာတွေက ဘယ်သောအခါမှ မကုန်ခမ်းနိုင်ပါ။ အမတ တရားလို့ ပြောနိုင်ပါတယ်။ မေတ္တာ စေတနာ ဂရုဏာနဲ့ ပညာတွေကို ပေးဝေကြပါ။ မျှဝေကြည့်ကြပါ။ ကုန်ခမ်းသွားမှာမဟုတ်ကြောင်း တွေ့မြင်သိရှိကြမှာပါ။ အလွန်ပီတိဖြစ်စရာကောင်းတဲ့ ချမ်းမြေ့မှုအဖြစ် ဆင်ခြင် သိရှိနိုင်မှာဖြစ်ပါတယ်။ မေတ္တာ၊ စေတနာ၊ ဂရုဏာနဲ့ ပညာတို့ကို ဝေမျှခြင်းနဲ့ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံခြင်းများက မင်္ဂလာတရားတော်နဲ့လည်း အထူးပင်ကိုက်ညီလှကြောင်း လေးစားစွာ တင်ပြလိုက်ရပေတယ်။

About The Call 608 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*