ရန်သူကို ဘယ်တော့မှ လျှော့မတွက်နှင့်

ထွင်

by The Call
5 views
“ရန်သူကို ဘယ်တော့မှ လျှော့မတွက်နှင့်”
■ ထွင်
စိုးမိုးနိုင်ပြီဖြစ်သော ကျ​နော်တို့နယ်မှ ရွာသို့ ရန်ကုန်တွင် အခြေချ နေထိုင်ကြသော ကျ​နော်တို့ရွာသားနှစ်ဦး ကိစ္စကိုယ်စီဖြင့် ရက်ပိုင်းလေးခြားပြီး ရောက်လာကြသည်။ တယောက်ကတော့ မိဘများ ကွယ်လွန်ကုန်ကြပြီဖြစ်သဖြင့် အမွေခွဲဝေရန် ရောက်လာသည်။ ထူးခြားသည်ကား မိဘများကွယ်လွန်သည်မှာ အာဏာသိမ်းစကတည်းက ဖြစ်သည်။ သို့သော်လည်း နယ်မြေမစိုးမိုးနိုင်သေးသဖြင့် အမွေ မခွဲဝေနိုင်ကြသေးဘဲ (2025) နှစ်ကုန်ပိုင်းလောက်မှသာ နယ်မြေစိုးမိုးနိုင်ပြီဖြစ်သဖြင့် အမွေခွဲဝေရန် ရောက်လာနိုင်တော့သည်။
နောက်တဦးကတော့ သူ့အမည် ကိုဖွတ် ဆိုပါစို့။ ကိုဖွတ်က ကြံ့ဖွံ့ပါတီဝင်တဦးဖြစ်ပြီး(ကြံ့ဖွံ့ပါတီသည် စစ်အာဏာရှင်နှင့် နှီးနွှယ်သော ပါတီဖြစ်သည်။) နယ်မြေမစိုးမိုးနိုင်ခင်က သူလျှိုမလုပ်သည့်တိုင် စစ်တပ်ကိုရော၊ ပီဒီအက်ဖ်များကိုရော ကြောက်ရွှံ့ပြီး ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်သွားသည်။ ယခုတော့ နယ်မြေစိုးမိုးနိုင်သွားပြီဖြစ်သဖြင့် မိဘများထံ အလည်ရောက်လာသည်ဟု ဆိုပါသည်။
ကျ​နော်သည် နှစ်ဦးစလုံးနှင့် ရင်းနှီးသဖြင့် သူတို့တတွေ ရွာသို့ရောက်ခိုက် အမှတ်တမဲ့ ဆုံတွေ့ရာ ရန်ကုန်က အခြေအနေများကို မေးမြန်းကြည့်မိသည်။
အမွေကိစ္စ ခွဲဝေရန် ရောက်လာသူက ဖြေကြားသည်မှာ ”ရန်ကုန်မှာ နေ့တိုင်းလိုလို ပေါ်တာဆွဲမှုတွေ ဖြစ်နေတယ်၊ အလယ်တန်းကျောင်းသားလေးတွေတောင် မချန်ဘူး၊ အဓမ္မ စစ်မှုထမ်းခိုင်းနေတယ်၊ သူဋ္ဌေးတွေကို ရွေးပြီး ပြန်ပေးဆွဲနေတယ်၊ ငွေ သိန်းထောင်ချီတောင်းပြီး ပြန်ရွေးဖို့ ခြိမ်းခြောက်နေကြတယ်၊ ည ကိုးနာရီလောက်ဆို ပေါ်တာဆွဲမှာကြောက်လို့ အပြင်မထွက်ကြတော့ဘူး၊ တအားကို တိတ်ဆိတ်သွားပြီ” တဲ့။
သည်အကြောင်းတွေကတော့ ရွာမှာနေသော ကျ​နော်သည်ပင် စတားလင့်အင်တာနက်နှင့် ဖေ့ဘွတ်သုံးရုံ၊ အိမ်က တီဗီမှာ DVB ရုပ်သံလိုင်းနှင့် MIZZIMA ရုပ်သံလိုင်းတို့ကို ကြည့်ရုံနှင့် သိနေခဲ့ပြီးပါပြီ။ သည့်ကြောင့် ထိုအဖြေကို ကြားတော့ မအံ့သြတော့ပါ။
ကိုဖွတ် ဖြေကြားသည်ကို ကြားရသည့်အခါမှာတော့ အံ့သြခဲ့ရပါသည်။ သူဖြေသည်က “ဘယ်ကလာ ပေါ်တာဆွဲတာတွေ တခါမှ မကြားဖူးပါဘူး၊ ဟင် မဟုတ်တာ ညဆိုလည်း ညလုံးပေါက် လူတွေ လမ်းပေါ်သွားလာနေကြတာပါပဲ၊ အေးအေးဆေးဆေးပါ၊ ပုံမှန်ပါပဲ” တဲ့။
ထိုအဖြေကို ကြားတော့ ကျ​နော့်ခေါင်းထဲ ဒက်ကနဲ့ အတွေးအသိ ဝင်လာခဲ့သည်။ “ရန်သူကို ဘယ်တော့မှ လျှော့တွက်လို့ မရဘူးပဲ” ဟု။ သည့်ကြောင့်လည်း သည်စာမူကို ချက်ချင်း ရေးလိုက်မိသည်။
ကိုဖွတ်ဆိုတာ ကြံ့ဖွံ့ပါတီ ထောက်ခံသူတဦးဖြစ်ရုံမက ကိုဖွတ်တို့ တဆွေလုံး တမျိုးလုံးလည်း ကြံ့ဖွံ့ပါတီ ထောက်ခံသူများဖြစ်ကြောင်း တရွာလုံး သိကြပါသည်။ သို့သော်လည်း ကိုဖွတ်အပါအဝင် သူတို့ တဆွေလုံး တမျိုးလုံး သူလျှို မလုပ်ကြ။ သူလျှိုလုပ်သည်ဟုလည်း သတင်းမကြား။ ပျူ​​​​စောထီးအဖွဲ့ထဲလည်း မဝင်ကြ။ နယ်မြေမစိုးနိုင်ခင်က စစ်ခွေးများက ရွာထဲ ဝင်မွှေလျှင် တရွာလုံးနှင့်အတူ ကိုဖွတ်တို့ တဆွေလုံးတမျိုးလုံးလည်း စစ်ပြေးရှောင်ကြရသည်။ ရွာထဲက ပစ္စည်းပစ္စယများခိုးယူသွားကြသည့်အခါ ကိုဖွတ်တို့တဆွေလုံးတမျိုးလုံး၏ အိမ်မှ ပစ္စည်းပစ္စယများလည်း ပါသည်။ ရွာတွင် ကုန်စုံဆိုင် သုံးဆိုင်ရှိရာ ထိုသုံးဆိုင်မှ ကုန်များ အကုန်သယ်မ,သွားခံရသည်။ ထိုသုံးဆိုင်ထဲတွင် နှစ်ဆိုင်မှာ ကိုဖွတ်တို့ဆိုင်နှင့် ကိုဖွတ်၏ ဆွေမျိုး၏ ဆိုင်ဖြစ်သည်။ သည့်ကြောင့်လည်း တရွာလုံးက သူတို့တဆွေမျိုး တမျိုးလုံးကို “အခုလောက်ဆို ကြံ့ဖွံ့ကို ထောက်ခံမိတာ နောင်တရကြလောက်ပါပြီ၊ အခုတော့ သိပြီလား စစ်ခွေးမကောင်းကြောင်း၊ စစ်ခွေးမကောင်းကြောင်းကို လက်တွေ့ကြုံမှ သိတဲ့အဆင့်တွေ၊ စစ်ခွေးကိုသာ ထောက်ခံချင်တယ် စစ်ခွေးတွေလာရင် အိမ်တံခါးပိတ်ပြီး ပြေးကြတာ ရှေ့ဆုံးက” ဆိုပြီး နောက်ကွယ်မှာ စကားနာ ထိုးကြသည်။ ပြီးလျှင် ခပ်မေ့မေ့သာ နေကြသည်။ သူလျှိုလုပ်သည့် သတင်းလည်းမကြားတော့ ဖက်လဲတကင်း ပြန်ပေါင်းကြတော့သည်။
ယခု ကိုဖွတ်၏ စကားကို ကြားပြီးမှ နဂိုက ဖွတ်စိတ်ရှိခဲ့သူဟာ ဥဒေါင်းငှက်စိတ် ရှိမှာ မဟုတ်ဘူးဆိုတာ သတိထားလိုက်မိသည်။ လူထုဒေါ်အမာပြောသော “အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး” ဆိုသည့် စကားကဲ့သို့ပင်။ အာဏာရှင်သည် သေသည်အထိ အာဏာရှင်စိတ် ပျောက်ပျက်မည်မဟုတ်။ သည်လိုပါပဲ။ ဖွတ်စိတ်ရှိသူများဟာ စစ်ခွေးတို့၏ လုပ်ရပ်ဆိုးများကို ဘယ်လောက်ပဲ မြင်သိ ကြားသိရပါစေ၊ စစ်ရှောင်ပြေးကြရပါစေ၊ ခိုးဝှက်လုယက်မီးရှို့ဖျက်ဆီးခံရပါစေ စစ်ခွေးတို့အပေါ် မကောင်းမြင်နိုင်မည်မဟုတ်ပေ။ ဖွတ်စိတ်ရှိသူတို့၏ စိတ်ထဲတွင် မမြင်နိုင်သော၊ အကဲခတ်ဖမ်းယူလို့မရနိုင်သော ကောက်ကျစ်ယုတ်မာစိတ်များ ရှိနေပေလိမ့်မည်။ သူတို့စိတ်ထဲ တွေးနေမည်က “စစ်သားတွေ ဒီလိုယုတ်မာတာ နင်တို့ ပီဒီအက်ဖ်တွေ ရှိလို့ပေါ့ဟယ်၊ နင်တို့သာ လက်နက်တွေကိုင်ပြီး ပြန်မတိုက်ရင် စစ်သားတွေက ငါတို့ရွာကို လာမှာတောင် မဟုတ်ဘူး၊ အဲ့ဒီတော့ ငါတို့လည်း စစ်ပြေးရမှာမဟုတ်ဘူး၊ အိမ်တွေလည်း မီးရှို့ခံရမှာမဟုတ်ဘူး၊ အိမ်က ပစ္စည်းတွေလည်း ခိုးဝှက်လုယက်ခံရမှာမဟုတ်ဘူး၊ ပီဒီအက်ဖ်မရှိတဲ့ ဒေသတွေကိုပဲ ကြည့်လေ၊ စစ်သားရန်လည်းမရှိဘူး၊ အေးအေးချမ်းချမ်းပဲ” စသည်ဖြင့် သည်သို့ ပြောဆိုနေမှာ အသေအချာပဲ ဖြစ်သည်။ ကျွန်စိတ်ရှိသူဟာ ကျွန်ဘဝမှာပဲ ပျော်ကြမည်ပေါ့။ လူတွေကို ကျွန်ပြုတဲ့စနစ် ပျောက်ပျက်အောင် ကြိုးစားခဲ့သည့်ခေတ်က ကျွန်တွေဟာ “ကျ​နော်တို့ ကျွန်ဘဝကလွတ်ရင် ဘာလုပ်စားရတော့မလဲ” ဆိုပြီး မေးမြန်းခဲ့ကြသည်ပဲ။ ဖွတ်စိတ်ရှိသူတွေကတော့ စစ်ကျွန်လက်အောက် ကျရောက်နေသည်ကိုလည်း ကျရောက်လို့ ကျရောက်နေမှန်းလည်း သိကြမည်မဟုတ်ပေ။
တကယ်တော့ ကိုဖွတ်ဟာ ရန်ကုန်က အခြေအနေတွေကို မသိမဟုတ် သိပါသည်။ ပေါ်တာဆွဲတာမျိုး၊ ပြန်ပေးဆွဲပြီး ငွေနှင့် ပြန်ရွေးခိုင်းတာမျိုး၊ အဓမ္မ စစ်မှုထမ်းခိုင်းတာမျိုး အဲဒါမျိုးတွေ ရန်ကုန်မှာမှမဟုတ် မြန်မာတနိုင်ငံလုံးနီးပါးမှာလည်း ဖြစ်ပျက်နေပါသည်။ သိပါလျက်နှင့်ကို သွေဖည်သောစကားမျိုး ပြောခြင်းမှာ စစ်ခွေးတွေကို ထိခိုက်နစ်နာအောင် ပြောဆိုလိုစိတ် မရှိခြင်းကြောင့်ဖြစ်သည်။
ယခု ကျ​နော်ပြောလိုသည်က ကိုဖွတ်လို ဖွတ်စိတ်ရှိခဲ့သူတယောက်က စစ်ခွေးတွေအပေါ် မကောင်းစိတ်ကလေးနှင့်ပင် ပြောဆိုလိုစိတ် မရှိဘူးဆိုလျှင် စစ်တပ်ဘက်မှာ နှစ်ပေါင်းများစွာ နေခဲ့သူတွေ၊ စစ်တပ်ရဲ့ ရာထူးအရှိန်အဝါများကြားမှာ ပျော်ဝင်နေခဲ့သူတွေ၊ စစ်တပ်နှင့် နှီးနွှယ်သော အရပ်မှာ အမိန့်အာဏာနှင့် နေခဲ့ရသူတွေဆိုလျှင် စစ်တပ်အပေါ် မကောင်းမြင်စိတ်ရှိဖို့​ဝေးစွ ရင်ထဲ၊ အသည်းထဲအထိ ချစ်စိတ်ပဲ ရှိနေကြမည်မဟုတ်လား။ စစ်တပ်/ ရဲဘက်က အဖမ်းဆီးခံ စစ်သုံ့ပန်းတွေ၊ အလင်းဝင်လာကြသူတွေ၊ အထက်က ခိုင်းလို့ မတတ်သာလို့ လုပ်ရတာပါဆိုပြီး ဆင်ခြေပေးကာ အသနားခံနေသူတွေ၊ အလံဖြူထောင်ကာ လက်နက်ချ အရှုံးပေးကြသူတွေ၊ အင်အားမမျှလို့ သေမှာကြောက်ပြီး အရှုံးပေးပါတယ်ပြောသူတွေ၊ ရိက္ခာမလုံလောက်လို့ ငတ်သေမှာစိုးပြီး အလံဖြူပြလာသူတွေမှာဆိုလျှင်လည်း သူတို့ရဲ့ ရင်ထဲမှာ မမြင်နိုင်သော စစ်တပ်ကို ချစ်မြတ်နိုးစိတ် ရှိနေကြမှာပါပဲ။ အားလုံးကို မဆိုလိုပေမယ့် အနည်းနှင့်အများတော့ စစ်တပ်ကို ချစ်မြတ်နိုးစိတ် ရှိနေကြမှာပဲလေ။ အလင်းဝင်လာတိုင်း၊ အလံဖြူထောင်တိုင်း၊ လက်နက်ချ အညံ့ခံတိုင်း စစ်တပ်ကို မုန်းလို့မှ မဟုတ်ပဲ။ တကယ်အလင်းဝင်စိတ် ရှိလို့မှမဟုတ်ပဲ။ မတတ်သာလို့ အညံ့ခံလာကြရတာ။ မတတ်သာလို့ အလံဖြူပြကြရတာ။ မတတ်သာလို့ အရှုံးပေးကြရတာ။ မတတ်သာလို့ ငတ်သေမှာစိုးလို့ အသတ်ခံရမှာစိုးလို့ လိမ်လည်ထွက်ဆို အဖမ်းခံလာကြရတာ။
