“ရုပ်ရှင်မဟုတ်သော ရုပ်ရှင်များ”
ညီလင်းအိမ်
ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ ယခုရုပ်ရှင်ကို ကြည့်ရတော့ ထုံးစံအတိုင်း ရင်နင့်စရာတွေ တပုံကြီး ကျန်ခဲ့ရတာပဲ။ ဒီရုပ်ရှင်က ၂၀၀၂ ခုနှစ်၊ ပါကစ္စတန်နိုင်ငံက Karachi မြို့တော်မှာ အစွန်းရောက် အစ္စလာမ်မစ်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမေရိကန် သတင်းထောက်တယောက်အကြောင်းကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်။ မင်းသမီး အိန်ဂျလီနာ ဂျိုလီက ပြန်ပေးဆွဲခံရတဲ့ သတင်းထောက်ဖြစ်သူရဲ့ ဇနီးသည်အဖြစ် သရုပ်ဆောင်ထားတယ်။
ရုပ်ရှင်က တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်တာဆိုတော့ ကြည့်ချင်စရာ တစက်မှ မရှိဘူးလို့ဘဲ ပြောရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စာလေးဘာလေး ဖတ်သူဆိုရင် ဒီ Wallstreet ဂျာနယ် သတင်းထောက်ရဲ့အကြောင်းကို ရှေးမဆွကတည်းက သိရှိပြီးသား ဖြစ်မှာမို့လို့ပါ။ သို့ပေမဲ့ ဒီရုပ်ရှင်မှာ မြင်ရတာက အမေရိကန်နိုင်ငံသားတယောက် ဖြစ်ရမှုရဲ့ပါဝါနဲ့ ပါကစ္စတန်က အခြေအနေတွေကိုပဲ။ ပြီးတော့ ကျနော်တို့ရဲ့ လက်ရှိ ဘဝဖြတ်သန်းရာ အခြေအနေများ။
မနှစ်ကပဲ အာဏာသိမ်းစစ်တပ်ရဲ့ နောက်လိုက် အကြမ်းဖက်စစ်သားတွေဟာ ကျနော့်အမဝမ်းကွဲရဲ့ ခင်ပွန်းသည်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး ရက်စက်စွာ လက်စတုံးပစ်ခဲ့ပါတယ်။ တကယ်ဆိုရင် သူက သာမန်ပြည်သူတယောက်သာ ဖြစ်ပါတယ်။ တော်လှန်ရေးလုပ်နေသူလည်း မဟုတ်ပါဘဲ ဒေါသထွက် ရမ်းကားနေတဲ့ စစ်သားတွေဟာ လမ်းမှာတွေ့တာနဲ့တင် အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ကြတာမှာ သုံးလေးရက်လောက်ကြမှပဲ သူ့ရဲ့ သက်မဲ့ခန္ဓာကို တွေ့ခဲ့ရပါတယ်။ ကျန်ရစ်သူ ဇနီးသည်မှာ သားသမီးလေးယောက် ကျန်ခဲ့ပါတယ်။
ဒီရုပ်ရှင်မှာ ခင်ပွန်းသည်က သတင်းအင်တာဗျူးဖို့ဆိုပြီး ထွက်သွားရာကနေ အစ္စလာမ်မစ်များရဲ့ ပြန်ပေးဆွဲမှုကို ခံလိုက်ရတယ်။ ဇနီးသည်ခမျာမှာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ လင်တော်မောင် ပြန်မလာတော့ လက်လှမ်းမီရာကို အကူအညီတောင်းရပါတော့တယ်။
