ရဟန်းတပါးနဲ့သေနတ်တလက်

‘ရဟန်းတပါးနဲ့သေနတ်တလက်’
◼️ညီလင်းအိမ်
အခုရုပ်ရှင်အကြောင်းကို မပြောခင် ကျနော်တို့ အရင်စပြောရမှာ‌တွေက အများကြီး ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယခုရုပ်ရှင်ကပေးတဲ့ ခံစားမှုအရသာစစ်စစ်ကို ထိတွေ့မိဖို့က နောက်ခံအကြောင်းတွေကို တူးဆွဖို့ အများကြီး လိုအပ်သေးတာကိုး ။ ဒီရုပ်ရှင်က ဘူတန်မှာ အခြေပြုရိုက်တာ ။ ရိုက်တဲ့ ဒါရိုက်တာကတော့ အိန္ဒိယနိုင်ငံသား ။ လူလတ်ပိုင်း လေးဆယ်အရွယ်ပဲ ရှိသေးပေမဲ့ ပွဲဦးထွက်ရုပ်ရှင်နဲ့တင် အကောင်းဆုံး နိုင်ငံရပ်ခြားအော်စကာဆန်ခါတင်အဖြစ် လျာခံထားခွင် ရခဲ့တဲ့သူ ။ အဲဒီလိုဒါရိုက်တာမျိုးက ရိုက်ပြတဲ့ ရုပ်ရှင်ဆိုမှတော့ မကောင်းမှာ ပူနေစရာ အကြောင်းကို မရှိတာ။
နည်းနည်းပေါ်လွင်အောင် ခိုင်းနှိုင်းရရင် ကျနော်တို့ ကမ္ဘာကြီးတခုလုံးက လောင်မီးကျနေတဲ့ ကန္တာရကြီး ဖြစ်နေတယ် ဆိုကြပါစို့ ။ တကယ်လည်း လက်ရှိခေတ်ကမ္ဘာက အဲဒီအခြေအနေဆီကို ရွေ့လျားနေတာပဲ မဟုတ်လား။ အဲလိုထဲမှာမှ ဘူတန် နိုင်ငံကလေးက အရာအားလုံး လုံးဝအရာအားလုံးနဲ့ ကင်းလွတ်နေတဲ့ အိုအေစစ် နယ်မြေကလေးလို့ ပြောလို့ရပါတယ်။ ဘူတန်က အရမ်းသေးတဲ့ ကုန်းတွင်းပိတ် နိုင်ငံကလေးပါ။ တရုတ်နဲ့ အိန္ဒိယ နိုင်ငံ နှစ်ခုအကြားမှာ တည်ရှိတယ်။ နိုင်ငံက အရမ်းသေးပြီး တသန်းတောင် မပြည့်တဲ့ လူဦးရေပဲ ရှိနေတာကြောင့်လားတော့ မပြောတတ်ပါဘူး။ တိုင်းပြည်တခုလုံးရဲ့ ပြည်သူပြည်သားတွေအပေါ်ကို အစဉ်အဆက် အုပ်စိုးလာတဲ့ ဘုရင်ရဲ့ ဩဇာသက်ရောက်မှုက ရာနှုန်းပြည့် တည်ရှိနေတယ် လို့ ဆိုပါတယ်။
လက်ရှိခေတ်ကာလမှာ ဘယ်လိုမှပေါင်းစပ်လို့မရတတ်တဲ့ ဘာသာတရားရဲ့ ကိန်းဝပ်တည်မှီရာ ဖြစ်တဲ့ ဗုဒ္ဓအယူဝါဒရဲ့ အဓိက သော့ချက်ဖြစ်တဲ့ မေတ္တာတရားနဲ့ အုပ်ချုပ်မှုကို ပေါင်းစပ်ထားပြီး ကျင့်သုံးတဲ့ တိုင်းပြည်လို့ ဆိုထားတယ်။ ဒါကြောင့် သူတို့တိုင်းပြည်ကလေးမှာ ‌ဒေါသမောဟလောဘကြောင့် ဖြစ်တဲ့ ပြဿနာတွေက အရမ်းရှားပါးတယ်လို့ ဖတ်ရပါတယ်။ အုပ်ချုပ်သူများက တိုင်းပြည်ရဲ့ GDP ညွှန်းကိန်းကို