
‘ရင်ကွဲနာ’

၂၀၂၅၊ ဧပြီလ (၅) ရက်။
ဒီနေ့ဟာ ငလျင်ကြီးလှုပ်ပြီး (၉) ရက်မြောက်တဲ့နေ့။
ကြောက်မက်ဖွယ် ဒီငလျင်ကြီးကို ကိုယ်တိုင်ခံစားရပြီးနောက် ကြားနေရ မြင်နေရတဲ့ အခြေအနေဆိုးတွေကြောင့် ခိုလှုံရာနေရာကနေ ဘယ်မှမထွက်ဖြစ်ခဲ့တာ အတော်ကြာပါပြီ။ ဒါပေမဲ့ ဒီနေ့တော့ အိမ်နဲ့ မလှမ်းမကမ်းက ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ (၇) လွှာတိုက်ဆီ ကျမညီမလေးနဲ့အတူ သွားကြည့်မိတယ်။ ဒီ(၇)လွှာတိုက်မှာက အခန်းပေါင်း (၂၁) ခန်း ရှိတယ်။ ခုက အဲဒီနေရာမှာ ရှာဖွေရှင်းလင်းရေး လုပ်နေကြတယ်လေ။
ကျမမြင်ကွင်းထဲမှာတော့ (၇) လွှာတိုက်ဟာ အဝတ်စလေးတခု မြေပေါ်ပစ်ချထားသလို ပုံလျက်သား။ မြေညီထပ်က မြေကြီးအောက်ကိုကျွံဝင်သွားပြီး တတိုက်လုံး အဆုံးထိပြိုကျထားတယ်။ ညာဘက်ခြမ်းကို ပိုယိမ်းပြိုထားတာကြောင့် ညာဘက်ကပ်လျက်ခြံဝန်းထဲ ရှေ့နောက် တန်းဆောက်ထားတဲ့ အိမ် (၅) လုံးလည်း ပိနေတယ်။ အဲဒီ အိမ်တွေထဲ အသက်ဆုံးရှုံးလိုက်ရတဲ့ လူတွေကလည်း မနည်းလှ။ (၇)လွှာတိုက်ရဲ့ ဘယ်ဘက်ကပ်လျက်က (၂) ထပ်တိုက်ကတော့ အထိအခိုက်မရှိဘဲ အရင်အတိုင်းလေး ရှိနေတယ်။ တကယ် ကံကောင်းလွန်းလှပါတယ်။
“ငါ့သားလေး ငါ့မြေးလေး ဘယ်မှာလဲ။ ခေါ်လာကြ အီး ဟီး ဟီး”
ရုတ်တရက်ထွက်ပေါ်လာတဲ့ အော်ငိုသံကြောင့် အသံလာရာဆီ ကျွန်မ လှည့်ကြည့်တော့ ရင်ညွန့်အထက်နားမှာ ပုဆိုးဟောင်းတထည်ကို ခပ်တင်းတင်းချည်ထားလျက်က အော်ငိုနေတဲ့ အမျိုးသမီးကြီးတယောက်ကို တွေ့လိုက်ရတယ်။
ငိုယိုနေတဲ့ အဲဒီအမျိုးသမီးကြီးကို တခြား အမျိုးသမီးနှစ်ယောက်က တဖက်စီက ပွေ့ချီထားရင်း “အဲလိုမလုပ်ရဘူးလေ သတိထားမှပေါ့ ….”လို့ နှစ်သိမ့်ပေးနေတယ်။
ဒါပေမဲ့ ငိုနေတဲ့ အမျိုးသမီးကြီးကတော့ သူ့ကို ပွေ့ချီထားတဲ့ လက်တွေထဲ ပက်လက်အနေအထားဖြစ်နေလျက်က ရုန်းရင်းကန်ရင်း အော်ငိုနေဆဲ။
(၇)လွှာတိုက်ပြိုတာနဲ့များ ဆက်စပ်နေမလား ကျမ တွေးမိပြီး အဲဒီအမျိုးသမီးကြီးအကြောင်း သိချင်လွန်းလာတယ်။ ဒါပေမဲ့ ကျမဟာ ဒီနေရာမှာ အသိမိတ်ဆွေနည်းပြီး ဧည့်သည်လိုဖြစ်နေဆဲ လူတယောက်။ ဒါကြောင့် ဒီရပ်ကွက်သားနဲ့အိမ်ထောင်ပြုထားပြီး ဒီမှာနေတာ နှစ်ချို့နေပြီဖြစ်တဲ့ ကျမညီမလေးကို မေးဖို့ဆုံးဖြတ်လိုက်တယ်။
“ညာဘက်ခြမ်းကပ်လျက်က ပိမိသွားတဲ့ အိမ် (၅)လုံးရဲ့ ပထမဆုံးအိမ်မှာ အဘွားကြီးတယောက်ရယ်၊ မြေးနှစ်ယောက်ရယ်၊ အသက်(၆)နှစ်အရွယ် မြစ်မလေးတယောက်ရယ်၊ အဲဒီမြစ်မလေးနဲ့အတူလာဆော့တဲ့ သူငယ်ချင်းမလေး တယောက်ရယ်၊ အားလုံးပေါင်း ၅ ယောက်ပါသွားတာ။ အဲဒီငါးယောက်ထဲမှာ ခုနက အော်ငိုနေတဲ့ အမျိုးသမီးကြီးရဲ့ သားမက်နဲ့ မြေးမလေး ပါသွားတယ်လေ။ သူ့သမီးက ဒူဘိုင်းမှာ အလုပ်သွားလုပ်နေတာ။ သားမက်ဆိုပေမယ့် သူက သားလိုမျိုးကို ချစ်တာ။
တကယ်က အဲဒီအိမ်မှာ အဘိုးကြီး တယောက်ရှိသေးတယ်။ အဘိုးကြီးကတော့ ငလျင်လှုပ်နေတဲ့အချိန်မှာ ဝတ်ပြုဖို့ထွက်သွားတာနဲ့ ကြုံသွားပြီး အသက်ရှင်နေခဲ့တာ။ အဘိုးကြီးနာမည်က ဦးအောင်မြင့် တဲ့”
ညီမလေးဆီကနေ ဦးအောင်မြင့်လို့ ကြားလိုက်တော့ လွန်ခဲ့တဲ့ ငါးရက်လောက်က ညီမလေးရဲ့အမျိုးသားဖြစ်သူက
“ဦးအောင်မြင့်ကြီးက တိုက်ပြိုပြီး နောက်ရက် မနက်အစောကြီးမှာ အပျက်အစီးပုံနားမှာ တွေတွေကြီးရပ်ကြည့်နေတယ်။ သူ့ ဘေးနားက စကားသွားပြောနေတာကိုတောင် ဘာမှမသိဘူး။ ခေါ်လို့လည်းမရဘူး။ နောက်ရက်တွေလည်း အဲလိုပဲ။ ဒီနေ့တော့ အတင်းချော့မော့ပြီး လက်ဖက်ရည်ဆိုင်ကိုခေါ်သွားကြတယ်” ဆိုပြီး ကျမကို ပြောပြခဲ့ဖူးတာ ပြန်သတိရမိလိုက်တယ်။
“အဲဒီ ဦးအောင်မြင့်တို့အိမ်ရဲ့ နောက်တအိမ်က မိသားစု (၆) ယောက်လုံးပါသွားတယ်။ တတိယအိမ်မှာကြ (၂) ယောက်ပါသွားတယ်။ ကျန်နှစ်အိမ်က အိမ်ပိပေမဲ့ လူတွေတော့ ဘာမှ မဖြစ်ကြဘူး။
ပြီးတော့ ဒီ (၇) လွှာတိုက်က အခန်းတွေနဲ့ ဘေးက ပိမိတဲ့အိမ်တွေကနေ အသက်ဆုံးရှုံးရသူတွေက အားလုံးပေါင်း (၅၂) ယောက်တောင် ရှိနေပြီတဲ့။ ဒဏ်ရာရပြီး အသက်ရှင်တဲ့သူက ခုထိ (၆) ယောက်ပဲ ရှိသေးတယ်”
ညီမလေးက သူသိထားသမျှကို ဆက်တိုက် ပြောပြနေပေမယ့် ကျမအတွေးထဲ ဦးအောင်မြင့်ရယ်၊ ရုန်းရင်းကန်ရင်း အော်ငိုနေတဲ့ အမျိုးသမီးကြီးရယ်၊ နောက်ပြီး အသက်(၆)နှစ်အရွယ် ကလေးမလေး နှစ်ယောက်ရယ်။ အဲဒါတွေပဲ ခုန်ပေါက်နေကြတယ်။
တကယ်ကလေ အဲဒီ (၆) နှစ်အရွယ် ကလေးမလေးနှစ်ယောက်က ကျွန်မ တူမငယ်လေးနဲ့လည်း ကစားဖော်တွေပါပဲ။ ငလျင်မလှုပ်ခင် ရှေ့ရက်ကထိ သူတို့တွေ အတူကစားနေကြသေးတာ။ တူမငယ်လေးက လူကြီးတွေပြောနေတာကို ကြားပြီး သူ့သူငယ်ချင်းတွေ ဘာဖြစ်တာလဲလို့ မေးလာလို့ အမှန်အတိုင်း အသိပေးထားပေမဲ့ ကလေးရဲ့မသိစိတ်က အဲဒါကို လက်မခံနိုင်ပုံရရဲ့။ “နှင်းချယ်ရီကဘာဖြစ်သွားတာလဲ”လို့ သူ့အမေကို မကြာမကြာမေးမေးနေတာ ကျမ သတိထားမိတယ်။
တိုက်လေတချက်အဝှေ့မှာ ပြိုကျအဆောက်အဦးတွေဆီက ပျံ့ထွက်လာတဲ့ အနံ့ဆိုးဆိုးတွေ နှာခေါင်းထဲ အတင်းတိုးဝင်လာလို့ ကျွန်မ အသက်ရှူတာကို ခဏရပ်ထားလိုက်တယ်။ ငလျင်ကြီးလှုပ်သွားတာ (၉) ရက်တောင် ကြာပြီလေ။ အပျက်အစီးပုံအောက်မှာ ထုတ်လို့မရဘဲ ဖြစ်နေတဲ့ လူတွေ ရှိနေသေးတယ်။ အနံ့အသက်ဆိုးတွေက တရက်ထက်တရက် တော်တော်မကောင်းဖြစ်လာနေတယ်။
အသက်ကို အောင့်လိုက်၊ ခိုးရှူလိုက်လုပ်နေရင်း ဘေးဘီကို ကြည့်တော့ အမျိုးသမီးကြီးက ခုချိန်ထိ လူးလှိမ့်ရင်း တက်တော့မတတ် မရပ်မနားအော်ဟစ်ငိုယိုဆဲ၊ တခြားအမျိုးသမီးတွေကလည်း သူ့ကို ချော့မော့ဖျောင်းဖျနေဆဲ။
“တယောက်ရပြီ”
“ငါ့သားလေးလား၊ ငါ့မြေးလေးလား”
ပထမ တခွန်းက ကယ်ဆယ်ရေးသမားတွေဆီက လာတာဖြစ်ပြီး နောက်တခွန်းက ခုနက အော်ဟစ်ငိုကြွေးနေတဲ့ အမျိုးသမီးကြီးဆီက လာခြင်းဖြစ်ပါတယ်။
ကယ်ဆယ်ရေးသမားတွေက အိတ်အမည်းနဲ့ အသက်မဲ့ခန္ဓာတခုကို သယ်ထုတ်လာတယ်။ အမျိုးသမီးကြီးကတော့ ငြိမ်သက်ကျသွားပြီး အသံမထွက်လာတော့တာကြောင့် ဘေးက လူတွေ အမြန်ပြုစုနေကြရပြန်တယ်။
“ငါ့သားလေးလား”တဲ့။ ဪ—သားမက်ကို တန်ဖိုးထားချစ်တတ်လွန်းပုံ။
ဒီမြင်ကွင်းနဲ့ အသံတွေကို ကြာကြာမခံစားနိုင်တာကြောင့် ညီမလေးကိုပြန်ကြရအောင်လို့ပြောရင်း ခေတ္တခိုလှုံနေရတဲ့နေရာကို လှည့်ပြန်လာခဲ့လိုက်ကြတယ်။
ညနေ (၆) နာရီလောက်မှာတော့ တိုက်ပြိုရာမှာ ပါသွားသူအားလုံးကို အပျက်အစီးပုံအောက်က ထုတ်လို့ရပြီဖြစ်ကြောင်း၊ (၇) လွှာတိုက်က အများစုကို လှေကားမှာ စုပုံလျက်တွေ့ရကြောင်း၊ ဦးအောင်မြင့်အိမ်က မိသားစု (၅) ယောက်လုံးကို ခုတင်ပေါ်မှာ စောင်ခြုံထားလျက်တွေ့ရပြီး တူမငယ်လေးရဲ့ သူငယ်ချင်းဖြစ်တဲ့ ကလေးမလေးနှစ်ယောက်ကိုလည်း တဦးနဲ့တဦး တင်းကျပ်စွာဖက်ထားရင်း ရှာတွေ့ကြောင်း စတာတွေကို ငလျင်လုပ်တဲ့နေ့ကတည်းကစ အဲဒီနေရာမှာရှိနေပြီး လိုအပ်တာတွေကူနေတဲ့ ညီမလေးရဲ့အမျိုးသားက ပြောပြလာတယ်။
ကိုယ်တိုင်က ပြောတာထက် သူများပြောတာကို ပိုနားထောင်ဖြစ်ပြီး တော်ရုံပြန်မေးခွန်းမထုတ်တတ်တဲ့ ကျမဟာ ခုလည်း ပြောပြသမျှကိုသာ နားထောင်ရင်း မကြာခဏပြောဖြစ်တဲ့ “တကယ်တော့ ကိုယ်ချင်းစာတယ်ဆိုတာ ကိုယ်တိုင်ခံစားရမှသာ ထပ်တူကျနိုင်တယ်” ဆိုတာမျိုး ကြေကွဲ စိတ်မကောင်းဖြစ်ရလွန်းပေမဲ့ ကိုယ်ချင်းစာပါတယ် လို့လည်း ပြောမထွက်နိုင်၊ ဘာမှလည်းမတတ်နိုင်။
ဒါတွေကို ကြားသိ မြင်တွေ့ရတဲ့အခါ ငယ်စဉ်ကတည်းက ပုံပြင် ဒဏ္ဍာရီတွေမှာရော လူကြီးတွေဆီကပါ ကြားဖူးခဲ့ရတဲ့ “ရင်ကွဲနာကျတယ်” ဆိုတာကို တုန်လှုပ်စွာ နားလည်ခံစားမိလာတယ်။
ဘယ်သူမှ မထင်မှတ် မမျှော်လင့်ထားတဲ့၊ တဒင်္ဂအတွင်း လူ့အသက်ပေါင်းများစွာကို နှုတ်ယူသွားတဲ့ ဒီငလျင်ကြီးကြောင့် တုန်လှုပ် ကြေကွဲ နာကျင် ခံစားနေကြရမယ့် ပြည်လုံးကျွတ် ရင်ကွဲနာအကြောင်း ရင်နွမ်းစွာနဲ့ အတွေးတွေ လွန့်လူးရင်း ဘဝရဲ့ အိပ်မက်ဆိုးကြီးတခုလို……။
Be the first to comment