3
Ma Ei
‘ယောဒေသသို့ ခရီးနှင်ခြင်း’

မနှစ်က ဒီအချိန်ပင် ယောဒေသကို ခရီးနှင်ခဲ့ကြသည်။ ခရီးစတင်၍ ထွက်ခွာလာသည့်နေ့ကား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက ဖြစ်သည်။
ခရီး စတင်ထွက်ခွာရာတွင် ထိုအချိန်က မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေသော ကချင်ပြည်နယ်နှင့် ဆက်စပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကသာ၊ အင်းတော်၊ ထီးချိုင့်နှင့် ကောလင်းမြို့များကို ကွင်းလမ်းများမှတဆင့် ဖြတ်သန်းကာ သွားလာရသည်။ အာဏာသိမ်းမှု လေးနှစ်နီးပါးတာကာလအတွင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက အဆိုပါလမ်းပိုင်းတလျှောက်နီးပါးကို စိုးမိုးထားသည်ကို တွေ့မြင်ရလျှင်ပင် နှလုံးသားအတွင်းမှ ပီတိဖြစ်ရသည်။
ကသာမြို့မှတဆင့် အင်းတော်မြို့အနီးရှိ ကျေးရွာတရွာသို့ရောက်လျှင်ပင် ရပ်နားထားကြသည့် ကုန်ကား၊ ခရီးသည်တင်ယာဥ်ငယ်များ စသည်ဖြင့် ရှည်လျားသောယာဥ်တန်းများကို တွေ့ရသည်။ အဆိုပါကားများ၏ အောက်၊ ကတ္တရာလမ်းမပေါ်၊ ဘေးမြက်ခင်းတို့တွင် ကားဆရာများ၊ ခရီးသည်များနှင့် စျေးသည်များမှာ ရှုပ်ယှက်ခတ်လျက်။ အဆာပြေစားရန် ကောက်ညှင်းကျည်ထုပ်၊ သစ်သီး၊ အချဥ်ပေါင်းသည်များကလည်း ခြေချင်းလိမ်လျက်ပင်။
တချို့က ကားပေါ်၌ ကြိုးတန်းလေးများလုပ်ကာ အဝတ်များကိုလှမ်းထားကြသည်။ မြက်ခင်းပြင်ပေါ်တွင် စားအိုး၊ စားခွက်များ၊ မီးဖိုထားသည့်အရာများကို တွေ့ရသည်။ တချို့က ကားနှစ်စီးကြားတွင် အမိုးထိုးကာ နေနေကြသည်။ သို့သော် ၄င်းတို့၏ မျက်နှာများမှ ပူပင်သောကမှုများကား အတူတူပင်။
ထို့နောက် အင်းတော်မြို့ကွင်းလမ်းများမှတဆင့် ကောလင်းမြို့သို့ ခရီးဆက်ခဲ့ကြပြန်သည်။ လမ်းဘေးဝဲယာဘက်ခြမ်းများတွင် မီးရှို့ခံထားရသည့် နေအိမ်အများအပြားကို တွေ့မြင်ရသည်။ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းဖြစ်သည့်အပြင် တိုက်ပွဲများကြောင့် အစီးရေ ရာနှင့်ချီကာ ရပ်တန့်နေသည့် ကားတန်းများကိုလည်း တွေ့မြင်နေရဆဲ။
“ဟောဒီတဝိုက်က လေယာဥ်နဲ့ဗုံးကြဲခံထားရတာ။ မီးလည်းအရှို့ခံရတယ်။ ထပ်တလဲလဲပေါ့။ အခုထိလည်း ကြောက်နေရတုန်းပဲ” ဟု ကောလင်းဒေသခံ အမျိုးသမီးငယ်တဦးက ပြောပြသည်။
