
“ယူကရိန်းနဲ့ မြန်မာ ဘာကွာသလဲ၊ ဘာလုပ်သင့်သလဲ”
‘အနောက်နိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ဘီလီယံနဲ့ချီ ပေးခဲ့ကြပေမယ့် မြန်မာနိုင်ငံကို ဘာ့ကြောင့် လျစ်လျူရှုထားသလဲ ?’
(CNA အွန်လိုင်းသတင်းဌာနတွင် ဇန်နဝါရီလ ၃၁ ရက်နေ့က ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Nicholas Farrelly
နှင့် Adam Simpson တို့၏ ‘Commentary: Why has the West given billions in military aid to Ukraine, but virtually ignored Myanmar?’ ခေါင်းစဥ်ဖြင့် သဘောထားအမြင် ဆောင်းပါးကို ကိုနိုင် (မန္တလေး) က The Call ပရိသတ်အတွက် ဘာသာပြန်ဆိုထားပါသည်။ မူရင်းခေါင်းစဥ်ကြီးအစား The Call ပရိသတ် ရှင်းလင်းစွာ သိမြင်စေရန် ဆိုလိုရင်းကို ခြုံငုံမိစေမည့် ခေါင်းစဥ်ကို ပြောင်းပေးထားပါသည်။ မူရင်းခေါင်းစဥ်ကိုလည်း တပါတည်း ဖော်ပြထားပါသည်)
(မူရင်းဆောင်းပါး – https://www.channelnewsasia.com/…/myanmar-coup-military…)
‘နိုင်ငံနှစ်နိုင်ငံ ကြုံတွေ့နေကြရတဲ့ ပဋိပက္ခနှစ်ခုဟာ လုံး၀ တူညီမှုမရှိကြပေမယ့် မြန်မာနိုင်ငံနဲ့ မတူကွဲပြားစွာဘဲ ယူကရိန်းအရေးက နိုင်ငံတကာအပေါ် ဘယ်လောက်အထိ လွှမ်းမိုးမှုရှိတယ်ဆိုတာ သိသာထင်ရှားတယ်လို့ ပညာရှင် တွေက ပြောကြပါတယ်။
ဟိုးဘာ့ (တ်)၊ သြစတြေးလျ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် နှစ်နှစ်ကြာခဲ့အပြီးမှာ မြန်မာနိုင်ငံက ပိုမိုကြီးထွားလာနေတဲ့ တော်လှန်ရေးအင်အားစုများအပေါ် ပြင်ပနိုင်ငံတွေရဲ့ အာရုံစိုက်မှုက မရှိသလောက်ပါဘဲ။
တပ်များ၊ ပြည်သူ့စစ်များနဲ့ တသီးပုဂ္ဂလများ စတဲ့ ကွဲပြားတဲ့အုပ်စုတွေ ပါဝင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်တဲ့ ဒီမိုကရေစီ အတိုက်အခံများအနေနဲ့ စစ်မြေပြင်မှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရနေတာတောင်မှ နိုင်ငံတကာက သူတို့ကို သတိပြုမိလာစေဖို့အတွက်မှာတော့ အတော့်ကို ရုန်းကန်နေကြရပါတယ်။
စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေကို ပြန်လည် ခုခံ တိုက်ခိုက်ဖို့အတွက် အနောက်နိုင်ငံတွေဆီကနေ လက်နက်အကူအညီပေးဖို့ ခုခံရေးအင်အားစုတွေက တောင်းခံတာကို အထူးတလည် သတိမထားမိကြပါဘူး။
ရုရှားနဲ့ ယူကရိန်းစစ်ပွဲအပေါ် အနောက်နိုင်ငံတွေက တုန့်ပြန်ကြပုံနဲ့ (မြန်မာခုခံစစ်အပေါ် တုန့်ပြန်ပုံကြား) ကွာခြားချက်ဟာ သိပ်ကို ကွဲပြားလှပါတယ်။ နှစ်နိုင်ငံ ကြုံတွေ့နေရတဲ့ ပဋိပက္ခနှစ်ခုဟာ လုံး၀ တူညီမှုမရှိဘူးလို့ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက လုံးဝနီးပါး လျစ်လျူရှုထားချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်း သတိမပြုဘဲ မနေနိုင်အောင် ယူကရိန်းနိုင်ငံရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ သိသာထင်ရှားလှပါတယ်။
