“ရယ် (မော) စရာ-၃”
“ကတုတ်ကျင်းနှင့် မီးလောင်ပြင်”
ရေး
“လေယာဉ်က ခြောက်ပတ်လောက် ပတ်ပျံပြီးမှကြဲတော့ ပျော်သွားတာပေါ့သားရယ်။ ပုန်းစရာရှာချိန် ရလိုက်တာကိုး”
လွန်ခဲ့သည့်အပတ်က ကျေးရွာတရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ရွာလေးတရွာဆီသို့ ကျနော်တို့အဖွဲ့ ရောက်ရှိခဲ့ကြသည်။ မီးလောင်ပြင်အတိ ဖြစ်သွားပြီဖြစ်သော ထိုရွာလေးမှအပြန်တွင် မနီးမဝေး တောအုပ်ထဲ၌ ဖြစ်သလို ယာယီတဲထိုး၍ နေနေကြရသည့် ရွာခံလူထုရှိရာဆီသို့ မိမိတို့တပ်ဖွဲ့မှ ကူညီနိုင်မည်များကို မေးမြန်းရန် ဝင်သွားခဲ့သည်။
ထိုနေ့ကအဖြစ်အပျက်ကို တယောက်တပေါက် ပြန်ပြောပြနေကြ၍ ထိုင်နားထောင်နေကြရာမှ ထိုစကားစုကို ကျနော် အမှတ်ထင်ထင် သတိထားလိုက်မိသည်။ ကြားစက ငိုရခက် ရီရခက်ဖြစ်သွားသော ကျနော်တို့တပ်ဖွဲ့မှာ ရွာခံ ကလေးလူကြီးအကုန် ရီကြတော့မှ ပြုံးစစ ဖြစ်ရတော့သည်။
“ပေါက်ကျော်တို့လေ (အသက်တဆယ့်နှစ်နှစ်ဝန်းကျင် ကလေးများကို လက်ညှိုးညွှန်ပြလျက်) အဲ့ဒီကောင်လေးတွေ လေယာဉ်ဝဲလို့ အရီးအော်နေတာကို မကြားဘူး သားတို့ရေ။ အဲ့တုန်းက မသေတာ ကံကောင်းပဲ။ ရွာကျောင်းက ကွင်းမှာ ဘောလုံးကန်နေကြသတဲ့။ အရီး နှမ်းဆွတ်က ပြန်လာရင်း လေယာဉ်ဝဲတာမြင်လို့ ပုန်းစရာရှာမလို့ပါကွယ်။ ပုန်းစရာကလည်း ဘာရှိမှာလဲ သားရယ်။ နွားစာတိုက်နဲ့ ကောက်ရိုးထုံးလောက်ပေါ့။ ဒီကြားထဲ သူတို့ကိုလည်း လှမ်းအော်ရသေးတာ။ ကလေးတွေ အကစားမက်နေရင် ဘာမှမသိကြတာပါ သားရယ်။ ဖြစ်ချင်တော့ လေယာဉ်က ခြောက်ပတ်လောက် ပျံနေတာလေ။ အဲ့ဒီမှာ ပုန်းစရာရှာချိန်ရော ကလေးတွေကို လှမ်းအော်ချိန်ရော ရသွားတာ။”
အကြောင်းမဲ့ လေကြောင်းမှတိုက်ခိုက်နေသော စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများသို့ပင် ဗုံးကြဲချခြင်း၊ လေကြောင်းမှ ပစ်ခတ်ခြင်းတို့ကို မကြာခဏဆိုသလို ပြုလုပ်လာသည်။
စစ်ကောင်စီတပ်၏ လူမဆန်စွာ ရက်စက်ဖိနှိပ်ခြင်းကိုခံရသော စစ်ကိုင်းတိုင်းအတွင်းရှိ ရွာပေါင်းများစွာထဲတွင် အိမ်ခြေ ၃၅၀ ကျော်ရှိသော — ရွာလည်း အပါအဝင်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်၏ ထိုနေ့မတိုင်မီအထိ ရွာလေးမှာ မြေပဲရိတ်သိမ်းသူ၊ နှမ်းခါသူတို့ဖြင့် လှုပ်ရှားနေခဲ့သေးသည်။ ယခုကဲ့သို့ ပြာပုံအစုစုဖြင့် မီးလောင်ပြင်အတိ မဖြစ်ခင်တွင် လှည်းဝင်ရိုးသံ၊ နှင်တံရိုက်သံများဖြင့် ကျေးလက်အငွေ့အသက် အပြည့်အဝခံစားရသော ဒေသလည်းဖြစ်သည်။ ယခုမူ ပြာပုံအတိသာမျှမဟုတ်၊ ကျေးလက်အသွင် အစစ်အမှန်ဆောင်သည့် အိမ်ငယ်လေးများနေရာတွင် မီးလောင်ငုတ်တိုများက အစားထိုး နေရာယူလျက်ပင်။
ထိုမျှမက လေကြောင်းမှ ဗုံးကြဲချ တိုက်ခိုက်မှုအပြီးတွင် ကျေးရွာလူထုနေထိုင်ရာ ရပ်ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ကာ စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်ဘဝသို့ ရောက်ကြရသည်။
အရပ်သားပြည်သူများကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးရသည့် လူအင်အားအရင်းအမြစ်နှင့် ပြည်သူ့အိုးအိမ် ဆုံးရှုံးမှုများကိုလည်း ဤကျေးရွာလေး၌ပင် အထင်အရှား မြင်တွေ့ရနိုင်သည်။
ပြည်သူကိုဗဟိုတည်ကာ ပြည်သူ့အားဖြင့် ရွေ့လျားနေကြရသည့် နွေဦးတော်လှန်ရေး၏ အရှိတရားကို သိနားလည်သောရန်သူမှာ “ပြည်သူလော တော်လှန်ရေးသမားလော” ဟု ဝေဖန်ဆန်းစစ်နိုင်ခြင်း အလျဉ်းမရှိသည်မှာ နွေဦးတော်လှန်ရေး စတင်စဉ်ကာလကပင် ဖြစ်သည်မှာ ယနေ့တိုင်ဖြစ်သည်။
နိုင်ငံရေးကစားကွက်များတွင် လှည့်ကွက်များလှသကဲ့သို့ မြေပြင်အခြေအနေတွင်လည်း ပြည်သူလူထုအား ငဲ့ညှာလိုခြင်း အလျဉ်းမရှိသည်မှာလည်း စစ်ကောင်စီ၏ ဖော်ပြရန်မလိုတော့သည့် သရုပ်သကန်အစစ်ပင်။
ပြည်သူမှပေါက်ဖွားလာသည့် ပြည်သူ့တော်လှန်ရေးတပ်သားများသည် မြန်မာ့နွေဦးတော်လှန်ရေး ခရီးလမ်းတွင် ပြည်သူကိုဗဟိုပြုကာ ပြည်သူ့အားဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရန် ရပ်တည်ချက်ခိုင်မြဲရမည်မှာ တော်လှန်ရေးသမားတိုင်း၏ တာဝန်ပင်ဖြစ်ပေသည်။
Be the first to comment