ရောက်ရှိနေသည့်နေရာများတွင် နယ်မြေစိမ်းသည့်အပြင် စစ်ကောင်စီတပ်၏ လေကြောင်းရန်ကို ကြောက်ရွံ့ရ၍ ကြာကြာမနေနိုင်။ ခေတ္တအနားယူကာ၊ ထမင်းစားသောက်ပြီးနောက် နေအလင်းရောင်ရှိနေသရွေ့ ကျမတို့ခရီးဆက်ကြရသည်။ တချို့ညများတွင်တော့ အမှောင်ထုထဲတွင်လည်း မောင်းနှင်ကြသည်။
ညနေမှောင်ရီပျိုးသည့်အချိန်တွင် ကောလင်းမြို့မှတဆင့် စစ်ကော်မရှင်တပ် လက်အောက်ခံ ဘုန်းကြီး ဝါသဝ ကြီးစိုးရာနယ်မြေဖြစ်သည့် ကန့်ဘလူမြို့နယ်အတွင်းသို့ ချဥ်းနင်း ဝင်ရောက်ခဲ့ကြသည်။ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာတရွာသို့ရောက်သည့်ရက်ကား သီတင်းကျွတ်လပြည့်နေ့။
ရွာထိပ်သို့ရောက်သည့်အခါ အမှောင်ထုထဲတွင် ဖုန်းဆက်ကာပြောဆိုနေကြသည့် လူအချို့ကို တွေ့ရသည်။ “ဖုန်းလိုင်းရပြီလား” ဟု စာရေးသူမေးကြည့်သောအခါ “ရလို့ရငြားဆက်ကြည့်ရတာပါ့။ ဘယ်ကဒ်မှမကောင်းဘူး” ဟု အမျိုးသမီးကြီးတဦးက လှမ်းအော်၍ ပြောသည်။ ရွာဦးစေတီငယ်လေးဘေးတွင်မူ ဆီမီးပူဇော်နေကြသည့် ကလေးငယ်အချို့။
ရွာထဲသို့ ရောက်လျှင်ပင် ရပ်ကျေး ပကဖ၊ ပအဖ တာဝန်ခံအချို့နှင့် ကျောင်းဆရာလေးတဦးက တည်ခင်းဧည့်ခံသည်။ ထို့နောက် အထုပ်အပိုးများချကာ ထမင်းစားဖိတ်သည့် နေအိမ်သို့ရောက်လျှင်ပင် အိမ်ရှင်အမျိုးသမီးဖြစ်သူက မီးရှို့ခံထားရသည့်သွပ်များကို မွမ်းမံ၍ တည်ဆောက်ထားရသည့် သူမ၏ နေအိမ်ကိုလက်ညိုးထိုးပြကာ “မင်းအောင်လှိုင်လက်ချက်ကြောင့်ပေါ့တော်” ဟု ဆီးကြိုကာ ပြောပြသည်။
“ကျမတို့ရွာကို မီးအခါခါရှို့တယ်။ ကျမတို့ကလည်း ပြန်ဆောက်တယ်။ တချို့ဆို အုတ်ဖိနပ်၊ မီးကျွမ်းထားတဲ့ သွပ်ပြားတွေပဲ ကျန်တယ်။ စစ်ကောင်စီတပ်က ထပ်ရှို့လည်း ထပ်ဆောက်တယ်။ တရွာလုံးနီးပါး ဒီလိုပုံစံအိမ်တွေချည်းပ” ဟု အိမ်ရှင်အမျိုးသမီးက ဆိုသည်။
ညဦးပိုင်းရောက်၍ အိပ်မည်ပြင်သောအခါ ဝေါ်ကီတော်ကီ(icon)မှ စက်ပေါက်သံများကို ကြားရသည်။ “ခင်ဦးနယ်ကို ဖြတ်သန်း၍ ဂျက်ဖိုက်တာတစီး မြောက်အရပ်ကိုပျံသန်းပါတယ်” “မိတ္ထီလာ၊ ရှမ်းတဲလေတပ်မှ Y – 12 တစီးး ကန့်ဘလူနယ်ကို ဖြတ်သန်း၍ မြောက်အရပ်ကို ပျံသန်းပါတယ်” စသည့် စက်ပေါက်သံများ။ တနေရာတွင်တော့ တိုက်ပွဲပြင်းထန်နေပြီ။
မနက်မိုးလင်းသည့်အခါ ရောက်ရှိနေသည့် ကျေးရွာမှတဆင့် ဆက်လက်၍ ခရီးဆက်ကြသည်။ ကန့်ဘလူနယ်ထဲ၌ပင် ပျူစောထီးကျေးရွာများကို ကွင်းကာ သွားရသည်။ စပါးခင်းများကလည်း စိမ်းမြမြ။ ထိုနေ့က ကန့်ဘလူနယ်အတွင်းရှိ ကျေးရွာတရွာ၌ စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွား၍ စစ်ရေးအခြေအနေရှုပ်ထွေးသည်ဟုဆိုကာ ကန့်ဘလူနယ်ထဲ၌ပင် ဒုတိယမြောက်ရက်အဖြစ် ညအိပ်ရပြန်သည်။
အိပ်ရသည်မှာကလည်း ဂျက်ဖိုက်တာတက်လာသံများတညံညံနှင့်။ ထိုကြားထဲ လက်နက်ကြီးပစ်ခတ်မှုများကြောင့် တည်းခိုရသည့် ပျဥ်ထောင်ကာနှစ်ထပ်အိမ်လေးပင် တုန်ခါသည်မှာလည်း မရေမတွက်နိုင်။ ခရီးပန်းနေကြသော်လည်း ယင်းညက အိပ်မပျော်ပေ။
နောက်တရက်မနက် ကန့်ဘလူနယ်ထဲမှထွက်ကာ ခင်ဦးနယ်အတွင်းရှိ ကျေးရွာများကို ဖြတ်သန်းရသည့်အခါ အာဇာနည်အုတ်ဂူများကို ခပ်စိပ်စိပ်တွေ့မြင်လာရသည်။ အညာဒေသ၏ ပြယုဂ်ဟု ဆိုရမလားပင်။
“အမေကြီးတို့ရွာရဲ့ ဘေးရွာက ပျူရွာလေ။ ပျူတွေက ဒီလမ်းမအတိုင်းဝင်လာတာ၊ အခုကတော့ ပျူတွေ ငြိမ်နေတယ်။ တို့ PDF လေးတွေက မြေပြင်မှာဆိုရင် နိုင်တယ်။ အပေါ်က ဗိုက်ပူကောင်ကြီးကြောင့်သာ။ ပျူတွေဝင်လာရင် ရှိသမျှပစ္စည်း မသိမ်းနိုင်ဘူး။ ပြေးရတာ” ဟု ဒေသခံအဘွားတဦးက ပြောပြသည်။
အဆိုပါ နေ့ရက်များက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရသဖြင့် ဘုတလင်နယ်အတွင်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းများ မည်မျှထိ မွှေနှောက်နေသည်ကို ကျမတို့သိခွင့်မရ။ စစ်ကြောင်းရှုပ်နေသည်ဟုသာ အကြမ်းဖျင်းအားဖြင့် သိကြရသည်။
နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ချိတ်ဆက်ပေးမှုနှင့် ကူညီဖေးမပေးမှုတို့ကြောင့် ဘုတလင်နယ်ကို အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ကြသည်။ ဘုတလင်နယ်ကို ဖြတ်ကျော်ကာ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးနယ်အတွင်းသို့ မှောင်ရီပျိုးချိန်၌ ရောက်ရှိကြသည်။ ထိုနေ့က ကျမတို့ ကံဆိုးသည်။ အကြောင်းမှာကား တောကြီးမျက်မည်းအတွင်း၌ ကားပျက်ခြင်းပင်။ မြေပုံညွှန်းမှတဆင့် ကြည့်သောအခါ အနီးစပ်ဆုံးကျေးရွာနှင့် ဆယ်ငါးမိုင်ခန့် ဝေးသေးသည်။ သည်ညတော့ သည်တော၌ပင် အိပ်ရတော့မည်။
