ရေး
“ဟာ ဟေ့ရောင် နှပ်တွေပါ ထွက်ကုန်ပြီလား၊ ဟာကွာ မင်းတို့ကလည်း သင်တန်းပြီးလို့ ခွဲရတာပဲဟာ၊ ဘာလို့ အဲ့လောက် ငိုနေကြတာတုန်း၊ ငါတို့ ပြန်မဆုံတော့မဲ့လူတွေ ကျနေတာပဲ။”
အခြေခံစစ်သင်တန်းပြီးဆုံးပြီး ကျရာတာဝန် ထမ်းကြရတော့မည်ဖြစ်၍ ခွဲခွာရတော့မည့် ရာနှင့်ချီသော သင်တန်းသားတို့၏ အသံများကြားတွင် ဟိန်းထွက် လာသော အသံတသံ။
“အေး ဟုတ်တယ် မိုက်တီးပြောတာ အမှန်ပဲ၊ ငါ့တပည့်တို့ရေ ဆရာတို့ ပြန်ဆုံကြမယ်ကွာ၊ သူသေ သူသေပဲနော် ဆရာထပ်ပြောမယ်၊ သူသေ သူသေပဲ၊ လုံး၀ အထိအခိုက် မရှိကြစေနဲ့၊ တနေ့ ဆရာတို့အကုန် ပြန်ဆုံကြမယ်၊ နောက်ဆုံးတခွန်းပဲ ပြောမယ်၊ မသေစေနဲ့ ဒါပဲ၊ ဆရာသွားပြီ။”
စစ်သားပီပီ စကားကို ရှင်းရှင်းပြတ်ပြတ်ပြောတတ်သူ အခြေခံစစ်သင်တန်း နည်းပြဆရာက ပြည်မမှလာသော တပည့်များကို ဗမာစကားဖြင့် ပီပီသသ ပြောကာ တာ၀န်ကျရာ နေရာဆီသို့ ထွက်ခွာရန်ပြင်သည်။
“ဆရာကဗျာ နေပါဦး။ ကျနော်တို့ တပ်စိတ်က ဒီနေ့ ကြာဇံဟင်းခါးချက်ထားတာ။ ကျနော့်လက်ရာ စားရခဲတယ်ဗျ နော်။ အဲ့ဒါလေးတော့ စားသွားပါအုံးဗျာ။”
သင်တန်းကာလတလျှောက် အေးအတူပူအမျှ အတူရုန်းခဲ့ကြသည့် စစ်သားပေါက်စလေးများမှာ အပေါင်းအဖော်များနှင့် ခွဲခွာပြီး ကျရာတာဝန် ထမ်းကြရတော့မည်ဖြစ်သည်။ ငိုနေသော အပေါင်းအဖော်များကို စနောက်နေသည့် မိုက်တီး။ ယခုလည်း မိုင်းကွင်းသို့ မိုင်းဆရာအဖြစ် ပြောင်းရွှေ့တာ၀န်ထမ်းတော့မည့် ဆရာ့ကို ကြာဇံဟင်းခါးသောက်ရန် ခေါ်နေပြန်သည်။ တပ်စိတ်မှူးတဖြစ်လဲ ထမင်း၊ ဟင်းမချက်တတ်သူ မိုက်တီးကိုယ်တိုင် ကြိုးစားချက်ထားသည် ဆို၍ တပည့်များအကြောင်းသိ ဆရာမှာ မငြင်းသာတော့။
ခွဲခွာရခါနီး စစ်သင်တန်းဆင်း စစ်သားပေါက်စလေးများမှာ မျက်ရည်မဆည်နိုင်သူ၊ နှုတ်ဆက်၍ မပြီးသူ၊ ပြန်ဆုံရန် တိုင်ပင်ကာ ဆက်သွယ်ရန် လိပ်စာတောင်းနေကြသူ စသည်ဖြင့် အမျိုးအစားစုံလင်နေသည်။
မိုက်တီးကဲ့သို့ အပေါင်းအဖော်များကို လိုက်လံ စနောက်နေသူများမှာလည်း မရှား။ သင်တန်းဆင်းသည့်နေ့မှ ပုံရိပ်များက တရေးရေး ပြန်ပေါ်လာသည်။
အရက်မသောက်နိုင်ပါပဲနှင့် ပြန်ဆုံလျှင် အမူးသောက်မည်ဟု ကတိပေးသွားသည့် မိုက်တီး၊ သင်တန်းပြီးဆုံး၍ ခွဲခွာကြရခါနီး မျက်ရည်လည်နေကြသည့် စစ်သားပေါက်စလေးများအကြား ရယ် မော စ နောက်နေသည့် အသည်းမာသူ မိုက်တီး၊ ရိက္ခာပြတ်တလှည့် လက်နက်ခဲယမ်း ပြတ်တလှည့်ကို ဂရုမထား၊ ရာနှင့်ချီသည့် အင်အားရှိသော ရန်သူ့စစ်ကြောင်းများကို အမှည့်ခြွေ ခြွေခဲ့သည့် မိုက်တီးမှာ ယခုမူ အလံတော်အောက်တွင် ငြိမ်သက်စွာ လဲလျောင်းနေချေပြီ။
စစ်ဝတ်တန်ဆာအပြည့်နှင့် ရဲဘော်များ မျက်ရည်ဝဲနေသည်ကို မိုက်တီးမြင်ပါမူ “နှပ်တွေပါ ထွက်နေပြီကွ” ဟု စနောက်ဦးမည် ထင်ပါသည်။
“မသေစေနဲ့ ” ဟု ပြန်ဆုံစကားဆိုသွားသည့် ဆရာမှာလည်း ရန်သူ့လေကြောင်းပစ်ကူကြောင့် ကျဆုံးသွားရသည့် တပည့်ဖြစ်သူအတွက် တောက်တခတ်ခတ်။
မကြာသေးမီက ရင်ဆိုင်တိုက်ပွဲတခုအတွင်း ရန်သူ့စနိုက်ပါကျည် ဦးခေါင်းထိမှန်၍ ကျဆုံးခဲ့ရသည့် တပတ်စဉ်တည်းဆင်း ရဲဘော်တဦးကို “ဈာပန အလေးပြု” နှင့် ခွဲခွာထားကြရသည်မှာလည်း တပတ်ပင် မပြည့်လှသေး။
အခြေခံစစ်သင်တန်း ဆင်းပြီးသည်မှာ နှစ်အတော်များများနှင့် ချီခဲ့ပြီဟု ထင်ရသည်။ စစ်သားဖြစ်ချင်စိတ် မရှိကြပါဘဲနှင့် အမှန်တရားအတွက် အသက်နှင့် ဘ၀ကိုရင်းကာ ငယ်ရွယ်မှုကို မြှုပ်နှံထားရသည့် မိမိတို့အတွက်မူ တမိနစ်၊ တစက္ကန့်သည်ပင် ကြာလွန်းလှသည်။
တော်လှန်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အောက်တွင် လဲလျောင်းသွားနှင့်ကြသည့် ရဲဘော်များလည်း များပြားလာသည်။
ရိက္ခာပြတ်တလှည့် ငတ်တလှည့်နှင့် ခဲယမ်းမလုံလောက်သည့် တိုက်ပွဲအတွင်း ပုခုံးချင်းမျှ ရုန်းခဲ့ကြသည့် ရဲဘော်များမှာ မိမိတို့ရှေ့မှ ကိုယ်စီသွားနှင့်ကြသည်။ တနေ့ ပြန်ဆုံကြမည်ဆိုသည့် စကားစုမှာလည်း မည်သည့် နေရာဌာန၌ ပြန်ဆုံကြရတော့မည်မှန်း မသိကြတော့ပေ။
ယခု တွေ့ဆုံခွဲခွာရခြင်းသည် နောက်ဆုံး တွေ့ဆုံရခြင်းဟုသာ ကြိုတွေးမိခဲ့ကြပါမူ အမှန်တရားအတွက် ဤရဲဘော်ရဲဘက်များနှင့်အတူ သေအတူ ရှင်မကွာ တိုက်ပွဲများသာ နွှဲလိုလှသည်။
တာဝန်ကျေသည်ထက် ပိုလွန်းသော ရဲဘော်ရဲဘက်တဦး ကျဆုံးရခြင်းသည် “ကျဆုံးရဲဘော်၏ တာဝန်များကို ကျန်ရစ်ရဲဘော်များမှ နှစ်ဆတိုး ထပ်ဆောင်း၍ ဆက်ထမ်းရပေတော့မည်” ဟု အဓိပ္ပာယ် သက်ရောက်ပေသည်။
နှလုံး ကြေလုမက ဝမ်းနည်းရပါသော်လည်း ငိုကြွေး ပူဆွေးနေဖို့ရာ အချိန်အား မရှိရှာကြ။
“မိမိတာဝန်သာမက ကျဆုံးရဲဘော်၏ တာဝန်ကိုပါ ဆထက်ထမ်းပိုး တိုးထမ်းပါမည်” ဟု သန္နိဋ္ဌာန်ပြုကြရင်း “ဈာပနအလေးပြု” နှင့် ကျဆုံးရဲဘော်အား
နောက်ဆုံး နှုတ်ဆက်ရပါတော့သည်။
အမှန်တရားအတွက် အသက်ပေးသွားကြသော ရဲဘော်များအား ဤနေရာမှ ဦးညွတ်လျှက် …
Be the first to comment