“ရန်ကုန်က ကြာသပတေးသားတွေ”
ထောင်စန်း
စစ်သားနဲ့ ဗေဒင်၊ နက္ခတ်၊ ဘာသာတရားဆိုတာ ခွဲပြောလို့မရဘူး။ လက်ဦးက ပေါင်မှာနေသလို ဆိုတာမျိုး။ စစ်ကောင်စီဘက်က စစ်သားတွေလည်း ဗေဒင်၊ နက္ခတ်၊ ဘာသာရေးဆိုတာကို တော်တော်ယုံသလို ကျနော်တို့ဘက်က ဝါရင့် တော်လှန်ရေးသမားကြီးတွေလည်း ယုံတာပဲ။ ဘယ်သူ ပိုယုံလဲဆိုတော့ မပြောတတ်ဘူး။ နှစ်က်စစ်သားတွေ အဆောင်တွေ ထုတ်ပြိုင်ခိုင်းရင်တော့ သိလောက်တယ်။ ဒါပေမယ့် ဟာသတော့ သွားလုပ်လို့မရဘူး။ အသက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆိုတာ အပိုမှမပါဘဲ။
နိုင်ငံခြားကာတွန်းတခုထဲကလို၊ အာဖဂန်နစ္စတန်မှာ အသေခံဗုံးခွဲခြင်း သင်တန်းပေးတယ်။ မလေ့ကျင့်ခင် တကိုယ် လုံး ဗုံးတွေဆင်ထားတဲ့ ကျောင်းသားတွေကို ဆရာက သေချာမှာတယ်။
“သေချာလုပ်နော်။ တခါပဲ အခွင့်အရေးရမယ်”
အဲ့လိုမျိုးပေါ့။ စစ်သားတွေလည်း အဲ့ဒီတခါကို အသက်ရှင်အောင် လုပ်နိုင်သမျှ အကုန်လုပ်ကြပုံပါပဲ။
ကျနော့်ရဲ့ ပထမဆုံးတိုက်ပွဲက ရန်သူ့ကားတန်းကို ပြောက်ကျားပစ်ရတာ။ နေရာအခက်အခဲရှိလို့ ရှေ့နောက် နေရာယူရတယ်။ ဒါပေမယ့် အနောက်က အမြင့်။ အရှေ့က အနိမ့်ပါ။ သို့ပေမယ့် ကျနော့်ရှေ့က စိတ်မှူးကတော့ တော်တော် ထိတ်လန့်နေပုံရှိတယ်။ ကျနော့်ကို ခဏခဏ လှည့်ကြည့်တယ်။ တခါလှည့်ကြည့်ရင် “ညီလေး အရှေ့မှာ ကိုယ်ရှိတယ်နော်” လို့ ပြောတယ်။
ကျနော်ကလည်း “ဟုတ်ကဲ့ အကိုကြီး” လို့ ပြန်ဖြေတယ်။ မကြာဘူး သူလှည့်ပြီး ထပ်ပြောပြန်တယ်။
“ညီလေး သေချာလုပ်နော် ရှေ့မှာ ကိုယ်ရှိတယ်”
ကျနော်ကလည်း ခပ်တည်တည်နဲ့ “ဟုတ်ကဲ့ အကိုကြီး” ပဲ ပြန်ဖြေတယ်။ လှည့်ကြည့်တိုင်း သူပြောတယ်။ နောက် တော့ သူ ဘာကိုကြောက်နေသလဲဆိုတာ ကျနော်ရိပ်မိလာတယ်။ ဘယ်ဆိုးလို့လဲ။ စကစက ငပွေးလို့ခေါ်တဲ့ ဘဲကြီးတွေတောင် ကျနော့်ကို ကြောက်နေပြီ။ ဒါတောင် ဘာမှ မလုပ်ပြရသေးဘူး။ ကျနော်ကလည်း သေနတ်ကို မြှောက် လိုက်၊ ပြန်ချလိုက်၊ ချိန်လိုက် သေချာလုပ်နေတာ။ ကားလာတော့မယ်ဆိုတဲ့အချိန်မှာ စိတ်မှူးက ကျနော့်ရဲ့ သေနတ် ကိုင်တဲ့ စကေးနဲ့ အားထုတ်မှုကို ယုံသွားပုံရတယ်။ နေရာပြောင်းသွားတယ်။ ကျနော့်အတွက်က ကောင်းတာပေါ့။ မြင်ကွင်းရှင်းသွားတယ်။ လာစမ်း၊ ရုပ်ရှင်ထဲကလို နံရံမှာ အပေါက်တွေစီသွားအောင် ပစ်ပြမယ်။
တကယ် ကားတန်းလာတဲ့အခါကျ ထင်သလိုမဟုတ်ဘူး။ ရှေ့က သေနတ်ပေါက်သွားတာနဲ့ ဒရိုင်ဘာတွေက ဂျိမ်းစ်ဘွန်းလိုပဲ မောင်းပြေးတာ။ ရပ်ကွက်ထဲက ပဲပြုတ်သည်တွေလိုပဲ။ ဝူးဆိုတဲ့အချိန်မှာ ကားကမရှိတော့ဘူး။ အထဲက လူမပြောနဲ့ ကားတောင်ထိအောင် မနည်းလိုက်ပစ်ရတယ်။ ဒါပေမယ့် ကျနော်တို့က အောင်မြင်တယ်လို့ သတ်မှတ်ပါတယ်။ ကျနော်တို့ဘက်က အထိအခိုက် အကျအဆုံး မရှိ။ ရန်သူကားနောက်ထဲကိုတော့ 79 ၃ လုံး ပစ်ထည့်လိုက်နိုင်တယ်။ ဒါပေမယ့် ၂ လုံးကတော့ မပေါက်ဘူး။ မပေါက်တာလည်း ပြဿနာမရှိဘူး။ အဲ့တုန်းက ကျနော်တို့က မပေါက်တဲ့ အလုံးတွေပဲပစ်နေတာ။ ပေါက်သွားတဲ့အလုံးကသာ ထူးဆန်းနေတာ။
ပွဲပြီးတော့ ပြန်ဆုတ်ပြီး နေ့လည် ထမင်းစားနားတယ်။ ထမင်းစားရင်း တပ်ကြပ်ကြီးက နေကိုကြည့်တယ်။ “စောသေးတယ်ကွ၊ နောက်တပွဲလောက် သွားပစ်ရအောင်” ဆိုပြီး ထမင်းမြန်မြန်စားခိုင်းတယ်။ သြော် သူတို့ စစ်တိုက်တာလည်း ဘောလုံးကန်သလိုပါပဲလားဟလို့ ကျနော်တော့ တွေးမိတာပဲ။ သတင်းကတော့ အတိအကျရတယ်။ ကားသုံးစီး ဆင်းလာမယ်။ လူက ဘယ်နှစ်ယောက်။ ဘယ်ကားက ရိက္ခာကားပေါ့။ ဒါနဲ့ ပစ်မယ့်နေရာကို သွားကြတယ်။ ပစ်မယ့်နေရာကို ရောက်ပြီ။ ကားသံလည်း ကြားနေရပြီ။ အဲ့ဒီအချိန်မှာ ကျနော့်သူငယ်ချင်းတကောင်က ခြံစည်းရိုးဖြတ်ရင်း ကျည်ထွက်သွားတယ်။ စကစ ကားတန်းကြီးကလည်း ဖြတ်နေပြီ။ မြင်နေရတယ်။ တပ်ကြပ်ကြီးက ချက်ခြင်း ပြန်ဆုတ်ခိုင်းတယ်။ လက်နက်ကြီးတွေ ရောက်လာမှာစိုးလို့။ တကယ်က ခြံစည်းရိုးမှာက အပေါက်ရှိတယ်။ ဘေးနားမှာပဲ။ သူများတွေက အပေါက်က ဖြတ်နေကြတာ။ ကျနော်တို့ သူငယ်ချင်းတစုပဲ လောလောနဲ့ အဲ့ခြံစည်းရိုးကြီးကို အတင်းငုံ့ထွက်နေကြတာ။
ကျည်ထွက်သွားတဲ့ ကျနော့်သူငယ်ချင်းကတော့ တော်တော် စိတ်မကောင်းဖြစ်သွားတာပေါ့။ ကောင်းတာတခုက အဲ့ဒါကို ဘယ်သူမှ အပြစ်မပြောကြဘူး။ ဒိုက်ပဲထိုးခိုင်းတယ်။ ခဏနားတဲ့ နေရာတခုရောက်တော့ ဘိုးတော်ကြီး တယောက် ရောက်လာတယ်။ သူက အေးဆေးပဲ။ “ဖြစ်နေကျပဲကွာ။ ငါတို့လည်း ခဏခဏဖြစ်တာပဲ။ စိတ်ထဲမထားပါနဲ့” လို့ပြောတယ်။ သူက ဘာရာထူးလဲတော့ မသိဘူး။ အားလုံးက သူ့ကို လေးလေးစားစား ဆက်ဆံကြတာတော့ သိတယ်။
ညရောက်တော့ အဲ့ဘိုးတော်ကြီးခြံမှာ သွားအိပ်ရတယ်။ ဘိုးတော်က ဝဝ၊ အကောင်ကြီးကြီး။ ဘယ်လောက်အေးအေး အင်္ကျီမဝတ်ဘူး။ ကျနော်ကတော့ အရမ်းအေးရင် အင်္ကျီဝတ်ဖို့၊ လေဖြတ်၊ သွေးတိုး ဘာညာ သိသလောက် ဖောတော့ “အေးကွာ … ငါက စောင်တွေ၊ ခြင်ထောင်တွေနဲ့ဆို မအိပ်တတ်ဘူး။ အသက်ရှုကြပ်တယ်ဟ” တဲ့။
အားလုံးနေရာချလိုက်တော့ ကျနော်က သူ့နားမှာ ပုခက်ချည်ပြီး အိပ်ရတယ်။ သူက ဖော်ဖော်ရွေရွေပဲ။ စားစရာရှိတာ ဝင်စားဖို့၊ အားမနာဖို့၊ လွတ်လွတ်လပ်လပ်နေဖို့ ပြောတယ်။ ကျနော်တို့ကိုကြည့်ပြီး –
“ငါတို့တုန်းကဆို အပေါ်က လမ်းကြောင်းရှိတယ်။ မပစ်ရဘူးဆိုလည်း တိုင်းမှူးကားကို သုံးကောင်ထဲ သွားပစ်တာပဲ။ ပျော်စရာကြီးဟ” ဆိုပြီး ပြောပြတယ်။
“အဆူခံထိတာလည်း ခဏခဏပါပဲကွာ။ ငယ်သေးတာကိုးလို့” လို့ ရယ်ပြီး စမြုံပြန်သေးတယ်။ ပြီးတော့ “မင်းတို့ အေးအေးဆေးဆေးအိပ်ကြ။ ဒီဘက်ထဲကို ဒီကောင်တွေ မလာရဲဘူး။ ငါ့အပိုင်မှန်း သိတယ်” တဲ့။ အဲ့လို။ ရန်သူကလည်း သွားလာလှုပ်ရှားနေဆဲ အချိန်ဆိုတော့ ခပ်လှုပ်လှုပ်ပေါ့။ ဒါပေမယ့် ဘိုးတော်က တကယ်ပိုင်တဲ့ပုံပါပဲ။ အဲ့ဒီညက ကင်းသမားတွေအားလုံး အိပ်ရေးဝကြတယ်လေ။
