
“ရိုက်ချက်ပြင်းတဲ့ သဘာဝတရား”

အကြောင်းရှိရာ အကျိုးလာ၏
ကောင်းငှါဆိုးငှါ ရှေးကြမ္မာလျှင်
ခွင့်သာရောက်ငြား ထိုသူအားကို
ဘုရား မကယ်နိုင်စွာတည်း။ ။
(မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေဝလင်္ကာသစ်မှ )
စစ်ကိုင်းပြတ်ရွေ့နဲ့ မန္တလေးအောက်က ကျောက်ချပ်လွှာတို့ တိုးတိုက် ပွတ်ခြေခဲ့ကြတာ သီတင်းပတ် အတော် ကျော်လွန်လာခဲ့ပြီ။ ဒါပေမယ့် သဘာဝတရားရဲ့ ရိုက်ချက်က ပြင်းထန်လွန်းတော့ စုတ်ပြတ်သတ်ပြီး ပျက်စီးယိုယွင်းနေကြတဲ့၊ ပြိုကျပျက်သုဉ်းနေကြတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ ဘုရားပုထိုးစေတီနဲ့ လူနေတိုက်တာအိမ်ခြေတွေကတော့ မြေပြင်ပေါ်မှာ ဝပ်တွား လည်စင်းခံနေတုန်းပါပဲ။
ဆူနာမီ၊ နာဂစ်၊ ရေလွှမ်းမိုးခြင်း၊ မြေစာပုံပြိုကျတာနဲ့ တောင်ပြိုကျကာ ရွာလုံးကျွတ် မြေအောက် ကျွံကျသွားတာတွေက သိပ်ကြာလှသေးတာ မဟုတ်ဘူးလို့ ပြောလို့ရတယ်။ သဘာဝကပ်ဘေးတွေကြောင့် ပေးဆပ်ကြရတာတွေက၊ လူသားရဲ့ အသက်ဇီဝတွေ၊ တိရစ္ဆာန်တွေ၊ ပြိုကျပျက်စီးရတာတွေက လူနေအိမ်ခြေ၊ အဆောက်အအုံတွေ၊ စိုက်ပျိုးခင်းတွေ၊ ရထားလမ်းတွေ၊ တံတားတွေ၊ အမြန်လမ်းမတွေ။
ပြန်ပြင်ဆင်လို့တော့ ရတာပေါ့လေ။ ဒါပေမယ့် သဘာဝဘေး မကျရောက်ခင်က သဘာဝဘေးဖြစ်ပေါ်လာရင် ဘယ်လိုလုပ်ကြမယ်၊ ဘယ်လိုရင်ဆိုင်ကြမယ်ဆိုတဲ့ ကြိုတင်လေ့ကျင့် ဆောင်ရွက်ထားကြတဲ့အပိုင်းမှာ အားနည်းနေခဲ့တာကို ယခု ငလျင်က ထင်ရှားစွာပြသလိုက်တာပါပဲ။
လူသားရဲ့သမိုင်းမှာ လူက သဘာဝတရားနဲ့ အမြဲတမ်း ယှဥ်ပြိုင် ရင်ဆိုင် တိုက်ခိုက်နေရစမြဲ မဟုတ်လား။ သဘာဝတရားကလည်း လစ်ရင်လစ်သလို အကွက်ကောင်းချောင်းမြောင်းပြီး ထွက်ပေါ်လာကာ ဒုက္ခပေးစမြဲပါပဲ။ မီးတောင်ပေါက်လို့ တမြို့လုံး ပြာပူချော်ရည်ထဲ နစ်မြုတ်သွားရတဲ့ ပွန်ပီယမ်မြို့ကို သတိချပ်ကြရမယ်။
စစ်ကိုင်းကို ဗဟိုပြုပြီး ငလျင်က ထိခိုက်နစ်နာ ပျက်စီးစေခဲ့တယ်။ ဒါကြောင့် ရှင်နေသူတွေက သေသူတွေရဲ့ အလောင်းတွေကိုကောက်ဖို့ နိုင်ငံအနှံ့နဲ့ ကမ္ဘာ့နိုင်ငံ အတော်များများက လာရောက်စုရုံးကြပြီး ကိုယ့်နည်းကိုယ့် ဟန်နဲ့ ငလျင်ဘေးဒဏ်သင့်သူတွေကို ရှာဖွေ၊ ကယ်ဆယ်၊ ကုသ၊ စောင့်ရှောက်ပေးကြတယ်။