‘လူအများ ကျလောက်သည့် ခေါင်းဆောင်မရှိ’
ဒီအပိုင်းက အထင်ကရ ခေါင်းဆောင်တဦး သိသိသာသာ ပေါ်ထွန်းနေသလားဆိုတာနဲ့ တစိတ်တပိုင်း သက်ဆိုင်ပါတယ်။ ဖြုတ်ချခံထားရတဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော လူထုခေါင်းဆောင်များကို ဖမ်းဆီး ချုပ်နှောင်ထားခြင်းကြောင့် မြန်မာ့တော်လှန်ရေး အင်အားစုများမှာ အများစုရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်တဲ့ ထင်ပေါ် အရေးပါတဲ့ခေါင်းဆောင် ရှိမနေပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ YouTube နဲ့ ဆိုရှယ်မီဒီယာတွေမှာ တခါတရံတွေ့ရတဲ့ ယာယီသမ္မတ ဒူးဝါးလရှီးလ (Duwa Lashi La) ရှိပါတယ်။ နိုင်ငံမြောက်ပိုင်းက ကချင်တိုင်းရင်းသားများကြားမှာ နာမည်ကောင်းနဲ့ ထင်ရှားပေမယ့် တကမ္ဘာလုံးက သိဖို့ဝေးစွ မြန်မာတနိုင်ငံလုံးအနေနဲ့တောင် သိသူနည်းပါတယ်။
တဘက်မှာတော့ မတူကွဲပြားစွာဘဲ ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇယ်လင်းစကီး (Volodymyr Zelenskyy) ဟာ စစ်ပွဲကာလ တပ်မှူးတဦးအဖြစ် အသွင်ပြောင်းလဲခဲ့တဲ့အပြင် ယူကရိန်းပြည်သူတွေနဲ့ တခြားနိုင်ငံတွေက လွှတ်တော်တွေမှာ၊ အထူးသဖြင့် နိုင်ငံတကာအစည်းအဝေးတွေမှာ သူကိုယ်တိုင် ကျကျနန ရေးသားထားတဲ့ မိန့်ခွန်းတွေကို ပေးပို့ခဲ့တဲ့အတွက် တကမ္ဘာလုံးအတိုင်းအတာနဲ့ သူ့ပုံရိပ်ဟာ ကြီးမားလာခဲ့ပါတယ်။
‘ရိုးရှင်းသည့် ဇာတ်ကြောင်းမရှိ’
ယူကရိန်းဟာ “ဒစ်ဂျစ်တယ်လ် စစ်မြေပြင်” ကိုလည်း ပိုင်နိုင်ကျွမ်းကျင်စွာ ထိန်းချုပ်ခဲ့ပါတယ်။ အနောက် ဒီမိုကရေစီနိုင်ငံတွေဆီကနေ ရုပ်ဝတ္ထုပိုင်းနဲ့ ပြယုဂ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု နှစ်ခုစလုံးကို တောင်းဆို ကမ်းလှမ်းကြတာမှာ ယူကရိန်းခေါင်းဆောင်တွေက သူတို့ရဲ့ ရုန်းကန်မှုအပေါ် အလေးထားအာရုံစိုက်မှု ရဖို့အတွက် “လူကောင်း” နဲ့ “လူဆိုး” ကြား တိုက်ပွဲအဖြစ် အားကောင်းကောင်းပုံဖော်ပြီး ဇာတ်ကြောင်းကို ရိုးရိုးလေး ဖွင့်ပြခဲ့ပါတယ်။
လူမျိုးရေး၊ ဘာသာရေး၊ ပထဝီဝင်၊ သမိုင်း၊ အတွေးအခေါ်နဲ့ အခြားအရာများ စတဲ့ ရှုပ်ထွေးမှုတွေက မြန်မာနိုင်ငံရဲ့ ဇာတ်လမ်းကို စုစည်းပုံဖော်နိုင်ဖို့ ပိုမိုခက်ခဲစေပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဟာ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်တပ်နဲ့ ရင်ဆိုင်နေရတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်တဦးရဲ့ ယခင်အခါက ရိုးရှင်းလှတဲ့ ဇာတ်ကြောင်းကိုလည်း ညစ်နွမ်းစေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ သွေးထွက်သံယို သုတ်သင်ရှင်းလင်းတတ်တဲ့ တပ်မတော်အပေါ် ကြီးကြပ်ကွပ်ကဲမှု သို့မဟုတ် ထိန်းချုပ်မှု မရှိတဲ့အပြင် အဲဒီကိစ္စဟာ အရေးမကြီးဘူးလို့ ထင်ခဲ့ပုံရပါတယ်။ ၂၀၁၉ ခုနှစ်က နိုင်ငံတကာတရားရုံး (ICJ) မှာ တပ်မတော်ရဲ့လုပ်ရပ်တွေကို ခုခံကာကွယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းမာတဲ့ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာအမြင်ကို သိသိသာသာ ပြောင်းလဲသွားစေခဲ့ပါတယ်။ အခုချိန်အထိ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ဆက်ဆံပုံဟာ အရင်ကအတိုင်းရှိနေသေးပြီး ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရတရပ်အနေနဲ့ ဟိုတချိန်ကရခဲ့တဲ့ အနောက်နိုင်ငံတွေရဲ့ စာနာထောက်ထားမှုတွေနဲ့ ထိုက်တန်မှုရှိသေးရဲ့လားဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။
‘ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အဖျားအနားမျှသာ’
ပထဝီအနေအထားကလည်း အရေးကြီးပါတယ်။ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအနေနဲ့ဆိုရင် မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေအတွက် အမြဲလိုလို နောက်ချန်စဥ်းစားချက်တခုအဆင့်ပဲ ရှိပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ရာစုနှစ်တခု သို့မဟုတ် ထို့ထက်မက အနောက်နိုင်ငံတွေနဲ့ ရုရှားအကြား ပြိုင်ဆိုင်မှုမှာ၊ အထူးသဖြင့် ဗျူဟာမြောက် ပြိုင်ဆိုင်မှုတွေမှာ ယူကရိန်းဟာ အဆက်မပြတ် ပါဝင်ခဲ့တဲ့ နေရာတခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နျူကလီးယားအင်အားကြီး ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုတွေအပေါ် ပထဝီနိုင်ငံရေးအရ ခြိမ်းခြောက်မှုအဖြစ် အနောက်နိုင်ငံတွေက ရှုမြင်ကြပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ် တနှစ်တည်းမှာတင် ယူကရိန်းကို အမေရိကန် တနိုင်ငံတည်းကပေးတဲ့ စုစုပေါင်းအကူအညီ အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံလောက် ရှိခဲ့ပြီး အဲဒီအထဲက ထက်ဝက်လောက်ဟာ စစ်ရေးအကူအညီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အရေးပါမှု အားနည်းတဲ့နေရာ ဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း (အာဆီယံအပါအဝင်) အများစုက ခုခံစစ် တိုက်ခိုက်ရေးသမားတွေအတွက် စစ်ရေးအကူအညီတွေပေးဖို့ တွန့်ဆုတ်နေကြပါတယ်။ စစ်တပ် ဆန့်ကျင်ရေးအင်အားစုတွေကို ထောက်ပံ့ဖို့အတွက် မြန်မာနိုင်ငံထဲ မှောင်ခိုလက်နက်တွေ တင်သွင်းတာမှာ သမိုင်းကြောင်းအရ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့ကို တံခါးပေါက်တွေအဖြစ် အသုံးပြုခဲ့ကြပေမယ့် ဒီကနေ့အချိန်မှာတော့ ထိုင်းနဲ့ အိန္ဒိယ ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအရှုပ်အထွေးမှာ ပါဝင်စွက်ဖက်ဖို့ ဝန်လေးနေကြတဲ့အပြင် သူတို့နိုင်ငံတွေ ကိုယ်နှိုက်မှာလည်း မပြတ်စောင့်ကြည့်ရမယ့် သူပုန်အဖွဲ့တွေ ရှိနေတာပါ။ ဒီကနေ့အခါမှာ လက်နက်ခဲယမ်းတွေ မြန်မာနိုင်ငံထဲ ဝင်နေဆဲဖြစ်ပေမယ့် ဖမ်းဆီးခံရမယ့်အရေး တတ်နိုင်သမျှရှောင်ရှားနိုင်ဖို့ လျှို့လျှို့ဝှက်ဝှက်နဲ့ သတိကြီးကြီးထားပြီး လုပ်နေကြရပါတယ်။
ခုခံတော်လှန်ရေးအင်အားစုတွေကို ဘယ် အနောက်နိုင်ငံအစိုးရကမှ လူသိရှင်ကြား ထောက်ပံ့ကူညီတာမျိုး မရှိတဲ့အတွက် တော်လှန်ရေးသမားတွေဟာ လက်နက်ခဲယမ်းဝယ်ဖို့ အများပြည်သူဆီက ရန်ပုံငွေရှာနေရသလို သံသတ္တုပစ္စည်းပျက် အပိုင်းအစတွေနဲ့လုပ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုနေကြရပါတယ်။
တချိန်တည်းမှာ စစ်အာဏာရှင်တွေကတော့ ရုရှားနဲ့ တရုတ်နိုင်ငံတွေဆီကနေ ဝယ်ယူတာ သို့မဟုတ် ဂျပန်၊ အမေရိကန်နဲ့ ပြင်သစ် အစရှိတဲ့နိုင်ငံတွေက ကုမ္ပဏီတွေဆီကနေ ကုန်ကြမ်းတွေဝယ်ယူပြီး ပြည်တွင်းမှာ ထုတ်လုပ်တာ စတဲ့နည်းလမ်းတွေနဲ့ လက်နက်ခဲယမ်းအမြောက်အများ စုဆောင်းထားပါတယ်။
နိုင်ငံတကာတရားရုံးတွေနဲ့ ပတ်သက်ရင်လည်း ပထဝီနိုင်ငံရေးက အရေးပါပါတယ်။ မြန်မာ၊ ယူကရိန်းတို့နဲ့ ဆက်စပ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွဲဆိုချက်နှစ်ခုဟာ The Hague က နိုင်ငံတကာတရားရုံးဆီ သူတို့နည်းလမ်းနဲ့သူတို့ ရောက်ရှိသွားကြပြီး တနှစ်တောင် မကြာသေးတဲ့ ယူကရိန်းရဲ့အမှုကို အနောက်နိုင်ငံအားလုံးနီးပါး၊ စုစုပေါင်း ၃၃ နိုင်ငံက တရားဝင် ဝင်ရောက်စွက်ဖက်ခဲ့ကြပေမယ့် ဆန့်ကျင်ဘက်အားဖြင့် ၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ရိုဟင်ဂျာများအရေး မြန်မာနိုင်ငံအမှုကိုတော့ နိုင်ငံအများအပြားက ဝင်ရောက်စွက်ဖက်နိုင်ခြေ အရိပ်အယောင်မျိုး ပြခဲ့ကြပေမယ့်လည်း ဘယ်နိုင်ငံကမှ လက်တွေ့ ဝင်ရောက်စွက်ဖက်တာ မရှိသေးပါဘူး။
‘ဒီမိုကရေစီကို ထောက်ခံပံ့ပိုးရန် အခွင့်အလမ်းတရပ်’
နိုင်ငံတကာအနေနဲ့ အထူးသဖြင့် အာဆီယံအဖွဲ့ထဲမှာ မြန်မာပဋိပက္ခကို ဝင်ရောက်စွက်ဖက်ဖို့ တွေဝေစေတဲ့ နောက်တချက်ကတော့ မြန်မာနိုင်ငံက အာဏာသိမ်းသူတွေဟာ နောက်ဆုံးမှာတော့ အခြေအနေကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီး အာဏာကို ဆုပ်ကိုင်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာပဲဖြစ်ပါတယ်။
ဒါပေမယ့် ဒီအကဲဖြတ်ချက်ဟာ မှန်သလားလို့ မေးသင့်ပါတယ်။ နှစ်နှစ်ကြာ ဆန္ဒပြကန့်ကွက်မှုတွေနဲ့ အကြမ်းဖက်မှုတွေအပြီး အထူးသဖြင့် ၂၀၂၃ ခုနှစ် အစောပိုင်းမှာ စစ်အစိုးရဟာ ချိနဲ့သွားပုံရပါတယ်။ ဥပမာအားဖြင့် အာဆီယံအတွင်းမှာ သြဇာကြီးအသံများဖြစ်တဲ့ အထူးသဖြင့် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဟာ မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လာကြပါတယ်။