ပါကစ္စတန်ရဲ့ Karachi မြို့တော်ဟာ ကမ္ဘာ့ အကြီးဆုံးမြို့တော်ထဲမှာ ပါပါတယ်။ မြို့ထဲကို ဝင်လိုက်တာနဲ့ ပျားအုံတုတ်နဲ့ထိုးထားသလို များမြောင်လွန်းလှတဲ့ လူအုပ်ကြီးတွေကို မြင်ရမယ်။ ဒီလောက် လူနေထူထပ်လှပြီး ရာဇဝတ်မှုတွေ၊ အကြမ်းဖက်သမားတွေ ရောထွေးယှက်တင် ရှိနေတဲ့နေရာမှာ ပျောက်ဆုံးသွားတဲ့ လူတယောက်ကို ရှာဖွေဖို့ဆိုတာ ဘယ်လောက်ခက်ခဲလှမလဲ စဉ်းစားသာကြည့်တော့။ ဒါပေမဲ့လည်း ပျောက်ဆုံးသူက အမေရိကန်နိုင်ငံသား ဖြစ်နေတယ်။ Wall Street က သတင်းထောက်တယောက်လည်း ဖြစ်နေတော့ ပါကစ္စတန်က အာဏာပိုင်တွေရော၊ အမေရိကန်က အကြီးအကဲတွေရော ငြိမ်နေလို့မရတော့။ ရုပ်ရှင်ရဲ့ အဓိက ပြကွက်တွေဟာ အဲဒီကာလကို ဦးစားပေးထားတယ်။
လူတယောက်ရဲ့ အသက်ခန္ဓာကို အဆုံးစွန်ထိ ပြန်လည်ရရှိဖို့၊ နောက် ထိုက်တန်တဲ့ တရားမျှတမှုကို ရရှိဖို့။ ဒီထဲမှာ ဘဲပဲ ပြတယ်။ သတင်းထောက်ကို ပြန်ပေးဆွဲသွားသူတွေကလည်း ကွန်ယက်အကြီးကြီးကို သေချာတည်ဆောက်ပြီးမှ အကွက်ချ ဖမ်းဆီးသွားတာဆိုတော့ ဘယ်လိုမှ ပြန်လည်ရရှိဖို့ မဖြစ်နိုင်တဲ့ အခြေအနေပါပဲ။ ဒါပေမဲ့လည်း ဖမ်းဆီးခံရသူက အမေရိကန်နိုင်ငံသား ဖြစ်နေတယ် မဟုတ်ပါလား။
ကျနော့်မှာ ကိုယ်ဝန်အရင့်အမာနဲ့ ပြန်မလာသေးသူ လင်တော်မောင်အတွက် ပူဆွေးသောကရောက်နေတဲ့ ဂျိုလီကို မြင်ရချိန်မှာ ဘယ်လိုမှ အာရုံစိုက်မကြည့်နိုင်။ ကျနော့်အမဝမ်းကွဲဖြစ်သူ အကြောင်းကို ထပ်တူတွေးမိလာတယ်။ စစ်သားတွေက သူမခင်ပွန်းကို ဖမ်းဆီးသွားချိန်မှာ ဘယ်လောက်တောင် ပူဆွေးစိတ်သောကဖြစ်နေမလဲ။ တံခါးဝကနေ ရွာအဝင်လမ်းမဆီကို ဒီထဲက ဂျိုလီလိုပဲ ကားဟွန်းသံကြားတာနဲ့ ယောင်ယမ်းထငေးသလို ငေးနေမိမှာ။ ဆက်သွယ်လို့ရမှာလည်း မဟုတ်တဲ့ ဖုန်းခလုတ်တွေကို ယောင်ယမ်းနှိပ်နေမိလောက်မှာ။ အိမ်က ကလေးတွေမျက်နှာကို ကြည့်ရင်း တရှုံ့ရှုံ့ ငိုနေမိလောက်မှာ။
ဒီထဲက ဇနီးသည်ဖြစ်သူရဲ့ ပူဆွေးနာကျင်ရမှုကလည်း ထပ်တူဖြစ်မှာ သေချာပေမဲ့ သူမရဲ့ မျှော်လင့်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ အားကုန်ကြိုးပမ်းနေကြတဲ့ လူတွေ၊ အဖွဲ့အစည်းတွေက သူမဘေးမှာ အချိန်ပြည့်ရှိနေသေးတယ်။ ပြီးတော့ ဒီလိုနိုင်ငံမျိုးမှာ အန္တရာယ်ရှိနိုင်တဲ့ သတင်းတွေလိုက်ရင် ခုလို ဖြစ်သွားနိုင်တယ်ဆိုတဲ့ အကြောင်းရင်းအရ ဖြေသာနိုင်စရာ ရှိသေးတယ်။ လက်ရှိ ကျနော့်အမဖြစ်သူမှာက ဘယ်အကြောင်းတရားကို ကိုင် ဆုပ်ပြီး ဒီဖြစ်ရပ်ကို ဖြေသာအောင် ကြိုးစားမလဲဆိုတာ တွေးနေမိပါတယ်။ အဖြေလည်းမတွေ့မိပါဘူး။
အမရဲ့ ခင်ပွန်းသည်ဟာ ဘာမှားယွင်းမှုမှ မလုပ်ပါဘဲ ကြွက်မနိုင် ကျီမီးရှို့ သဘောမျိုး ပြုကျင့်ခံခဲ့ရတာ၊ ယခုရုပ်ရှင် ထဲမှာတော့ သူရို့တိုင်းပြည်က လူသားတယောက်အသက်က အင်မတန်မှ တန်ဖိုးကြီးမားလှပါလားလို့ ကြည့်ရင်း မြင်နေရချိန်မှာ ကျနော်တို့ဆီက ပြည်သူပြည်သားတွေဘဝမှာတော့ ကြက်ကလေး ငှက်ကလေးသဖွယ် ဘဝတွေထက်တောင် ဆိုးဝါးတန်ဖိုးမဲ့တဲ့ အခြေအနေဖြစ်နေပါတယ်။ အလွယ်တကူပဲ ရမ်းကား သတ်ဖြတ်ပစ်လိုက်တယ်။ တဦးတယောက်ရဲ့ အသိဉာဏ်မဲ့မှု အကျိုးဆက်ကနေ ရှိရင်းစွဲ လူ့အဖွဲ့အစည်းတခုလုံးဟာ ပျက်ယွင်း ဆိုးဝါးတဲ့ အနေအထားကို သက်ဆင်းသွားရတော့တယ်။
A Mighty Heart ရုပ်ရှင်ဟာ ကြည့်နေကျ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းမဟုတ်တော့ ကျနော်တို့ မျှော်လင့်စိတ်ကူးနေသမျှကို တခုမှ ဖော်ဆောင်မပေးခဲ့ပါဘူး။ ဒါက အမေရိကန်နိုင်ငံသားကွ၊ အမှုကို မဖော်ထုတ်နိုင်ရင် ငါတို့တိုင်းပြည် သိက္ခာကျလိမ့်မယ်ဆိုပြီး စွမ်းစွမ်းတမံ လိုက်ဖမ်းခဲ့ပေမဲ့ အကြမ်းဖက်သမားတွေဟာ ပြန်လွှတ်မပေးခဲ့ကြပါဘူး။ ရက်စက်စွာနဲ့ပဲ လက်စတုံး စီရင်ပစ်လိုက်ပါတယ်။ အောင်ပွဲခံတဲ့အနေနဲ့ လက်စတုံးထားတဲ့ Video ရိုက်ကူးစက်ကို သူတို့ဆီ ပေးပို့ခဲ့ပါတယ်။
အလောင်းကို တွေ့ပြီဆိုတဲ့ သတင်းကြားရတော့ အမဖြစ်သူခင်ပွန်းသည်ရဲ့ သက်မဲ့ခန္ဓာကို စွန့်ပစ်ပစ္စည်းတခုလိုပဲ ပစ်သွားခဲ့တာဖြစ်တယ်။ တာဝန်ရှိသူတွေက အမေရိကန်သတင်းထောက် လက်စတုံးခံရတဲ့ ရုပ်သံဖိုင်ကို ဇနီးသည်ကို မကြည့်ရှုစေခဲ့ပါဘူး။ ကျနော့်အမဖြစ်သူမှာတော့ ခင်ပွန်းသည် အသက်မဲ့နေတော့တဲ့အကြောင်းကို သူ့စိတ်မှာ ဘယ်လို လက်သင့်ခံမလဲ။ ဒီရုပ်ရှင်ထဲက ဂျိုလီလို အခန်းထဲဝင်ပြီး အရူးတယောက်လို အော်ဟစ်မလား။ တာဝန်ရှိသူတွေကို ပစ်ဆဲပစ်မလား။ ကိုယ့်ပြည်ထဲမှာ အဲသလိုပဲ ပြန်မလာတော့တဲ့ ခင်ပွန်းသည်တွေ၊ သားတွေ၊ မောင်တွေ၊ အကိုတွေ၊ ညီမတွေစလို့ မိမိတို့ ဆွေမျိုးညာတိတွေ မိတ်ဆွေတွေကို ပြန်လာဦးမှာပါအမှတ်နဲ့ မျှော်ငေးနေမိကြမယ့် မိသားစုတွေ၊ အဲဒီ ပရိသောကမီးကို ရင်ကွဲပက်လက်နဲ့ ပိုက်ထွေး ခံစားနေကြရမယ့်သူတွေ ဘယ်လောက်အထိတောင် ရှိနေမလဲ ကျနော်တွေးမိလိုက်တော့ ဒီအဖြစ်အပျက်ထဲက ဇနီးသည်ကမှ နည်းနည်းကလေး တော်ပါသေးတယ်။ ကျနော့်တို့ပြည်မှာဆိုရင် ခုလိုတွေ ဒုနဲ့ဒေး ဖြစ်နေရပါတာဗျာလို့ ယောင်ယမ်းပြောမိလိုက်ပါသေးတယ်။
နောက်ဆုံးမှာတော့ သတင်းထောက်ကို အသက်ရှင်ရက်နဲ့ မကယ်ထုတ်နိုင်ခဲ့ပေမဲ့ ပါကစ္စတန်က အာဏာပိုင်တွေဟာ ကျူးလွန်သူတွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီနည်းတူပဲ ကျနော်တို့ပြည်မှာလည်း ညီမျှတဲ့ တရားမျှတမှုကို ပြန်ရဖို့ လူဟာ လူလိုပဲ ရှင်သန်ခွင့်ရရမယ်ဆိုတဲ့ ဘဝအနေအထားတွေကို ပိုင်ဆိုင်ဖို့ အသက်ပေးပြီး တိုက်ပွဲဝင်ရယူနေကြတာတွေကိုလည်း အားလုံး အသိပဲ ဖြစ်ကြမှာပါ။
ဒါကြောင့် အိမ်ပြန်လမ်းကို မျှော်ငေးနေရတဲ့ မိသားစုတွေ များမလာဖို့၊ အဲဒီနေရာမှာ တိုက်ရိုက် မခံစားကြရသေးတဲ့ ခင်ဗျားတို့ ကျနော်တို့တွေ ဖြစ်မလာဖို့ မကောင်းမှုလုပ်သူတွေကို ရရာနေရာကနေ တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ လူသားချင်းအတူတူ ဖြစ်နေပါရဲ့နဲ့ အမေရိကန်သားကျ တန်ဖိုးရှိတယ်၊ မြန်မာပြည်သား ဘဝကျ ပုရွက်ဆိတ် သာသာ အနေအထားလို့ လက်ရှိ မြင်ရ ဖြစ်နေရတာ တွေးမိရင် အင်မတန် နာကျင်စရာကြီး မဟုတ်လား။ နာကျင်တတ်ရင် ပြောတာပါ။ လက်ရှိမှာ ဘာမှမဖြစ်သလို နေနေကြ ပျော်ရွှင်ပြနေကြတဲ့ လူတွေကို မြင်နေရတော့လေ။
ရုပ်ရှင်ရည်ညွှန်း – A Mighty Heart Movie (2007)
Be the first to comment