ကားပျက်သည့်နေရာနှင့် နီးစပ်သည့် တောတိုက်များမှ ထမင်းနှင့်ပဲကြမ်းရ၍သာ ညစာစားရသည်။ ယင်းနောက် ထိုတောတိုက်များမှ တောင်သူဦးကြီးများကို အကူအညီတောင်း၍ ထွန်စက်ဖြင့် ကားဆွဲလာခဲ့ရာ ည ၂ နာရီခန့်တွင် ရွာနှင့် ရှစ်မိုင်ခန့်သာ ဝေးတော့သည်။ ထွန်စက်သမားများလည်း နားချင်ပြီဆို၍ ရပ်နားလိုက်ရခြင်းပင်။ ထိုညက တောကြီးအတွင်း၌သာ ညအိပ်ကြရသည်။ ခွေးအ များ ကလည်း တချက်တချက် အူသည်။
မိုးလင်းသည့်အခါ လယ်တောသို့လာသည့် တောင်သူများ၏ ထွန်စက် အကူအညီဖြင့် ရွာထဲသို့ ရောက်ကြသည်။ ရွာထဲရှိ ဘုန်းကြီးကျောင်း၌ ကထိန်အလှူကလည်း ခြိမ့်ခြိမ့်သဲ၊ စစ်ကောင်စီတပ်၏ လေယာဥ်သံမှာလည်း ခပ်ဝေးဝေးကကြားရသည်။
“အရင်လပိုင်းတွေတုန်းက စာသင်ကျောင်းနားကိုကြဲတာ။ ကလေးတွေစာသင်နေချိန်မို့ အထိအခိုက်မဖြစ်ကြတာ။ နို့မို့ဆို ကျောင်းအနားပေးချိန်ကြီး လာပစ်တာနဲ့တိုက်ဆိုင်ရင် ထိကုန်ကြမှာတွေ မနည်းဘူး” ဟု NUG လက်အောက်ရှိ ကျောင်းဆရာမတဦးက သူမ၏ အတွေ့အကြုံကို ပြောပြသည်။
နေ့လယ်ပိုင်း ကားပြင်ပြီးလျှင်ပြီးချင်းပင် ကျမတို့ ခရီးဆက်ခဲ့ကြရာ ဆားလင်းကြီးနယ်မှတဆင့် ယင်းမာပင်နယ်နှင့် ကနီနယ်ကို ဟိုကူး၊ သည်ကူး ကူးရပြန်သည်။ ယင်းမာပင်နယ်သို့ရောက်သည့်အခါ ညအမှောင်ထုမှာ ကြီးစိုးနေလေပြီ။ ထိုအမှောင်ထုကိုပင်အားကိုးအားထားပြုကာ ရေစီးသန်နေသည့် မြစ်ကိုဖြတ်ကူးကြသည်။ တဖက်ကမ်းသို့ အောင်မြင်စွာကမ်းကပ်နိုင်မှသာ သက်ပြင်းချနိုင်တော့သည်။
ကနီနယ်မှတဆင့် ပုလဲ – ဂန့်ဂေါလမ်းမကြီးပေါ်ရှိ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာသို့ ချဥ်းနင်းဝင်ရောက်ခဲ့သည်။ မင်းတိုင်ပင်ကျေးရွာကြီးကား လွန်ခဲ့သည့် နှစ်နှစ်ထက်ပင် ပို၍ စည်ကားနေပေသည်။ ထိုမှတဆင့် ယင်းမာပင်နယ်မှ ပုလဲနယ်ကို ဖြတ်ကာ ခရီးစဥ်၏ ဦးတည်ရာဖြစ်သည့် မုံရွာ – ပုလဲ – ဂန့်ဂေါလမ်းမကြီးပေါ်ရှိ မကွေးတိုင်း၊ ယောမြေကို ကျမ ခြေချမိပေတော့သည်။
(စာကြွင်း – ဖြတ်သန်းခဲ့ရသည့် ကျေးရွာများ၏ အမည်များကို လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိပါ။)