ရန်ကုန်မှာငေး ရန်ကုန်ဟာဆွေး

by The Call
55 views
‘ရန်ကုန်မှာငေး ရန်ကုန်ဟာဆွေး’
◼️Jo
ကြားချင်ပါ့မလားမသိပေမယ့်
ရန်ကုန်အကြောင်းငါပြောပြမယ်။
မြက်ရိုင်းတွေထူလာတယ်
တောကြောင်တွေပေါလာတယ်
နေဝင်စောတဲ့ဆောင်းရာသီမှာ
မမှောင်ခင်အိမ်ပြန်ရောက်မှ စိတ်တွေဟာတပူငြိမ်းတယ်။
ရန်ကင်းပန်းခြံထဲ ဂီတာထိုင်တီးတဲ့သူတွေမရှိတော့ဘူး
လှည်းတန်းဂုံးတံတားအောက် စကိတ်မစီးကြတော့ဘူး
နေ့မှာမျက်နှာသေတွေနဲ့ ပြေးလွှားနေကြရတဲ့သူတွေက
ညရိပ်သန်းတာနဲ့ အမှောင်ကြောက်တဲ့ဇွန်ဘီတွေလိုပဲအလျှိုလျှိုပျောက်သွားလိုက်ကြတာ
မြို့တော်ဟာ တိတ်ဆိတ်ခြောက်ကပ်လို့။
အဆိုးဆုံးအပိုင်းက
သူငယ်ချင်းတွေထွက်သွားကြတာပဲ
တချို့က လေယာဉ်ပျံကြီးစီးလို့
တချို့က ကူးတို့ခ ငါးမူးငုံလို့
တချို့က အချုပ်ထဲထောင်ထဲ
တချို့ကျတော့လည်း တောထဲတောင်ထဲ။
ဟေ့ရောင်တွေ… ဘယ်တော့ပြန်ဆုံမလဲလို့အမေး
ကံမကုန်ရင်ပေါ့တဲ့ ပြန်ဖြေကြတယ်
ဒါပေမယ့် ပြန်လာမယ်လို့ ဘယ်သူကမှ ရေရေရာရာ ကတိမပေးခဲ့ကြတော့
ရန်ကုန်ဟာ တအိအိအထီးကျန်လာတယ်
ရန်ကုန်ဟာ တရိရိဆွေးမြည့်လာတယ်
ဒီလိုနဲ့ ရန်ကုန်ဟာ တဖြည်းဖြည်းကွယ်ပျောက်သွားရင် ဘယ်လိုလုပ်မလဲလို့
ရန်ကုန်ကို ပွေ့ဖက်ထားရင်း ငါစိတ်ပူတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment