“ယောနယ်ရောက် သတင်းထောက် (အပိုင်း-၃)”
ကိုဘုန်း
ယောလူမျိုးက ဗမာတိုင်းရင်းသား အနွယ်ထဲမှာ ပါတယ်ဆိုပေမဲ့လည်း တရားဝင် အသိအမှတ်ပြုထားတဲ့ လူမျိုး ၁၃၅ မျိုးထဲမှာတော့ ယောက လူမျိုးတမျိုးအနေနဲ့ သီးခြား ပါဝင်ပါတယ်။ ယောဒေသနဲ့ပတ်သက်ရင် လူအတော်များများ က ယောဆိုတာ စုန်း၊ ကဝေ၊ မှော်တို့လို အောက်လမ်းပညာတွေနဲ့ ထင်ရှားတယ်လို့ပဲ အခုထိ ယုံကြည်နေကြဆဲပါ၊ တကယ်တော့ ဒါတွေဟာ ပါးစပ်ရာဇဝင်တွေကို ချဲ့ကားပြောဆိုမှုတွေပါပဲ။
တကယ်တော့ ယောသူယောသားတွေဟာ လူတဘက်သားကို စေတနာအရင်းခံနဲ့ ကူညီတတ်ကြပြီး မဟုတ်မခံ ရိုးသားတဲ့သူတွေဆိုတာ သူတို့ရဲ့နယ်မြေမှာ နေထိုင်ခဲ့ပြီးတော့မှ ပိုသိခဲ့ရတယ်။
ယောစကားက ဗမာဘာသာစကားနဲ့ အတော်တူပြီး အသံထွက်နဲ့ လေယူလေသိမ်းလောက်ပဲ ကွဲပြားတယ်။ အညာသံ စစ်စစ်လို့ပြောရင် ယောက အဒေါ်ကြီးတွေ စကားပြောပုံက ပိုပေါက်တယ်။ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနဲ့ ညိုတဲ့ဘက်ကို ပိုသွားတဲ့ အသားရောင်ဟာ ယောလူမျိုးတွေရဲ့ တူညီတဲ့အချက်ပဲ။
ငယ်ငယ်က အောင်ရင်ဆိုတာ ကြားဖူးတဲ့ ပင် … ပင်နီချောရယ်နဲ့ ယောထမီ ယောထမီ စာသားပါတဲ့ သီချင်းဟာ မြန်မာကျေးလက် ရုပ်ပုံလွှာကို ဖော်ပြတဲ့ သီချင်းတွေထဲမှာ ကျနော်အကြိုက်ဆုံးထဲပါတဲ့ သီချင်းပဲ။
အခုတော့ မီးလောင်ပြင်တွေနဲ့ ယောဟာလည်း အညာ မပီသနိုင်တော့ဘူး။
ယောနယ်နဲ့ပတ်သက်ပြီး အရင်တုန်းက သိခဲ့ဖူးတာဆိုလို့ ယောသူတို့ရွာ သီချင်းရယ်၊ ဘူမိဗေဒကျောင်းသားဖြစ်လို့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ အဲဒီဘက်မှာ ရှိတယ်လို့ ကြားဖူးတာရယ်၊ ဆရာမြသန်းတင့်ရေးတဲ့ ပုံတောင် ပုံညာသွား တောလား စာအုပ်ရယ်၊ ပြီးတော့ သခင်စိုးရဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ (အလံနီ) အခြေစိုက်ခဲ့တဲ့ ဒေသ၊ ဒီလောက်ပါပဲ။
ယောဒေသက မကွေးတိုင်းထဲမှာ ပါတယ်ဆိုပေမဲ့ တကယ်တော့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့က ပိုပြီး နီးကပ်တယ်။ ပထဝီအနေအထားအရ အရေးကြီးတဲ့ ကလေး ကဘော် ချိုင့်ဝှမ်းဒေသက အနောက်ဘက်မှာ ချင်းတောင်၊ အရှေ့ဘက်မှာ ယင်းမာပင် နယ်တကြောနဲ့ တောင်ဘက်မှာ ထီးလင်း တည်ရှိတယ်။ ဂန့်ဂေခရိုင်ကိုအခြေပြုတဲ့ ယောဆိုပေမဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး ဆော၊ ကျော၊ ကျောက်ထု၊ လောင်းရှည်၊ ထီးလင်း ကျန်တဲ့မြို့နယ်တွေကလည်း ယောကို ကိုယ်စားပြုထားကြတယ်။
ယောဒေသဟာ မြေပြင်ပထဝီအနေအထားအရ အရေးပါတဲ့ဒေသဖြစ်နေလို့ မြို့နယ်ဒေသတခုထဲ အာရုံစိုက်လို့ မရပါဘူး။ ကျနော်ရောက်သွားတဲ့အချိန် စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းနဲ့ ယောဒေသကြားက ပုံတောင်၊ ပုံညာဒေသကို ခြေကုပ်ယူဖို့ အတင်းကြိုးစားနေတယ်။ ဘာလို့လဲဆိုတော့ ချင်းလက်နက်ကိုင်တွေ အားကောင်းတဲ့ ချင်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းရဲ့ ဝင်ပေါက်ဖြစ်တဲ့ ပုလဲ-ဂန့်ဂေါ-ကလေးလမ်းကို စိုးမိုးနိုင်ရင် စစ်ရေးအရ အများကြီး အသာရသွားနိုင်လို့ပဲ။
စစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်တဲ့နေရာမှာတော့ မကွေးတိုင်းရဲ့ တပ်ဦးဟာ ယောဒေသလို့ ပြောလို့ရတယ်။ ကျနော်ရောက်တဲ့အချိန် ယောဒေသရဲ့ အမှတ်သညာဖြစ်တဲ့ ပုံတောင် ပုံညာ တောင်တနေရာမှာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ရဲ့ တပ်ဦးအလံကို လွှင့်ထူခဲ့ကြတယ်။
ယောနယ်နဲ့ အနီးစပ်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ဆိုရင်တော့ ချင်းအမျိုးသား ကာကွယ်ရေးတပ်မတော် (CNF) ပဲ ရှိတယ်။ ဒါပေမဲ့ ကျနော် မြေပြင်ကို ရောက်သွားတဲ့အခါမှာတော့ တချို့ ယောအခြေစိုက် လက်နက် ကိုင်အဖွဲ့ တချို့ဟာလည်း အာရက္ခတပ်တော် (အေအေ) အဖွဲ့နဲ့ နီးစပ်တာတွေ့ခဲ့ရပြီး စစ်သင်တန်း သွားတက်တာတွေနဲ့ အထောက်အပံ့တွေ ရတာတွေလည်း ကြားသိခဲ့ရတယ်။
မှတ်မှတ်ရရ အဲဒီကိုရောက်တုန်း ပထမဦးဆုံး CDM စစ်သားနဲ့ တွေ့ဆုံခဲ့ဖူးတာ အေအေနဲ့ တိုက်နေရတဲ့
စစ်ကောင်စီတပ်သားပဲ။ စစ်သားဖြစ်ချင်လို့ စစ်တပ်ထဲ ဝင်ခဲ့တဲ့သူက စစ်တပ်က အကြမ်းဖက်တာတွေကို မြင်လာ သိလာရတော့ သူကိုယ်တိုင် စစ်တပ်ကို ပြန်တိုက်မယ်ဆိုပြီး ယောအဖွဲ့တွေဆီ ပူးပေါင်းလာခဲ့တာ။
တကယ်တော့ တောတောင်ထူထပ်ပြီး တောင်အောက်ချင်းလို့ ပြောကြတဲ့ ယောဒေသက သူတွေအတွက်တော့ တူမီးသေနတ်က မစိမ်းလှဘူး။ ဒါကြောင့်လည်းအ စောဆုံး ရရာလက်နက်စွဲပြီး စစ်ကောင်စီကို တော်လှန်ခဲ့တဲ့ထဲမှာ ယောဒေသက လူတွေလည်း ပါခဲ့တယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ယောဒေသက လူငယ်အများအပြားဟာ နီးစပ်ရာ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် EAO နယ်မြေတွေမှာ စစ်သင်တန်းတွေ သွားတက်ခဲ့ကြတယ်။
အများစုကတော့ CNF ဆီမှာ သင်တန်းတက်ကြပြီး တချို့ကတော့ KIA ဆီမှာ စစ်သင်တန်း သွားတက်ခဲ့တယ်။ ပြီးတော့မှ ကိုယ့်နယ်မြေပြန်လာပြီး နီးစပ်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေမှာ ပြန်တာဝန်ယူကြတယ်။
ယောဒေသဟာ မြို့နယ်နည်းတယ်ဆိုပေမဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကတော့ အမြောက်အမြားရှိတယ်။ အဲဒီမှာမှ ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ကျေးရွာကာကွယ်ရေး ပကဖဆိုပြီး ထပ်ကွဲသေးတယ်။ ကျနော်ရောက်တဲ့ အဲဒီအချိန်မှာ ပလဖတို့၊ ပအဖတို့တော့ မပေါ်လာသေးဘူး။