ကယ်ဆယ်ရေး လုပ်ဆောင်နေကြသူတွေဟာ အလွန်မတန် အဆင်ပြေနေတဲ့ မိသားစုများက မဟုတ်ကြဘူး။ သာမန် လူလတ်တန်းစားများ၊ အခြေခံကျတဲ့လူများ၊ နိုင်ငံရပ်ခြားက စေတနာ့ဝန်ထမ်း ဗော်လံတီယာများ ဖြစ်ကြပါတယ်။ ကယ်ဆယ်ရေးအတွေ့အကြုံ ရှိသူတွေပါမယ်၊ တချို့က အတွေ့အကြုံ ရှိကောင်းမှရှိမယ်။ ဒါပေမယ့် သူတို့အားလုံးရဲ့ စိတ်ထားထဲမှာ တတ်နိုင်သမျှ၊ အစွမ်းရှိသမျှ အကုန် ကြိုးစားပမ်းစား ဆောင်ရွက်မယ်ဆိုတာ ကိန်းအောင်းနေကြတာ အမှန်ပါပဲ။
ဒီလိုအဖြစ်ဆိုးမျိုးက မြန်မာနိုင်ငံမှာ အကြိမ်ကြိမ်၊ ကမ္ဘာပေါ်မှာလည်း အကြိမ်ကြိမ်။ ချစ်ခင်မြတ်နိုးသူများ အချင်းချင်း သေမင်းကြောင့် ခွဲခွါခဲ့ကြရတယ်။ အချိန်မတန်သေးတဲ့သူတွေ သင်္ခါရသဘောကို ဆောင်သွားကြရတယ်။ အဲဒီအနိစ္စတရားကို သဘာဝကပ်ဘေးက ပြက်ပြက်ထင်ထင် ပြသလေ့ရှိတယ်။ ကျနော်တို့ ခင်ဗျားတို့ကော ဘယ်နေ့လဲ၊ ဘယ်လိုလဲ၊ ဘယ်တော့လဲ။
မန္တလေး၊ စစ်ကိုင်းတဝိုက်မှာ အသက်ခန္ဓာ စွန့်သွားရသူတွေ ဒုနဲ့ဒေးပါပဲ။ ငလျင်ဘေးဆိုးကြောင့် လူသားဘဝတွေ တစစီ ပဲ့ကြွေခဲ့ရတယ်။ အိုးအိမ်တိုက်တာနေစရာနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးခဲ့ကြရပြီ။ မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသကို ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်သွားခဲ့ပြီးတဲ့နောက် ၁၀ နှစ်အကြာမှာ မေးခွန်းတွေပါဝင်တဲ့ စစ်တမ်းတစောင် ထွက်ပေါ်လာခဲ့တယ်။ မေးခွန်းတွေထဲမှာ အချိန်ကာလရဲ့ ကုစားမှု၊ အဘက်ဘက်က ကူညီပံ့ပိုးမှုများကြောင့် နာဂစ်ဝေဒနာက နိုးထခဲ့ကြပြီလား။ မြန်မာနိုင်ငံသားတဦးအနေနဲ့ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတဦးအနေနဲ့ မေးခွန်းတွေကို ဖြေကြည့်ပါလို့ တိုက်တွန်းထားတယ်။ မေးခွန်းပေါင်း (၁၂) ခု ပါရှိတယ်။ ယခုလှုပ်ခတ်ခဲ့တဲ့ ငလျင်လိုပါပဲ၊ အရောင်တူ၊ အဆင်ကွဲလေးမို့ အသိပေးလိုက်ပါတယ်။
– စစ်ကိုင်း၊ မန္တလေးတဝိုက် ငလျင်ဘေးဒဏ်အပေါ် လတ်တလော ပြောစရာတွေ အမြောက်အမြား ရှိမှာပါပဲ။ နောက်တနှစ်ကြာတဲ့အခါ၊ နောက် ၅ နှစ်ကြာတဲ့အခါ၊ နောက် ၁၀ နှစ်ကြာတဲ့အခါ ငလျင်ဘေးအပေါ် ပြောစရာ ဘာတွေများ ရှိလေမလဲ။ စဉ်းစား တွေးတောကြည့်ကြရအောင်ပါ။
– ငလျင်ဘေးဒဏ်ကြောင့် လူဦးရေ ထောင်နဲ့ချီပြီး သေကြေဆုံးရှုံးခဲ့တယ်။ မိသားစုဝင်တွေ ဆုံးရှုံးကြရတယ်။ အိုးအိမ်ဥစ္စာပစ္စည်း ဆုံးရှုံးကြရတယ်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးခဲ့ကြရတယ်။ အဲဒါနဲ့ပတ်သတ်တဲ့ သင့်ရဲ့အမြင်ကို ပြောပြပါ။
– ငလျင်ဒဏ် ခံစားရပြီး ၁၀ နှစ်အကြာမှာ ငလျင်ဘေး ကျခဲ့ရတဲ့ ဒေသတွေ၊ နေရာတွေမှာ ပြန်လည် ဖွံ့ဖြိုး တိုးတက်လာမှာလား၊ ငလျင်မလှုပ်ခင်က အခင်းအကျင်းမျိုး ပြန်ရောက်လာပါ့မလား။
– ငလျင်ဒဏ်ခံရသူတွေ မိသားစုတွေကွဲ၊ သားတကွဲ၊ မယားတကွဲ၊ ဖခင်ဆုံး၊ မိခင်ပျောက်တဲ့သူတွေ၊ ကလေးသူငယ်တွေရဲ့ ဘဝတွေမှာ ထိခိုက်ဒဏ်ရာရပြီး စိတ်ဝေဒနာခံစားရမှုများ၊ ထရော်မာများကနေ အလုံးစုံ လွတ်ကင်းပါ့မလား။
– ငလျင်လှုပ်တုန်းက သင်ဘယ်နေရာမှာ ရှိနေခဲ့သလဲ။ ဘာတွေ ထိခိုက် ခံစားခဲ့ရသလဲ။
– ငလျင်လှုပ်ပြီးသွားတဲ့အခါ ဘာတွေ လုပ်ဆောင်ခဲ့သလဲ၊ ထိခိုက်ခံစားရတဲ့ နေရာတွေကို သွားသလား၊ ဘယ်လိုကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ခဲ့သလဲ။
– အဖွဲ့အစည်းတွေရဲ့ ပရဟိတစိတ်ဓာတ်နဲ့ ကူညီပံ့ပိုးမှုတွေ၊ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းများရဲ့ ကူညီမှုများအပေါ် သင် ဘယ်လိုမြင်ပါသလဲ။
– နိုင်ငံတကာ NGO များနဲ့ ပြည်တွင်း ပရဟိတအသင်းများရဲ့ ကူညီပံ့ပိုးမှုက ထိရောက်ပါသလား။
– ပြန်လည်ထူထောင်ရေးကာလမှာ ထူးခြားမှုတွေ ကြုံတွေ့နိုင်လေမလား။
– ငလျင်ဘေးဒဏ် ခံစားရပြီးနောက်မှာလည်း သဘာဝကပ်ဘေး ကျရောက်နိုင်မှုတွေ ရှိနေဆဲပါပဲ။ အဲဒီအတွက် ကြိုတင် ပြင်ဆင် လုပ်ကိုင်ဆောင်ရွက်နိုင်မှုအပေါ် သုံးသပ်ဝေဖန်ပေးပါ။
– သဘာဝဘေးဒဏ်ခံရတဲ့အခါ၊ ရင်ဆိုင်ရတဲ့အခါ လူသားတွေရဲ့ တုန့်ပြန်မှု၊ စုပေါင်းလက်တွဲ ရင်ဆိုင်မှုတွေအပေါ် ထင်မြင်ချက်ပေးပါ။
သင့်အနေနဲ့ ငလျင်ဘေးဒဏ် ခံစားရသူများ၊ ၎င်းတို့မိသားစုများ၊ ဆွေမျိုးသားချင်းများအပေါ် ပြောဆိုဆွေးနွေးစရာ ပေးအပ်စရာ မက်ဆေ့များရှိရင်လည်း ဖြည့်သွင်းပြောကြားပေးပါ။
Be the first to comment