– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
တရုတ်ကတောင်းဆိုလို့ အပစ်ရပ်တာကို ဇူလိုင် ၁၉ – ၃၁ အထိ သက်တမ်းထပ်တိုးလိုက်တယ်လို့ MNDAA ထုတ်ပြန်ခဲ့တယ်။ TNLA ဘက်ကတော့ စစ်တိုက်တာ လက်ဝှေ့ထိုးသလို ဘောကန်သလို နားချိန်ပေးဖို့ မလိုဘူးလို့ တုံ့ပြန်ခဲ့တယ်။ MNDAA ဦးဆောင်ပြီးတိုက်နေတဲ့ လားရှိုးထိုးစစ်ဟာ ဇူလိုင်လကုန်အထိ လျော့ကျသွားနိုင်တဲ့သဘောတော့ ရှိတယ်လို့ ယူဆနေတုန်းမှာပဲ ယာယီသမ္မတသစ်က စစ်ရှိန်မြှင့်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကို တွန်းအားပေးလိုက်တဲ့သဘော တွေ့လာရတယ်။
‘ယာယီသမ္မတအသစ်’
အများစုက ဘာဆက်ဖြစ်မလဲ ချိန်ဆ တွက်ချက်နေကြချိန်မှာ နာမကျန်းဖြစ်နေတဲ့ ယာယီသမ္မတက သူ့နေရာမှာ စကစဥက္ကဋ္ဌကို အစားထိုး လွှဲပြောင်းပေးလိုက်တယ် ဆိုတဲ့သတင်း စစ်တပ်ပိုင် သတင်းဌာနတွေကနေ ဇူလိုင် ၂၂ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တယ်။ စကစရဲ့ ဒီအလှည့်အပြောင်းဟာ သမ္မတဟောင်းသိန်းစိန်နဲ့ ဒုချုပ်စိုးဝင်းတို့ရဲ့ တရုတ်ပြည်ခရီးစဥ်တွေနဲ့ တရုတ် ဖိအားပေးလိုက်တဲ့ ရှမ်းမြောက်အပစ်ရပ်တွေကြားမှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့သဘော ဖြစ်နေတယ်။
ဒါပေမယ့် ဒီရွှေ့ကွက်ဟာ တရုတ်ရဲ့ လတ်တလောဖိအားတွေကို တုန့်ပြန်လိုက်တယ် ဆိုတာထက် မအလရဲ့ အရင်က ကြိုတင် ကြံစည်ထားမှုတခုကို လက်ရှိအခြေအနေတွေအရ အကောင်အထည်ဖော်လိုက်တဲ့ သဘောလို့လည်း ကောက်ယူကြည့်နိုင်တယ်။ ဆိုလိုတာက ယာယီသမ္မတမြင့်ဆွေ ကျန်းမာရေး အတော်ချို့တဲ့နေစဥ်ကတည်းက နောက်ထပ် ဒုသမ္မတ တဦးဖြစ်တဲ့ ဟင်နရီဗန်ထီးယူရဲ့ ဆေးခွင့်ကိုလက်ခံပြီး ကြိုတင် ထွက်ခွင့်ပြုထားတာတွေနဲ့ ဆက်စပ်ကြည့်ရင် တချိန်မှာ လစ်လပ်လာမယ့် ယာယီသမ္မတနေရာကို ဝင်ယူနိုင်တဲ့ အခွင့်အလန်းတခု ဖန်တီးထားတာကြောင့်ဖြစ်တယ်။
တကယ်တော့ တရုတ်ဖိအားလည်းရှိ၊ လက်ရှိစစ်မှာလည်း ရှုံးပွဲဆက်နေတဲ့ စကစအတွက် ၂၀၀၈ ခြေဥနဲ့ ဆက်စပ်ပြီး (ခြေဥအတိုင်းလို့ မဆိုလို) ပြန်ဆုတ် တဲ့ လမ်းကြောင်းက ရှိပြီးသားဖြစ်တယ်။ ကာချုပ်က ယာယီသမ္မတကို အာဏာပြန်လွှဲတာပါ။ ဒီနောက်မှာ ယာယီသမ္မတက အုပ်ချုပ်ရေးနဲ့ တရားစီရင် ရေးကို အဖွဲ့တခု သီးသန့်ဖွဲ့ပေးပြီး လွှဲလိုက်တာဖြစ်တယ်။ အဲဒီအဖွဲ့က တရုတ်ဦးတည်တဲ့ ရွေးကောက်ပွဲကို စီစဥ်နိုင်မယ်။ ယာယီသမ္မတဆီမှာ ဥပဒေပြုရေးရှိနေပြီး စစ်တပ်နဲ့ စစ်ရေးကို ကာချုပ်က ဆက်ထိန်းချုပ်ထားတဲ့နည်းပါ။ ဒီပုံစံမှာ အဖွဲ့သစ်အနေနဲ့ တရုတ်က ဗိုလ်သိန်းစိန်ကို ပြန်ဝင်လာစေချင်တဲ့ပုံစံနဲ့ နီးစပ်တဲ့သဘောမျိုးဖြစ်တယ်။ မအလဟာ အာဏာမသိမ်းခင်ကနေရာကို ပြန်ရောက်သွားတာဖြစ်ပေမယ့် (တရုတ်လမ်းကြောင့်တဲ့ လုံးလုံး ထွက်ပေးလိုက်ရတာထက်စာရင်) အများကြီး သက်သာရာရမှာဖြစ်တယ်။ သို့သော် စစ်အာဏာသိမ်း မအောင်မြင်တဲ့သဘောကို ၃ နှစ်ခွဲအကြာမှာ တရားဝင် လက်ခံလိုက်ရတဲ့သဘောလည်း ဖြစ်ပြန်တယ်။
လက်ရှိ ယာယီသမ္မတနေရာကို ယူလိုက်တော့ ၆ လသက်တမ်း ထပ်မတိုးတော့ဘဲ ကာချုပ်က ယာယီသမ္မတကို အာဏာပြန်လွှဲ၊ ယာယီသမ္မတဟာ လက်ရှိလွှတ်တော်သက်တမ်း (လွှတ်တော် တရားဝင် မခေါ်နိုင်ခဲ့ပေမယ့်) ၂၀၂၆ မှာ ရွေးကောက်ပွဲအရ တက်လာမယ့် နောက်သမ္မတကို အာဏာပြန်လွှဲနိုင်မှာဖြစ် လို့ စကစပြောနေတဲ့ ၂၀၂၅ ရွေးကောက်ပွဲဆိုတဲ့ ဘောင်ထဲကို ရောက်လာတယ်။ ဒီပုံစံမှာ ပြဿနာရှိနေတာက ယာယီသမ္မတကော ကာချုပ်ကောဟာ တဦးတည်းဖြစ်နေတာဖြစ်တယ်။ ဒီ့အတွက် ဒီရက်ပိုင်းအတွင်း ကာချုပ်နေရာကို ဒုချုပ် ရောက်ကောင်း ရောက်လာမလား စဥ်းစားကြည့်နိုင်တယ်။ ဒီနည်းက စစ်တပ်ထောက်ခံသူတွေ အရင်ကတည်းက အကြံပြုနေတဲ့ လမ်းကြောင်းဖြစ်တယ်။
သို့သော် ဒီလမ်းကြောင်းထဲမှာကိုပဲ ကာချုပ်နေရာကို မှိန်ဖျော့ထားပြီး (ဘာမှမပြောဘဲနေ၊ သူပဲဆက်ယူထားပြီး) စကစ (ကာချုပ်အစား) က နိုင်ငံတော် အာဏာကို ယာယီသမ္မတကို ပြန်လွှဲပေးတယ်။ ၂၀၂၁-၂၅ သက်တမ်းမကုန်ခင်အတွင်း ရွေးကောက်ပွဲနဲ့ အစိုးရသစ်တရပ် ရွေးချယ်မယ်ဆိုတာဟာ ၆ လ သက်တမ်းတိုးကိုရှောင်ပြီး ပုံစံသစ်ကို ပြောင်းလိုက်နိုင်တဲ့သဘောမျိုး ဖြစ်လာနိုင်တယ်။ ဘယ်ပုံစံပဲ ဖြစ်လာသည်ဖြစ်စေ မအလဟာ အာဏာလမ်းကြောင်းက ဆင်းသွားတဲ့ပုံစံကို ဘယ်သူ လမ်းကြောင်းပေးလို့မှ သွေဖီသွားမှာ မဟုတ်ဘူးဆိုတာကို ပြောလိုက်တာဖြစ်ပြီး သူ့နည်းသူ့ဟန်နဲ့ ရွေးကောက်ပွဲတခုကို ဦးတည်မယ်ဆိုတဲ့ သဘောကိုပါ ဖော်ပြလိုက်တယ်လို့ ကောက်ယူကြည့်နိုင်မယ်။
‘ရှမ်းမန်းစစ်ဆင်ရေးအခြေအနေ’
ရှမ်းမန်းစစ်ဆင်ရေးမှာ ရှမ်းမြောက်တကြောမှာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးတလျှောက် တိုက်ပွဲတွေရှိနေတယ်။ ဇွန် ၂၅ ရက်ကပြန်စတဲ့ ဒီ ၁၀၂၇ ဒုတိယလှိုင်းမှာ နောင်ချိုကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၁၀ ရက်မှာ သိမ်းလိုက်နိုင်တယ်။ သီပေါဘက်က တိုက်ပွဲနည်းတယ်လို့ ပြောနိုင်ပေမယ့် ကျောက်မဲဟာ ဇွန် ၂၅ ကစပြီး တိုက်ပွဲတွေဆက်၊ စခန်းကုန်းတွေ၊ အမြောက်တပ်၊ ရဲစခန်း၊ ခရိုင်ရဲရုံးနဲ့ မြို့တွင်း အထင်ကရ အဆောက်အဦတွေကို စီးထားတာတွေ့ရတယ်။ သို့သော် စကခ-၁ နဲ့ တပ်ရင်းတွေကို မသိမ်းနိုင်သေး။ လားရှိုးဂွင်က တရုတ်စည်းချက်နဲ့ ရှေ့တိုးနောက်ဆုတ် ကစားနေတယ်။ ဒါပေမယ့် MNDAA အပစ် ဆက်ရပ်တယ်လို့ ကြေညာချက်အပြီး နောက်နှစ်ရက်အကြာ ဇူလိုင် ၂၁ ရက်မှာ တပ်အင်အား ၃၀၀ ကျော်ရှိပြီး ဒုဗမက တဦး၊ ဗိုလ်မှူး နှစ်ဦးနဲ့ ဗိုလ်ကြီး ၅ ဦးပါတဲ့ စကစအဖွဲ့တဖွဲ့ဟာ MNDAA ဆီမှာ လက်နက်ချခဲ့တာတွေ့ရတယ်။
ဒါက အပစ်ရပ်ထားပေမယ့် တိုက်ပွဲတချို့ ဆက်ဖြစ်နေသေးတယ်ဆိုတဲ့ သဘောဖြစ်ပြီး တဘက်ကကြည့်ရင် ဒီလက်နက်ချမှုဟာ ဇူလိုင် ၃ ရက်နေ့ကစတိုက်တဲ့ လားရှိုးတိုက်ပွဲ နှစ်ပတ်ကြာပြီးတဲ့နောက် MNDAA ဘက်က အပစ်ရပ်မယ်ဆိုပေမယ့် စစ်တပ်ဘက်က တပ်တချို့မှာ စစ်ဆက်တိုက်ဖို့ ဆန္ဒမရှိတော့တာကို ဖော်ပြလိုက်တဲ့သဘော တွေ့ရတာဖြစ်တယ်။ မအလ ယာယီသမ္မတသစ် ဖြစ်လာတဲ့နောက်ပိုင်းမှာ MNDAA ရဲ့ထိုးစစ်ဟာ လားရှိုးမြို့ပြင်က တပ်ရင်းနဲ့ စခန်းတွေကိုသိမ်းပြီး ဇူလိုင် ၂၅ မှာ မြို့တွင်းကို ဝင်လာခဲ့ပြီဖြစ်တယ်။ (လားရှိုး ဆိုးအောက်လို့လည်း သတင်းတွေ ထွက်လာပါတယ်)
မန်းဘက်အခြမ်းမှာ မိုးမိတ် (ပထဝီအပိုင်းအခြားအရ မန်းဘက်ထည့်ထား)၊ မိုးကုတ် (သတ်မှတ်ချက်အရ မန်းဖြစ်ပေမယ့် ရှမ်းအာရုံကျတဲ့အပိုင်းဖြစ်)၊ မတ္တရာနဲ့ စဥ့်ကူးတို့ကို တွေ့ရမှာဖြစ်တယ်။ မိုးမိတ်ကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၁၆ ကတည်းက မြို့ပေါ်ပိုင်းကို ထိန်းချုပ်ထားပြီး စကစရဲ့ မိုးမိတ်ဗျူဟာနဲ့ တပ်ရင်းတွေက မိုးကုတ်နဲ့ သပိတ်ကျင်းအထွက်တွေမှာ အထိုင်ချထားဆဲဖြစ်လို့ ကျောက်မဲနဲ့ သဘောချင်းဆင်တာ တွေ့ရတယ်။ မိုးကုတ်မြို့ထဲကို တော်လှန်ရေးတပ်တွေ ဝင်လာတာကို မြို့သူမြို့သားတွေကြိုဆိုတဲ့ ဓာတ်ပုံတွေ ဇူလိုင် ၂၄ ရက်နေ့က တက်လာတာမို့ မိုးကုတ်ဟာ သိမ်းထားပြီလို့ ယူဆရတယ်။ စဥ့်ကူးဟာ ဇူလိုင် ၁၇ ကတည်းက ဆိုးအောက်ဖြစ်ထားတယ်။ မတ္တရာကိုတော့ မန်းပီဒီအက်ဖ် တောက်လျှောက် လက်စွမ်းပြနေတာကို တွေ့ရမှာဖြစ်တယ်။
ဇူလိုင်အကုန်အထိ ရှမ်းမြောက် (ကျောက်မဲ၊ လားရှိုးလက်ကျန်တွေ) နဲ့ မန်း (မိုးမိတ်၊ မတ္တရာ) တွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်ပြီး အဲဒီအပိုင်းနှစ်ပိုင်းမှာ အထိုင်ကျလာတဲ့ သြဂုတ်လထဲမှာ စကစရဲ့ အခင်းအကျင်းအသစ်ကို တော်လှန်ရေးတပ်တွေက ပြင်ဦးလွင်နဲ့ မန္တလေးအစပ်တွေကို ပွဲကူးရင်း ကြိုဆိုကြလိမ့်မယ်လို့ ယူဆကြည့်ရမှာဖြစ်တယ်။
Be the first to comment