ဂန့်ဂေါမြို့နယ်အခြေစိုက် တခုထဲတင် PDF ဂန့်ဂေါ၊ ယောကာကွယ်ရေးတပ်ဖွဲ့ (YDF)၊ ဂန့်ဂေါ PDF နဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဆိုပြီး လေးဖွဲ့ရှိတယ်။ နောက်ပြီး ကျောင်းသားတပ်မတော် ABSDF ကလည်း ဂန့်ဂေါအခြေစိုက်ပြီး ရှိသေးတယ်။ ကျန်တဲ့ ကျောက်ထု၊ ဆော၊ ထီးလင်း၊ လောင်းရှည်ဘက်မှာလည်း သက်ဆိုင်ရာ PDF တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရှိသေးတယ်။
ယောဒေသရဲ့ လက်နက်ကိုင်တော်လှန်ရေး ခရီးကြမ်းဟာ သင်ယူရင်းနဲ့ပဲ ခရီးတခု ရောက်လာပြီလို့တော့ ပြောလို့ရတယ်။ ကျနော် ရောက်တဲ့အချိန် အဖွဲ့တော်တော်များများဟာ တူမီးကနေ ခါးချိုး မောင်းပြန်နဲ့ ယမ်း မိုင်းတွေကို ကိုယ်ပိုင် ထုတ်လုပ်ရေးစခန်းတွေနဲ့တောင် ထုတ်လုပ်လာနိုင်ကြပြီ။ တချို့ဆွဲမိုင်းတွေကို ပေးထားတဲ့ နာဂကြီး နာဂလေးတို့ နာမည်တွေကိုတော့ သဘောကျတယ်။ ဘာလို့ အဲဒီနာမည်ပေးလဲ မေးကြည့်တော့ ပြင်းအားပေါ် မူတည်ပြီး ဒီလိုပဲ ပေးကြတာတဲ့။
ဒါပေမဲ့ နည်းပညာမပြည့်စုံ မှုနဲ့ ကုန်ကြမ်းပစ္စည်း အခက်အခဲတွေကြောင့် ထင်သလောက်တော့ ခရီးမပေါက်နိုင်သေးဘူး။ လက်နက် စမ်းသပ်ရင်းနဲ့ အသက်နဲ့ခန္ဓာကိုယ် ပေးဆပ်လိုက်ရတဲ့သူတွေ ယောဒေသမှာ အများကြီးပဲ။
ကျနော့်ကို လမ်းခရီးသွားလာဖို့ ချိတ်ဆက်ပေးတဲ့ အကိုတယောက်ကို ဘာလို့ ဒီတော်လှန်ရေးအလုပ်ကို ကျရာနေရာကနေ ဝင်လုပ်နေတာလဲလို့ မေးကြည့်တော့ သူ့အကိုက လက်နက်ထုတ် မိုင်းစမ်းရင်းနဲ့ သေသွားလို့တဲ့။ အဲဒီအချိန် ကစပြီး တော်လှန်ရေးထဲ ပိုအားစိုက်မိတယ်လို့ ပြောပြတယ်။
ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာ ဒေသခံ လူငယ် လူရွယ် ယောက်ျားလေး မိန်းကလေး အစုံပါတယ်။ တချို့ တပ်ဖွဲ့တွေမှာတော့ အသက် ၁၈နှ စ်ပြည့်မှ တပ်ဖွဲ့ထဲကို အဝင်ခံပေမဲ့ တချို့အဖွဲ့တွေမှာတော့ ရွေးချယ်စရာမရှိတဲ့ အထက်တန်း ကျောင်းသားလူငယ်တွေ ပါတာလည်း တွေ့ခဲ့ရတယ်။ ဘာလို့ လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်လာကြတာလဲလို့ သူတို့နဲ့ စကားပြောကြည့်တော့ သူတို့ရဲ့ မိသားစု မိတ်ဆွေတွေ တရွာထဲသားတွေ သူငယ်ချင်းတွေ ရက်က်စက်စက် အသတ်ခံလိုက်ရလို့ဆိုပြီး အများစုက ပြောကြတယ်။
နောက်တခုက သူတို့ရဲ့စိတ်ထဲမှာ လက်နက်ကိုင် စစ်ကောင်စီထပ်တွေက သူတို့ရဲ့ဒေသကို ကျူးကျော် အနိုင်ကျင့်တယ်လို့ သူတို့မြင်လာကြပြီး အဲဒါတွေကို ရရာနည်းလမ်းနဲ့ တော်လှန်မယ် ဆိုတဲ့စိတ်တွေက ပိုပြတ်သားနေကြတယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်တခုက ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာ CDM ကျောင်းဆရာ၊ ဆရာမ တွေ အများကြီးပါနေတာပဲ။ သူတို့ရဲ့ဩဇာနဲ့ ယုံကြည်မှုဟာ တပ်ဖွဲ့ထဲသာမက လူထုအထိပါ ပေါက်ရောက်ကြတာပဲ။
Be the first to comment