“ယေ့ (သို့) အဝေးက ကြယ်”
ထက်နိုင်
မုတ်သုံမိုးတို့ ထွက်ခွာသွားသည့်အတွက် ကြယ်တွေ ချိတ်ဆွဲထားသည့် ကောင်းကင်က လှပနေသည်။ မြို့ပြမှာ ပျောက်ကွယ်သွားသည့် ပိုးစုန်းကြူးတွေက တခါတရံ ကြယ်တွေနှင့် မသဲကွဲ။ တခါတရံ ရန်သူ့ မီးအလင်းရောင်လား ဂရုစိုက်မိ။ အေးစပြုလာသည့် မြောက်ပြန်လေ အဝေ့မှာ တံဆိပ်နားထိ ရောက်နေသည့် ဆေးလိပ်တိုကို မီးရဲသွားသည် အထိ ဖွာရှိုက်လိုက်ပြီး ဘေးနား ခြုံထဲကို လွှင့်ပစ်လိုက်သည်။ စစ်အတွင်း လူငယ်ဘဝတွေဟာ ဆေးလိပ်တိုတွေပဲလား… အဝေးဆုံးခရီးဆိုတာ မဆုံးနိုင်တဲ့ လမ်းမကြီးတွေအပေါ် ပြေးထွက်သွားရမယ် ထင်ခဲ့တာ။ အိမ်အပြန်လမ်း ဖြစ်နေမယ်ဆိုတာ ယခုမှသာ တွေးမိတော့သည်။
စစ်အာဏာရှင်ကို တော်လှန်မယ်၊ ကမ္ဘာကြီးကို ပြောင်းလဲကြမယ်လို့ ကြွေးကြော်ခဲ့ကြပေမယ့် သူအပါအဝင် လူငယ် အတော်များများ တောထဲ စရောက်တဲ့အချိန် ပထမဆုံး တော်လှန်ရတာကတော့ ကိုယ့်ပန်းကန် ကိုယ်ဆေးတတ်တဲ့ အကျင့်ရဖို့ပါ့ပဲ။ အိမ်မှာ မိဘတွေရဲ့ ဘုရင်ဖြစ်ခဲ့ကြတဲ့ မ တထောင် တကောင်ဖွားတွေပဲ မဟုတ်လား။ နေ့စဉ်ဘဝ တွေ အဆင်ပြေစေဖို့နှင့် ရှင်သန်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲခဲ့ရတဲ့ အကျင့်တွေက အများကြီးပဲဖြစ်သည်။
ယခင်က မြို့ပြဘဝတွေကို လွမ်းဆွတ်မိခဲ့သေးသည်။ သဘာဝတရားရဲ့ စိန်ခေါ်မှုတွေကြားမှာ မြို့ပြရဲ့ ဘဝတွေက အဆင်ပြေ သက်သာစေခဲ့သည်ဟု တွေးမိ၍ဖြစ်သည်။ ဒီအချိန်မှာတော့ တောင်းဆိုမှုများပြားပြီး ရုပ်ဝတ္ထုတွေရဲ့ နောက်ကို အမီ ပြေးလိုက်နေရသည့် မြို့ပြရဲ့ဘဝတွေက ပိုမို၍ မွန်းကြပ်စရာကောင်းသည်ဟုသာ တွေးမိပြန်တော့သည်။
ဒီကြားထဲ ဖက်ဆစ်စစ်တပ်ရဲ့ တတိုင်းပြည်လုံးကို အမှောင်ထုထဲ ဆွဲချသည့် မတရား စစ်မှုထမ်းဥပဒေအောက်မှာ မြို့ပြက လူငယ်တွေအတွက် နေ့ရက်တိုင်း အိပ်မက်ဆိုးဖြစ်နေမည်မှာ မလွဲပေ။ လူလူချင်း အမဲလိုက်နေကြသည့် မြို့ပြဘဝတွေထက် တခုရှိရင် တဖဲ့စီ ဝေမျှစားကြသည့် ဒီလူ့အဖွဲ့အစည်းကိုသာ တွယ်တာမိတော့သည်။ အနာဂတ်ဆိုတာ မရေရာပေမယ့်လည်းပေါ့ …
အနာဂတ် မရေရာသည့်အကြောင်းကို တွေးမိမှ ရင်ဘက်ထဲ ဆစ်ကနဲ နာကျင်မိသည်။ ကောင်းကင်က ကြယ်တွေကို လှမ်းငေးကြည့်ရင်း “ယေ့” ရဲ့ မျက်လုံးလှလှတွေကို စိတ်ကူးထဲတွင် ပုံဖော်ကြည့်မိသည်။ “ယေ့” သည် လှသည်။ တကိုယ်လုံး အပြစ်ဆိုဖွယ်ရာမရှိအောင် လှပလွန်းလှသည်။ ပန်းလှလှတွေကိုမြင်တိုင်း “ယေ့” ကို သတိရမိသည်။ ဆရာသန်းတင့်ရဲ့ စာသားကို ငှားယူ အသုံးပြုရလျှင် “ယေ့” သည် လူစကားပြောတတ်သည့် ပန်းလှလှလေး တပွင့်သာ ဖြစ်တော့သည်။
အနောက်ယွန်းယွန်းမှာ ဗီးနပ်စ်ဂြိုလ် (ခ) သောကြာကြယ် စထွက်တဲ့ ကာလတခုမှာ “ယေ့” နှင့် ရင်းနှီးခွင့် ရခဲ့ခြင်း ဖြစ်သည်။ Online မှာ “ယေ့” နှင့် စကားပြောခွင့်ရသည့် အချိန်တိုင်း ကမ္ဘာတခုလုံး ပန်းတွေပွင့်နေသလို ကြည်နူးစရာ ကောင်းလှသည်။ သူ “ယေ့” ကို ချစ်သည်။ ဝတ်ဆံဝါဝါတွေနှင့် ကံ့ကော်ပန်းအဖြူတွေကို မြတ်နိုးမိသလိုမျိုး “ယေ့” ကို အမြတ်တနိုးနှင့် ချစ်မိသည်။ ကမ္ဘာဦး ရှေးလူတွေကနေ တဖြည်းဖြည်း ယဉ်ကျေးတိုးတက်လာသည့် ယနေ့ခေတ် လူ့အဖွဲ့အစည်းထိ စကားလုံးတွေဟာ လူတဦးနှင့် တဦး ဆက်သွယ်ရာမှာ အသုံးဝင်ဆဲဖြစ်သည်။ သို့သော် တချို့သောနေရာတွင် စိတ်၏အလုံးစုံကို စကားလုံးများဖြင့် အပြည့်အဝ ပုံဖော်ပြနိုင်သော်လည်း တချို့သော နေရာတို့တွင် ဖြစ်စဉ် (သို့) ဖြစ်ရပ်နှင့် စိတ်၏အလုံးစုံကို စကားလုံးတို့ဖြင့် ပုံဖော်ခြင်းမှာ မစွမ်းသာ။ “ယေ့” ကို ချစ်မိသည့် စကားလုံးတွေကို အဘယ်သို့သော စကားလုံးတို့ဖြင့် ဖော်ပြရမည်နည်း … မမြင်ဖူး၊ မတွေ့ဖူးပေမယ့် “ယေ့” ချည်သည့် ကြိုးတွေက အထပ်ထပ်ပင်ဖြစ်သည်။
“ယေ့” သည် သူ့ကောင်းကင်မှာ အလင်းလက်ဆုံးဖြစ်နေသည့် ဗီးနပ်စ်ကြယ် ဖြစ်နေသော်လည်း သူ့ အနာဂတ်လမ်းတွေက ဝေဝါးလွန်းလှသည်။
အလောင်းတွေ … ရင်းနှီးခဲ့ဖူးသူတွေရော၊ တခါမှ မမြင်ဖူးခဲ့သူတွေရော အလောင်းတွေထဲမှာ မြင်မိသည်။ ဒီလမ်းမှာ မောပန်းတိုင်း “ယေ့” နဲ့ နီးစပ်ဖို့ ကြိုးစားမယ်လို့ တွေးမိတိုင်း အလောင်းတွေကိုသာ မြင်မိတော့သည်။ “နောက်လူတွေ လိုက်လာမယ်ထင်ပြီး ရှေ့က သွားနှင့်သူတွေအတွက် ရပ်တန့်လိုက်လို့ မဖြစ်။” သံတိုင်နောက်က ဘဝတွေအတွက်၊ ရှင်လျက်နဲ့ သေသွားရပြီဖြစ်တဲ့ ဘဝတွေအတွက် ဒီလမ်းကို ဆက်လျှောက်ရဦးမည်သာ ဖြစ်သည်။ သူ့အတွက် ပြီးဆုံးအောင် မလျှောက်ရသေးသည့်လမ်းမှာ “ယေ့” သည် ဟိုး အဝေးကြီးက လှပနေသည့် ကြယ်တစင်းသာ ဖြစ်နေတော့သည်။
Be the first to comment