တိုင်းတာမှုကလည်း လုံးဝ အံ့ဖွယ်ပဲ ။ အခြားသောပြည်တွေလို တိုင်းသူပြည်သားရဲ့ တဦးချင်း ဝင်ငွေ ၊ အလုပ်အကိုင် အခွင့်အလမ်း အဲဒါတွေကို တိုင်းတာတာ မဟုတ်ပါဘူးတဲ့။ သူတို့တိုင်းသူပြည်သားတွေ တနှစ်တနှစ်မှာ ဘယ်မျှပျော်ရွှင်ကြရသလဲ ၊ သောကကင်းစင်စွာ ပြုမူနေထိုင်ခွင့် ရရပါသလဲ ဆိုတာနဲ့ တိုင်းတာတာပါတဲ့။
ပြီးတော့ ကျနော်တို့လက်ရှိခေတ်မှာ စိမ်းလန်းစိုပြေရေးဆရာတွေ အော်နေတဲ့ ပလပ်စတစ် ကင်းစင်ရေး ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ကျရေး ၊ နောက် Feminism တွေ ပြောနေကြတဲ့ ဖိုမ တန်းတူညီတူ ဝါဒ ၊ တိရစ္ဆာန်များအား အလွန်အကျွံ ဖမ်းဆီးသတ်ဖြတ်မှု စတာတွေကို ဘူတန်နိုင်ငံဟာ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်လောက်ကတည်းက လုပ်ဆောင်ထားပြီး ဖြစ်တယ်။
စာတွေအရ 1990 လောက်ကတည်းက သူတို့ဆီမှာ ပလပ်စတစ် မသုံးစွဲရသလို ၊ သစ်ပင်ဝါးပင်တွေကို ခုတ်ယူခြင်းကိုလည်း လုံးဝ တင်းကြပ်စွာ တားဆီးထားပါတယ်။ တောရိုင်းတိရစ္ဆာန်တွေအား ဖမ်းဆီးစားသောက်ခြင်းကိုလည်း လုံးဝတားမြစ်ထားပြီး အသားငါးစားဖို့အတွက် အိန္ဒိယနိုင်ငံဘက်ကနေပဲ တင်သွင်းခွင့် ပြုပါသတဲ့။ နောက် ဖိုဝါဒအားကောင်းဖို့ဆိုတာ ဘူတန်မှာ မဖြစ်နိုင်ပါဘူး။ အိမ်ထောင်မှုတခုရဲ့ အရေးကြီးတဲ့ ကဏ္ဍတွေကို အမျိုးသမီးတွေကပဲ ဦးစီးကြရသလို အမွေခွဲရင်တောင် အမျိုးသမီးများကပဲ ပိုရပါသတဲ့။
ဆိုတော့ ကျနော်က အပေါ်က အကြောင်းအရာတွေကို အလဟဿ လျှောက်ရေးနေတာတော့ မဟုတ်ပါဘူး။ ယခုရုပ်ရှင်ထဲက အကြောင်းအရာတွေဟာ အဲဒီ အချက်အလက်တွေနဲ့ အကုန် ဆက်စပ်နေလို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကို ပြန်ကောက်ရရင် ဘူတန်မှာ တဦးတည်းအုပ်ချုပ်မှုစနစ်ကနေ ခေတ်ကာလနဲ့ လျော်ညီအောင်ဆိုပြီး ဘုရင်ကြီးက ဒီမိုကရေစီ စနစ် ပြောင်းလဲပြဌာန်းမယ် ဆိုတဲ့ 2006 လောက်က ကာလကို အခြေခံထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံထဲကဩဇာတိက္ကမရှိတဲ့ ဆရာတော်တပါးက သူ့လက်အောက်က ပဉ္ဇင်းငယ်တပါးကို