ယောနယ်ရောက် သတင်းထောက်

“ယောနယ်ရောက် သတင်းထောက်”
◼️ကိုဘုန်း
နောက်ဆုံးတခေါက် ကျနော် ယောဘက်ရောက်တော့ လွှမ်းမိုးရဲ့ ‘ရန်ကုန်သားလေး ကျနော်’ သီချင်းကို မဆိုနိုင်ခဲ့ဘူး၊ အာဏာမသိမ်းခင်လေးအချိန် ချင်းဘက်က ပြန်အဆင်း ရောက်ခဲ့တဲ့ ယောအခြေအနေနဲ့ ခုအခြေအနေက လုံးဝ ကွာသွားခဲ့ပြီ။
ဂန့်ဂေါကနေတဆင့် မြစ်တဘက်ကူး၊ နောက်ဆုံး တောလမ်းကနေ ဆိုင်ကယ်ဖြတ်မောင်းပြီး တပ်ဖွဲ့ရဲ့ ဌာနချုပ်ရောက်တော့ အချိန်က ညဆယ်နာရီနီးပါးရှိနေပြီ၊ ညမှောင်ကြီး ဖြတ်လာတော့ ဘယ်နေရာ ဘယ်အပိုင်းလဲ ဆိုတာတော့မသိဘူး၊ ဒါပေမဲ့ ဒီခရီးစဉ်က သတင်းထောက်ဘ၀ရဲ့ အတွေ့အကြုံ အသစ်တခုဆိုတာတော့ အမှန်ပဲ။
ပထမဦးဆုံး သတိထားမိတာက ရာသီဥတုပဲ၊ တောအထဲရောက်လေ အအေးဓာတ်က ပိုစိမ့်လာလေပဲ။ တောင်စောင်းရဲ့ အမြင့်ဆုံးမှာဆောက်ထားတဲ့ အိပ်ဆောင်က ညဉ့်နက်လေ၊ လေပိုတိုးလေဆိုတော့ ဘယ်လိုမှ အိပ်မပျော်ခဲ့ဘူး။
ပုံမှန်ဆို တနေ့လုံး ကားစီး၊ ဆိုင်ကယ်စီး၊ မြစ်ကူးနဲ့ အစစ်အဆေးတွေကြား ဖြတ်သန်းလာရတော့ စိတ်ရောလူပါ ပင်ပန်းနေခဲ့တာ။ ဒါပေမဲ့ သန်းခေါင်ကျော်လာလေ အအေးဓာတ်က ပိုလာလေနဲ့၊ ဒီကြားထဲ မိုးကပါ တဖြောက်ဖြောက် ရွာလာတော့ အနွေးထည်ပါမလာတဲ့ ကျနော့်အတွက်တော့ အအေးဓာတ်က အရိုးထိအောင် လာရိုက်နေသလိုပဲ။
နောက် မေးကြည့်မှပဲ ချင်းပြည်နယ်အပိုင်နယ်ထဲ ပါတယ်ဆိုတာ သိရတော့မှ ဒါကြောင့် ဒီလောက်အေးတာဆိုပြီး တွေးမိတော့တယ်။
ရယ်စရာအဖြစ်ဆိုလို့ ဒီလိုအခြေအနေမှာ လမ်းခရီးအခြေအနေ အနေအထားအရဆိုပြီး အနွေးထည်ကောင်းကောင်းမပါ အ၀တ်သုံးစုံသာ ထည့်လာခဲ့မိတာပဲ။
မှေးခနဲ တချက်အိပ်ပျော်နေတုံးမှာပဲ “ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲ” ဆိုတဲ့ ကြွေးကျော်သံတွေကြားတော့ စောင်ခြုံထဲကနေထပြီး အိပ်ဆောင်မှောင်မည်းအရှေ့မှာ တယောက်ထဲ ထိုင်နေမိတယ်။ နောက်တော့ ကြွေးကျော် သံတွေနဲ့ လေ့ကျင့်ပြေးလွှားနေတဲ့ အသံတွေကြားတော့ လူက ဘယ်လိုမှ မနေနိုင်တော့ဘူး။ ဒီလိုနဲ့ အသံကြားရာဘက်ကို အတက်အဆင်းတွေကြားမှာ တယောက်ထဲ လျှောက်မိခဲ့တယ်။ လိုင်းမမိတော့တဲ့ဖုန်းက နာရီကြည့်မိတော့ မနက် ၅ နာရီလောက်ပဲ ရှိသေးတယ်။
အေးစိမ့်နေတဲ့ မနက်ခင်း ဝေလီဝေလင်းမှာ ချွေးသံရွှဲရွှဲနဲ့ ပြေးလွှားနေတဲ့ လူငယ်တွေကိုကြည့်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာကနေ လက်နက်ကိုင်တော်လှန်ရေး အကူးအပြောင်းထိ တဆင့်ချင်းတက်လာတဲ့ တော်လှန်ရေးလှိုင်းလုံးတွေအကြောင်း တွေးမိတယ်။
တကယ်ဆိုရင် ဒီတော်လှန်ရေးမှာ ကိုယ်တိုင်က ဇာတ်ကောင်တကောင်ဆို ဘယ်နေရာကနေ ပါဝင်မလဲဆိုတဲ့ အတွေးမျိုး ဝင်မိတယ်။
တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးခရီးက ကြားသိခဲ့ရတာထက် ပိုပြီး ခက်ခဲကြမ်းတမ်းတယ်ဆိုတာ ကိုယ် တိုင် လက်တွေ့ရောက် မြင်မှပဲ ပို နားလည်သိရှိခဲ့ရတယ်။ နှစ်ပေါင်းများစွာ အခြေတည်ရပ်တည်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထက် ကိုယ်ထူကိုယ်ထ ရပ်တည်ထူထောင်ဆောင်ရွက်နေရတဲ့ အဖွဲ့အစည်းတွေက ပိုပြီးခက်ခဲပါတယ်။
တကယ်တော့ ကျနော့်အတွက် ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ယုံကြည်ရင်းနှီးရတဲ့ မိတ်ဆွေတချို့ကလွဲလို့ ဘယ်သူမှ မသိကြဘူး။ အိမ်ကမိဘတွေကိုတောင် ခရီးသွားစရာရှိတယ်၊ ဘယ်နေရာ ဘယ်ဒေသဆိုတာ အတိအကျ မပြောခဲ့ဘူး။ ကျနော်သွားမယ့်အဖွဲ့က လူမှုကွန်ယက်မှာ နာမည်မကြီး၊ သူ့ဟာသူ သိုသိုသိပ်သိပ်နဲ့ လုပ်နေတဲ့အဖွဲ့ဆိုတော့ မိတ်ဆွေတချို့က စိုးရိမ်မိကြသေးတယ်။
လုံခြုံရေးနယ်မြေအခြေအနေအရ ကျနော်ကိုယ်တိုင်လည်း တချို့အရာတွေကို ဒီရောက်မှ သိခဲ့တယ်ဆိုတာ ပိုမှန်တယ်။ လမ်းခရီးတလျှောက် စစ်ကောင်စီတပ်ဖွဲ့၀င်တွေသာမက ဒေသခံကာကွယ်ရေးတပ်တွေရဲ့ အစစ်အဆေးအမေးအမြန်းပါ ခံလာခဲ့ရတော့ ဒီဒေသရဲ့အခြေအနေကိုတော့ စရောက်ကတည်းက သဘောပေါက်ခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမှာ ဒီဒေသကို ရန်ကုန်ကနေ ပထမဦးဆုံးရောက်ရှိခဲ့တဲ့ သတင်းသမားတယောက်အနေနဲ့တော့ ကိုယ့်ဟာကိုယ် ကျေနပ်မိတယ်။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*