မြန်မာစစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စီမံခန့်ခွဲမှုကြောင့် ဒေသတခုလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ မြင်လာကြပုံရတဲ့အပြင် စစ်အစိုးရဆန့်ကျင်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်နိုင်မှုကလည်း ပိုပိုပြီး ခိုင်မာလာတာကို သတိထားမိလာကြပါတယ်။
ဒီအခြေအနေတွေအောက်မှာ နိုင်ငံတကာအနေနဲ့ ဒီစစ်ပွဲအပြီး မြန်မာနိုင်ငံအနာဂတ်ကို ထည့်သွင်းစဉ်းစားပြီးတော့ ပိုမိုစောလျင်စွာ လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ နိုင်ငံတကာတရားဝင်မှုရဖို့ စစ်တပ်က ကြိုးစားနေတာကို အပြင်းအထန် ကန့်သတ်တာ၊ စစ်ဗိုလ်ချုပ်တွေအတွက် လက်နက်နဲ့ ငွေကြေးအရင်းအမြစ်တွေ ခမ်းခြောက်လာစေရေး ကြိုးပမ်းလုပ်ဆောင်တာတွေကို အရှိန်မြှင့်တာနဲ့ နိုင်ငံတကာတရားရုံးတွေမှာ စစ်ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုချက်တွေကို ထောက်ခံပံ့ပိုးတာတွေ လုပ်ဆောင်ကြဖို့ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ စစ်မြေပြင် တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ရော၊ အနာတရဖြစ် ဒဏ်သင့်နေတဲ့ လူ့အဖွဲ့အစည်းကို ပြန်လည် တည်ဆောက်ရေး အရပ်ဘက်ကြိုးပမ်းမှုတွေမှာပါ ပံ့ပိုးကူညီမှုတွေ လိုအပ်နေပါတယ်။
တိုက်ခိုက်ခံရတဲ့ ဒီမိုကရေစီနိုင်ငံတခုကို ပံ့ပိုးကူညီဖို့ အနောက်နိုင်ငံတွေရဲ့ စစ်ရေးအင်အားကို အောင်မြင်စွာ အသုံးပြုနိုင်တယ်ဆိုတာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကတဆင့် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှင်းရှင်းလင်းလင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
အကယ်၍ ယူကရိန်းကို ကူညီထောက်ပံ့မှုရဲ့ အနည်းအကျဥ်းလောက်ကိုပဲ မြန်မာ့ ခုခံကာကွယ်ရေးသမားများကို ပံ့ပိုးပေးခဲ့မယ်ဆိုရင် အာရှရဲ့အလယ်ဗဟိုချက်မှာ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတော်တခု တနေ့တချိန်မှာတည်ဆောက်ခွင့်ရရေး သူတို့တွေကို အခွင့်အလန်းပေးနိုင်မှာပဲဖြစ်ပါတယ်။
(Nicholas Farrelly ဟာ Tasmania တက္ကသိုလ်၊ လူမှုသိပ္ပံဘာသာရပ်ဌာန ပါမောက္ခနဲ့ ဌာနမှူးဖြစ်ပါတယ်။ Adam Simpson ဟာ South Australia တက္ကသိုလ်၊ နိုင်ငံတကာလေ့လာရေးဌာနက အကြီးတန်းကထိကဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ အကျိုးအမြတ်မယူတဲ့ သတင်းဌာနတွေရဲ့ ကွန်ယက်တခုဖြစ်တဲ့ The Conversation အွန်လိုင်းမှာ ဦးစွာဖော်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်)
Be the first to comment