ခဏနေတော့ ကျနော်တို့ထဲက တကောင်က ဘိုးတော်အနားကို သွားထိုင်တယ်။ ဒီကောင်က တအား အာကောင်းတဲ့ကောင်။ ဘိုးတော်ကို ဝင်ဖောတယ်။ ဘာရည်ရွယ်ချက်ရှိလို့မှ မဟုတ်ဘူး။ သူ့အကျင့်ကိုက အဲ့လို။ ဘိုးတော် ဘေးနားမှာ စံဇာဏီဘိုရဲ့ တနှစ်စာဟောစာတမ်းရှိတယ်။ ဒီကောင်က ကောင်ကိုင်ပြီး ဒီနေ့၊ ဒီရက်မှာ မွေးတဲ့သူတွေက ဘာဖြစ်တယ်၊ ညာဖြစ်တယ် လုပ်ရော။ အဲ့ဒီမှာ ဘိုးတော်က စိတ်ဝင်စားသွားတယ်။
“အဘက စာမတတ်ဘူးကွ။ ဒါပေမယ့် သိချင်လို့ ဝယ်ထားတာ။ ငါတူရောက်လာတာနဲ့ အတော်ပဲ။ ဖတ်ပြစမ်းပါဦးကွ” ဆိုပြီး တောင်းဆိုတယ်။
ဒီကောင်လည်း ခပ်တည်တည်နဲ့ ဖတ်ပြရော။ ဒီအပတ်ထဲမှာ ကံကောင်းဖို့က ဘာအရောင်တွေ ဆောင်/ရှောင်ပေါ့။ ဘာယတြာတွေလုပ်ပေါ့။ ဘိုးတော်က သေချာနားထောင်လိုက် စဉ်းစားလိုက် လုပ်နေတယ်။ အရှေ့တောင်အရပ်က လာတဲ့သူတွေနဲ့ လက်တွဲအလုပ်လုပ်ရင် အောင်မြင်မှုရမယ်။ သောကြာသားသမီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ရင် အဆင်ပြေမယ်။ ကြာသပတေး သားသမီးတွေကိုတော့ ရှောင်ရမယ်။ တနင်္လာ သားသမီးတွေကတော့ အသင့်အတင့်ပဲဆိုပြီး နားလိုက်တယ်။ ဘိုးတော်က နားထောင်ပြီးတော့ ဒီကောင့်ကို ကျေးဇူးတင်စကားပြောပြီး ပြန်လွှတ်လိုက် တယ်။
ခဏနေတော့ ဘိုးတော်က ဗိုလ်လေးတယောက်ကို လှမ်းခေါ်လိုက်ပြီး ကရင်လိုပြောတယ်။ ဗိုလ်လေးက သေချာနားထောင်တယ်။ ပြီးတော့ ကျနော့်ဆီရောက်လာပြီး မေးရော။ “ဘာနေ့သားလဲ” တဲ့။ ကျနော်ကလည်း “ကြာသပတေး ခင်ဗျ” လို့ ပြန်ဖြေတယ်။ ဗိုလ်လေးက ဆက်တိုက်မေးသွားတယ်။
“ဘာနေ့သားလဲ” “ကြာသပတေးခင်ဗျာ” “ဘာနေ့သားလဲ” “ကြာသပတေးခင်ဗျ” “ဘာနေ့သားလဲ ကြာသပတေးခင်ဗျ”
ကျနော်တို့အဖွဲ့က ဆယ်ယောက်ကျော်လောက်ရှိတာ။ ၇ ယောက်လောက်က ကြာသပတေးတွေ ဖြစ်နေတယ်။ ဗိုလ် လေးက ဘိုးတော်ကို ပြန်ပြောပြတယ်။ ဘိုးတော်က မျက်နှာ သိပ်မကောင်းဘူး။ နောက် ကျနော့်ကို လှမ်းမေးတယ်။
“မင်းဘက်ကလာလဲ” “ရန်ကုန်က ခင်ဗျ” “မင်းရော” “ရန်ကုန်ကပါပဲ ခင်ဗျ” “မင်းရော ရန်ကုန်ကပါ အဘ” … ဆိုတော့ သူနည်းနည်းတွေသွားတယ်။
“ရန်ကုန်ဆိုတော့ အရှေ့တောင်အရပ်ပေါ့။ အင်း မင်းတို့နဲ့ လက်တွဲလုပ်တာတော့ မဆိုးပါဘူး။ ဒီနေ့အဆင်ပြေသားပဲ”
ဒါပေမယ့် ဘိုးတော်က သိပ်မကျေနပ်သေးပုံနဲ့ မျက်နှာက သိပ်မလန်းဘူး။ ဒီတော့ ဘေးနားက ဗိုလ်လေးက ကပျာကယာ နှစ်သိမ့်တယ်။
“ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ ဆရာကြီးရယ်၊ သောကြာလည်း ၂ ယောက်ပါပါသေးတယ်” ဆိုမှ ဘိုးတော် မျက်နှာ ပြန်လန်းသွားတော့တယ်။
နောက်နေ့ နေရာအသစ်တခုမှာ သွားအထိုင်ချကြတယ်။ မနက် သွားချောင်းပစ်တော့ ရန်သူကားတောင် မလာသေးဘူး ၁၂၀ ကြီးပဲ ၉ လုံးထုလိုက်တာ နားတွေအူပြီး ပြန်ပြေးလာကြရတယ်။ ဗိုလ်လေးဆို ပြေးရတာ သူ့ပစ္စတိုတောင် ပြုတ်ကျကျန်ခဲ့တဲ့ အထိ။ ညအပြန်ကျတော့ စခန်းက ရန်သူတက်သိမ်းပြီး မီးရှို့သွားပြီ။ စခန်းကို ရှေ့ပွိုင့်သမားတွေရောက်တော့ ဘေးကတုတ်မြောင်းထဲကနေ BGF ချောင်းပစ်တာ ပွိုင့်က ဝါရင့်စစ်သားတွေမို့ မထိဘဲ ဟိုဘက်ကပဲ နှစ်ကောင်ကျသွားရှာတယ်။
ညတွင်းချင်းကို နေရာတခု အမြန်လိုက်ရှာကြရတယ်။ ခြေထောက်တွေဆိုတာ တနေကုန်မနားဘဲ လျှောက်ရလို့ ရေနူးပြီး အက်ကွဲကုန်တာပဲ။ အဲ့ဒီနေ့က ကျနော်တို့ဆရာနဲ့တွေ့တော့ ဝမ်းသာအားရ နူတ်ဆက်တဲ့ ဗိုလ်လေးရဲ့ စကားကို ကျနော် မမေ့ဘူး။ “ကံကောင်းလို့ဗျာ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျနော်တို့ ပြန်တွေ့ကြရတာ” တဲ့။
ဟုတ်တယ်။ ကျနော်တို့ ကံကောင်းခဲ့ကြလို့ အခုထိ အသက်ရှင်နေတုန်းပဲပေါ့။ အခုတော့ ဘိုးတော်မရှိတော့ဘူး။ ဆုံးရှာပါပြီ။ ဦးနှောက်သွေးကြော ပြတ်သွားတယ်လို့ ကြားတာပဲ။ ရန်ကုန်က ကရင်ပြည်နယ်ရဲ့ အနောက်မြောက်အရပ် ဆိုတာလည်း ဘိုးတော် သိသွားပုံမရသလို ကျည်ထွက်တဲ့ကောင်ကလည်း ရန်ကုန်ကဆိုတာ သိပုံမရလိုက်ပါဘူး။ ဘိုးတော်သိခဲ့ရင်တော့ အဲ့ဒါ ရန်ကုန်က မင်းတို့ ကြာသပတေးသားတွေကြောင့်ကွလို့ ပြောမလား မသိပါဘူး။ နောက်တနှစ်အတွက်လည်း စံဇာဏီဘို တအုပ် ထပ်မှာရင် မှာနေဦးမှာ။
Be the first to comment