သေနတ်တလက် ရှာဖွေခိုင်းပါတယ်။ တိုက်ဆိုင်စွာပဲ အမေရိကက ရှားပါးလက်နက်တွေ ရှာဖွေစုဆောင်းသူ အမေရိကန်သား တဦးကလည်း ဘူတန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာတာ ဖြစ်တယ်။ ယင်းနောက်မှာတော့ သူတို့တွေ ဘာလုပ်ကြလဲ ၊ ဘာကြောင့် ဒီသေနတ်ကို လိုချင်ကြရသလဲ ဆိုတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ပါ့စပ်မစေ့ရအောင် ပြုံးမိရင်း စိတ်ကြည်နူးချမ်းမြေ့စွာနဲ့ ကြည့်ရှု့ကြရမယ့် ရုပ်ရှင် ဖြစ်ပါတယ်။
အဲတော့ ဒီရုပ်ရှင်ထဲမှာ အဓိက ဟိုက်လိုက်လုပ် ပြောချင်မိတာက ရောင့်ရဲတင်းတိမ်မှု ဆိုတဲ့ အခြင်းအရာကိုပါ ။ လက်ရှိခေတ်ကြီးထဲမှာ အဲဒီစကားကို ပြောဖို့ဆိုတာ ရယ်ဖို့အင်မတန် ကောင်းလွန်းပါတယ်။ ကျနော်တို့တွေဟာ အရင်းရှင် ကမ္ဘာကြီးထဲမှာပဲ စနစ်ကျ သားကောင်များအဖြစ် ပြိုင်ဆိုင်မှုတွေ နောက်ကို လိုက်ပါနစ်မြုပ်နေကြတော့တယ်။ သာလွန်ပညာရေး ၊ သာလွန် အလုပ်အကိုင် ၊ သာလွန်တဲ့ ဝင်ငွေ ၊ သာလွန်တဲ့ အိမ်ရာပိုင်ဆိုင်မှု ၊ သာလွန်တဲ့ လူသိများကျော်ကြားလိုမှု စတဲ့ အရင်းရှင်ကမ္ဘာကနေ ဖန်တီးသိမ်းသွင်းလိုက်ပြီဖြစ်တဲ့ အချက်အလက်တွေ အကြားမှာ အပြိုင်ကူးခပ်ရင်း ရောင်ရဲနိုင်မှု ဆိုတဲ့ သဘောတရားကို လုံးဝ လက်ခံ ကျင့်သုံးနိုင်မှု မရှိကြတော့ပါဘူး။ အဲဒါကို လွတ်လပ်သောဈေးကွက် ဖန်တီးမှုနဲ့ လက်ခံသုံးစွဲသူများအကြားကို တန်းတူညီမျှသောမျှခြေအဖြစ် ဖန်တီးပြောင်းလဲနိုင်မှုက ဒီမိုကရေစီစနစ်သာ ဖြစ်တယ် ဆိုပြီး ကျနော်တို့မှာ အဲဒီစကားကို မသုံးမဖြစ် ကျယ်ကျယ်လောင်လောင် ပြောကြရပြန်ပါတယ်။
အဲဒါတွေကို သုံးမှရမယ် ဆိုတဲ့ သဘောနဲ့ ဘူတန်နိုင်ငံကလေးဆီကို တင်သွင်းလာတဲ့အခါမှာ ရယ်စရာတွေပဲ ဖြစ်ကုန်ပါတယ်။ အဝတ်အထည်အတွက်လည်း ရိုးရာထုတ်ကုန်တွေနဲ့တင် လုံလောက်ပြီးသား။ ကျန်းမာရေးလတ်ဆတ်ရှင်သန်ဖို့အတွက်လည်း ကောင်းမွန်တဲ့ လေထုနဲ့ သဘာဝအသီးအရွက်တွေကို လိုသလောက် ရနိုင်တဲ့ လယ်ယာမြေတွေ အသင့်ရှိနေတဲ့ သူတို့အတွက် ဒီ ဒီမိုကရေစီ ဆိုတာကြီးက ငြိမ်းချမ်းစွာ ဘာရယ်မှ ပြိုင်ဆိုင်မှု မရှိသလောက်နဲ့ မိသားစုဝင်တွေအချင်းချင်း ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြတ်သန်းလာကြတဲ့ အချိန်မျိုးမှာ ဒင်း ဒီမိုကရေစီ ဆိုတာကြီး ရောက်လာမှ ဘယ်ပါတီကို ပေးရမယ် ၊ ဘယ်ပါတီက ဘာတွေပိုကောင်းတယ် စတဲ့ စကားတွေကို ကြားကြရတဲ့အခါမှာ နားကလော်ကုန်ကြတယ်။ သက်သက်အချင်းချင်း ရန်တိုက်ပေးနေတဲ့ အရာကြီးလို့ပဲ မှတ်ယူမိကြပါရော။
ဘာတဲ့ ဒီအရာကြီးက ကျွန်တော်တို့ တိုင်းသူ ပြည်သားတွေ အပေါ်ကို ခေတ်မီတဲ့ အခြေအနေဆီ ရောက်အောင် ဆွဲခေါ်သွားစေမယ် ၊ ပိုမိုပျော်ရွှင်ရတဲ့ ဘဝကို ရောက်ရှိလာစေမှာတဲ့။ ဘယ်နှယ် သူတို့အတွက် ဘဝက အရာရာအဆင်သင့် ပြာလွင်သန့်စင်တဲ့ အရောင်နဲ့ အုပ်မိုးထားတဲ့ ကောင်းကင်ပြာကြီးနဲ့ လတ်ဆတ်တဲ့လေပြည်မွှေးမွှေးတွေကို သယ်လာတဲ့ အမြဲစိမ်းတောင်တန်းကြီးတွေနဲ့ ပြီးတော့ ဘုရင်ကြီးရဲ့ နွေးထွေးချမ်းမြလှတဲ့ အရာတွေသာ ပေးစွမ်းတဲ့ ၊ သူရို့မျိုးဆက်တလျှောက် ဓားမဦးချယုံကြည်ကိုင်းရှိုင်းလာခဲ့ကြတဲ့ ဗုဒ္ဓဘုရားရဲ့ မေတ္တာတရားတွေကိုပါ တလုံးတဝ ရရှိနေပြီးခဲ့ပြီပဲ။
ဘာတွေလိုအပ်သလဲ ပေါ့။ ကြည့်နေတဲ့ ကျွန်တော့်မှာ ပုံပြင်ထဲမှာလောက်ပဲ တွေ့နိုင်တော့မယ်ထင်တဲ့ အကြောင်းအရာတွေကို လက်တွေ့ ရှု့မြင်လိုက်ရတော့ အံ့ဩလို့ မဆုံးသာ ဖြစ်လို့နေရ ။ ကိုကာကိုလာ ဘူးကို မြင်တော့ ဦးဇင်းကို အဲဒီရေနက်တွေ တိုက်ပါဦး လို့ ပြောတာ ကြည့်ရင်း ရယ်မိလိုက် ။ အီးကုန်း စက္ကူအဖြစ်လောက်တောင် သဘောထားပုံ မရတဲ့ ဘူတန်ပြည်သားတွေအလယ်မှာ သန်းဂဏန်းရှိတဲ့ ပိုက်ဆံထုပ်ကြီးနဲ့ ကြောင်ပျောက်နေတဲ့ အမေရိကန်သားကို ကြည့်ရင်း ရယ်မိလိုက်နဲ့ ။
ရုပ်ရှင်လည်း ကြည့်ပြီးတော့ လူရွှင်တော် မော့စ်ရဲ့ စကားကိုပဲ ယူပြီး တကိုယ်ရည် ရေရွတ်မိနေပါတယ်။ ခင်ဗျားတို့ ဘူတန်သားတွေက တကယ်ရော အဲဒီလိုလား တကယ် ရှိနေကြတာတော့ ဟုတ်ရဲ့လား ။ ဟုတ်ကောဟုတ်ရဲ့လားဗျာ စလို့ပေါ့။
ရုပ်ရှင်ရည်ညွှန်း – The Monk And The Gun Movie ( 2023 )
About The Call 338 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*