သည်တော့ သူတို့တွေကို ရာနှုန်းပြည့် ယုံလို့ မရနိုင်ပါပေ။ ”ရန်သူက ရန်သူပီသတယ်” ၊ “ရန်သူကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့” ဆိုသည့် စကားများ အရှိသားပဲ။ ရန်သူဟာ ထွက်ပြေးဖို့၊ လက်စားချေဖို့ အခွင့်အရေးကို အမြဲချောင်းမြောင်းနေနိုင်ပါသည်။ ဒါကို ကိုယ့်ဘက်က အမြဲသတိချပ်နေရမည်။ အမြဲလိုလိုကို သတိချပ်နေရမည်။ နည်းနည်းကလေးပင် ပေါ့ဆလို့မဖြစ်။
ယခုတလော ကိုယ့်ဘက်ကနေ ရန်သူကို လျှော့တွက်လို့၊ ရန်ငါ မပြတ်လို့ ဆိုးကျိုးများစွာ ကြုံတွေ့နေရသည့်သတင်းများကို အမြဲလိုလို မြင်တွေ့နေရသည်။ ပြီးခဲ့သည့် သီတင်းကျွတ် မီးထွန်းပွဲနေ့က မီးသပိတ်ဆင်နွှဲနေသော ပြည်သူလူအုပ်ကြီးကို ဗုံးကြဲချလိုက်ရာ ပြည်သူများစွာ သေကြေခဲ့ရသည်။ ဤသည်မှာ ကိုယ့်ဘက်က ပြန်လွှတ်ပေးလိုက်သော စစ်သုံ့ပန်းစစ်ဗိုလ်ကြီးတယောက်၏ စနက်ကြောင့်တဲ့။ သည့်အပြင် ကရင်ပြည်နယ် မယ်စဲ့အကျဥ်းထောင်မှာလည်း အကျဥ်းသား (၈၀) ကျော် ထောင်ဖောက်လွတ်မြောက်ထွက်ပြေးသည့်သတင်းကို (2026) ဇန်နဝါရီလဆန်းပိုင်းမှာ ကြားသိခဲ့ရသည်။ ရန်သူအပေါ် ဘယ်လောက်တောင် ဖြစ်ကတတ်ဆန်းသဘောထားပြီး သတိပေါ့လျော့လိုက်သလဲ။ မယ်စဲ့မှာတင်မက တခြား နယ်ပေါင်းစုံမှာလည်း အကျဥ်းသားများစွာ ထောင်ဖောက်ပြေးကြသည့် သတင်းများစွာကို ခဏခဏ ကြားခဲ့ရသည်။ သည့်အပြင် တချို့အကျဥ်းထောင်များမှာဆိုလျှင် အကျဥ်းသားများကို အကျဥ်းထောင်ထဲမှာ မထားဘဲ၊ လက်ထိပ်ခြေကျင်းများလည်း မခတ်ဘဲ အပြင်ထုတ်ထားပြီး အလုပ်တွေ ခိုင်းသတဲ့။ ဖက်လဲတကင်းနေပြီး ညီအစ်ကိုအရင်းပေါင်း ပေါင်းနေကြသတဲ့။ နောက်ဆုံးမှာတော့ အကျဥ်းသားများဟာ ထွက်ပြေးလွတ်မြောက်သွားရုံမက ကိုယ့်တပ်ဘက်က လက်နက်များကိုပင် ခိုးယူသယ်ဆောင်သွားကြသည်တဲ့။
ဒါ့ကြောင့် သတိပေးချင်တာ။
ရန်သူကို ဘယ်တော့မှ လျှော့မတွက်ပါနှင့်။
ရန်ငါ ပြတ်ပါ။
ရန်သူက ရန်သူပီသတယ်ဆိုတာ သတိရပါ။
နို့မဟုတ်လျှင် ကိုယ့်ဘက်ကပဲ အရှုံးတွေနှင့် ရင်ဆိုင်နေရမှာပါ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment