ရာမွန်သို့ (သို့မဟုတ်) ရာမွန်မသိတဲ့ ရဲဘော်ရဲ့စာ

by The Call
128 views
‘ရာမွန်သို့ (သို့မဟုတ်)
ရာမွန်မသိတဲ့ ရဲဘော်ရဲ့စာ’
◾လူနော်
၁။
ရာမွန်
မှောင်မိုက်နေတဲ့
အဲဒီလမ်းကြားလေးထဲ ဝင်ချင်တယ်
မိုးရေတွေထဲ ဝင်တိုးချင်တယ်
စွန်းပေနေတဲ့အဝတ်တွေ ဝတ်ဖူးချင်တယ်
ပေါ်ပီပန်းလေး တပွင့်ဖြစ်ဖြစ် အိပ်ကပ်ထဲ ပွင့်ချင်တယ်
ရာမွန်ရေ
ကျနော် ထွက်ပြေးနေတယ်
ခြေလှမ်းတွေ သက်တမ်းတိုးဖို့
လူသူကင်းမဲ့ အဟောင်းဆိုင် တစ်ခုဆီ မောင်းပို့ပေးပါ
၂။
ရှေ့က ဆိုင်ကယ် တားပေးပါ
ခွင့်ပြုပါ
အိတ်ဇောငွေ့ ၅၀၀ဖိုးလောက် ဝယ်ချင်တယ်
ကျနော်
ယမ်းနံ့ ရချင်လို့
၃။
သေနတ် တစ်လက်၊ ဦးထုပ် တစ်လုံး
သွေးရေကြည် တစ်ပုလင်း
လိုမယ်ထင်တာတွေ အစုံထည့်ပေး
အဖိုးအခ အနေနဲ့
ကျနော့် အသက်ကို ယူပါ
၄။
ကျည်ဆံ နှစ်တောင့်
မေတ္တာလက်ဆောင် ရမလား
ရေဆာတဲ့ ပါးစပ်ထဲ
စနိုက်ပါလို တချက်ခြင်း
ပစ်ပစ် ထည့်ချင်တယ်
၅။
အသက်ကယ် ဂါထာယူပါ
ငရဲလမ်းကို ပြပါ
ရိုးရာ လက်ဝှေ့ထဲ စာရင်းသွင်းပါ
စီးကရက် တစ်လိပ် ပေးပါ
၆။
ရာမွန် ရေ
ဘိုဟီးမီးယမ်းတွေ
သူတို့ အသက်ကို
အကြွေစေ့လေး အပေါ် ပုံအပ်ထားသလိုမျိုး
ကျနော် စစ်တိုက်ချင်တယ်…
မေတ္တာဖြင့်
သင်၏
လူနော်

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment