ရူးနေတဲ့ အရေးအသားကို ရေးသူ ရှိလား

‘ရူးနေတဲ့ အရေးအသားကို ရေးသူ ရှိလား’
◼️လွန်းညီ
(၁)
လီလီဆန်ကိုသိခဲ့လို့ ပထမဦးစွာ အားလုံးကို တောင်းပန်ပါတယ်။ လူတယောက်ကို လက်ဆွဲနှုတ်ဆက်ရင်း ပြည်တွင်းစစ်ကြီး ရှည်ကြာခဲ့တာကိုရော။ ကိုယ်ချစ်တဲ့သူနဲ့ ဝေးခဲ့ရတာကိုရော။ စာမေးပွဲဖြေရတာတွေကို ခင်ဗျားတို့ မုန်းဖူးသလား။ ခင်ဗျားတို့မကြုံဖူးတဲ့ စာမေးပွဲကို ကျနော်ဖြေဆိုခဲ့ဖူးပါတယ်။ ဘာသာရပ်နှစ်ခု မတူညီပေမယ့် မျက်ရည်အမှတ်တွေက စိုးရိမ်ရေမှတ်ထက် ကျော်လွန်တယ်။
သာရေးနဲ့နာရေး ဘယ်ဟာကိုရွေးမလဲဆိုရင် ဝက်သားကြိုက်တဲ့သီပေါဟာ ဗန်းမော်က ဝယ်ခဲ့တဲ့ အပျိုတော်တွေပြန်သွားမှာကို စိုးရိမ်ခဲ့တယ်။ ဒီလိုနဲ့ သီပေါက ၁၉၁၆ မှာ ဆီးချိုနဲ့ ကံကုန်ခဲ့တယ်ဆို။ အခုတော့ နောင်ချိုမြို့ပေါ်နဲ့သုံးမိုင်အကွာထိ ရန်သူက ပြန်ရောက်လာပြီ။ အဲ့ဒီအချိန် လီလီဆန် ဘာလုပ် နေခဲ့လဲ။ ကျနော်တို့နှစ်ယောက် မြနန်းစံကျော်ရွှေနန်းတော်ကို အတူရောက်ခဲ့ဖူးပါတယ်။ ဗျိုင်းတွေက ဘယ်လိုလိင်ဆက်ဆံကြသလဲဆိုတာ အပြိုင်အဆိုင်တွေးခေါ်ကြရင်း ကျနော်တို့ စကားများခဲ့ကြသေးတယ်။ တမူထူးခြားတဲ့ (၆၆) နှစ်ပြည့်မွေးနေ့အတွက် ပြင်ဆင်ရင်း စုဖုရားလတ်က နှလုံးရောဂါနဲ့ ကံတော်ကုန်ခဲ့တယ်တဲ့လေ။ ပြီးတော့ အဲ့ဒီခေတ်က ရေခဲစက်ကြီး ဘယ်ရောက်သွားလဲ။
အဲ့သလိုမေးခွန်းမေးမိချိန်မှာပဲ ကိုယ်သွေးပေါင်ချိန်တယ်။ ( ၁၄၀_၁၀၀)ကျော်ကျော် ဝန်းကျင်လေးမှာ နေသားတကျ ဖြစ်နေပြီ။ “ငြိမ်းချမ်းရေး ဘယ်မှာလဲ” လို့မေးနေချိန်၊ ခိုတွေလိင်ဆက်ဆံဖို့ပြုလုပ်ပြီးစ ည်းရုံးနေတဲ့အသံကို ခိုတွေရဲ့ညီးတွားသံလို့ လူတွေက အသည်းအသန် ငြင်းပွားနေကြတုန်းပါပဲ။ ဒီနှစ်ထဲမှာပဲ တောင်ကြီးမှာ ရေကြီးတယ်။ မေလကျော်မှ မေခမြစ်ရေတွေ မြင့်တက်လာတာရော သိပြီးပြီလား။ မြွေပွေးကိုက်လို့ မကွေးထိ ဆေးသွားကုခဲ့ရပေမယ့် ကျောက်ကပ်အထိ အဆိပ်ရောက်သွားတဲ့လူနဲ့ မနေ့က ပြန်ဆုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် သူ မသေခဲ့ဘူး။ ငါ့လိုပါပဲ။ စုဖုရားလတ်က ဗိုက်နာတိုင်း ခေါင်းလျှော်တတ်တယ်ဆိုတာ ဟုတ်လား။ ကျနော် ခေါင်းလျှော်မိတိုင်း ဆူခဲ့ဖူးတဲ့လူတယောက် မရှိတော့ဘူး။
လူတယောက်က လူတယောက်ကို လွတ်လွတ်လပ်လပ်ချစ်ဖို့ မလွယ်ကူတဲ့အချိန် ရောက်လာတယ်။ လူတယောက်ကို လူတယောက်က လွတ်လွတ်လပ်လပ် လွမ်းလို့မရတဲ့အခြေနေ ဖြစ်လာတယ်။ ကိုယ်တို့် မရှိတော့ဘူးဆိုရင်တောင် ကိုယ့်ကို ဘယ်သူတွေပိုင်ဆိုင်ကြမလဲ။ ဘယ်သူတွေ အသုံးချကြမလဲ။ ဘယ်သူက လွှမ်းမိုးချုပ်ကိုင်ကြဦးမလဲ။ အဲ့ဒီနောက် ကိုယ့်နှလုံးသားကိုတော့ မီးရှို့မပစ်လိုက်ပါနဲ့။ မင်း မီးပူမယ်လေ။
(၂)
လွန်ခဲ့တဲ့နှစ်နှစ်က ရေးမိထားတဲ့အရာတခုကို ကိုယ်ပြောပြပါ့မယ်။
“နှစ်ပေါင်းအတော်ကြာ စုမိထားတဲ့ မိစုရဲ့စာအုပ်လေးတွေ မနေ့က မိုးမိသွားတယ်။ စုမိထားတဲ့စာအုပ်တွေ မိုးမိသွားတဲ့မိစုက မိုးမိပြီး ရေစွတ်စိုသွားတဲ့စာအုပ်တွေအတွက် မျက်ရည်တွေနဲ့နှမြောပြီး ဝမ်းနည်းနေတယ်။”
‌‌‌‌‌‌‌‌‌‌‌‌‌
ဒါပေမယ့် ကိုယ် မငို ပါဘူး။ ကြီးသူက ငယ်သူကို အနိုင်ကျင့်တာလည်း ဖိနှိပ်တာပါပဲ။ အဖိနှိပ်ခံအတွက် ရပ်တည်ရင်း ဖိနှိပ်ခံနေရပြီလားလို့ ပြန်မေးကြည့်မိတော့ တရားမျှတမှုကိုရှာဖွေရင်း တရားမျှတခြင်းကို လျစ်လျူရှူကြတော့မလား။ စေ့စေ့စပ်စပ်တွေးပြီး ရိုးရိုးသားသား မေးကြည့်မိတော့ ကိုယ့်မေးခွန်းက မမေးသင့်မှန်း သိသွားခဲ့တယ်။ ကြောင်ပန်းပင်ကို ကြားဖူးလား။ ရေတိုက်စားခံရတဲ့ချောင်းပြင်တွေမှာ စိုက်ကြတယ် လေ။ အဖိုးတန်ပေမယ့် ဘယ်မှာသုံးရမလဲမသိတော့ ရောင်းဖို့ကိုပဲ သိကြတယ်။ ကိုယ်တို့ဟာ ကြောင်ပန်းပင်ပဲ။ တနှစ်တည်းနဲ့ သိန်းရာချီရတဲ့ကြောင်ပန်းပင် (ယာယီ) တောင်သူ‌တွေ၊ လုပ်အားကို အမြတ်ထုတ်သူတွေအတွက် ကိုယ်တို့က အဲဒီကြောင်ပန်းပင်လိုပါပဲ။ ကြောင်ပန်းခင်းကိုစောင့်ရင်း ဘီယာများစွာ ဘယ်ရောက်သွားလဲမသိဘူး။ အဲ့ဒီအထဲမှာနေရချိန် နှစ်သောင်းငါးထောင်လီ ချီတက်ပွဲအကြောင်း ပြန်တွေးမိသေးလား။ လူလေးသောင်းခွဲလောက်ပဲ ကျန်ခဲ့တယ်ဆို။ အခုထိ ကိုယ်တို့မရောက်ရှိသေးပါဘူး။
တာတူးမြစ်ရေစီးသန်တာနဲ့ နွားဖျင်းနွား မမောင်းခိုင်းတာ ဘာဆိုင်သလဲ။ စလင်းချောင်းထဲမှာ လွန်ခဲ့တဲ့ တနှစ်က ရေချိုးခဲ့ဖူးတာကို သတိရတယ် ။ ကိုယ့်ကွန်တက်ထဲမှာ ကေ(အမည်လွှဲ) ဆိုတဲ့ အမှတ်အသားမရှိတော့ဘူး။ သူ့အသံတွေကို အခုထိ နားထောင်ဖြစ်တယ်။ တခါတလေ မေ့ဖို့အတွက် စိတ်ပျက်စရာ ကုန်ကြမ်းတွေ ရှိဖို့လိုအပ်တယ်လေ။ ခင်ဗျားယုံမလား။ သူ့အကြောင်း ပြန်မတွေးမိတဲ့အကြောင်း မင်းသိမှာပါ။ အခုတော့ ကတိမတည်နိုင်ဘဲ လိမ်ညာမိတဲ့အကြောင်း ပြောမိသွားခဲ့တာပဲ။ “သံယောဇဉ်ဆိုတာ အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ”* ဆိုတဲ့ အဓိပ္ပာယ်ကို အခုတော့ ကျနော် နားလည်ပါပြီ။ ဝိုင်သောက်ပြီး ဆဲတဲ့သူကို ထန်းရည်သောက်ရင်း နားထောင်ရတာ ဇိမ်ရှိသလား။
ခံစားချက်ချင်း တူဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ယုံကြည်ချက်ကြောင့် သတိလစ်သွားတဲ့ ဆက်ဆံရေးတခုကို ပြန်လည်ဆက်သွယ်ဖို့ သတိမရတော့တာကို ယုံကြည်ပါလို့ မတောင်းဆိုရဲပါဘူး။
(၃)
နိုင်ငံရေးငလျင်လှုပ်ခတ်ချိန်တိုင်း သင်၏အတွင်းရေးများကို လူထုထံသို့ တင်ပြလေ့ရှိကြတယ်ဆိုတာကိုတော့ သင် ဆက်လက်သဘောမကျသင့်ပါဘူး။ ဒါပေမယ့် ကျနော်ဟာ ကိုယ် ကြည့်မရသည့်တိုင် ကိုယ်မုန်းတီးသည့် လူတဦးဖြစ်စေကာမူ သူ့ကို ကျနော် မုန်းတီးသည့်အရာမှာ အခြားအရာဖြစ်ပြီး သူ၏အကြောင်း မမှန်ကန်မှုများ ပြောဆိုလာပါက လိုက်လျောညီထွေ လိုက်လျောမှု ကျနော်မလုပ်တတ်။ ကျနော်သည် သူ့ကို သဘောမကျသည်မှာ မှန်ကန်သည်ဖြစ်ပါစေ ယခုအလုပ်တွင်မူ သူလုပ်ရပ်များ မဟုတ်ကြောင်း၊ မမှန်ကြောင်း အတင်းအဓမ္မ အတိတ်အကြောင်းများကိုပါ ပြောဆိုလာပါက ကျနော်ရှင်းလင်းတင်ပြနေဦးမည်။ သေလုဆဲဆဲ ဒဏ်ရာရပြီးလျှင်ပင် ကျနော့်နောက်ကျောတွင်ရှိသော ဒဏ်ရာဒဏ်ချက်များကို ဂရုစိုက်မည့်သူ မဟုတ်ပါ။ အချိန်တခုအထိ မေ့ထားပါဦးမည်။ သူနဲ့ မတွေ့မီ အချိန်အထိ ပေါ့လေ။
(၄)
ရူးနေတဲ့အရေးအသားကို ရေးသူ ရှိလားလို့ မေးလိုက်ကတည်းက ရေးသူက ရူးနေတာကို ခင်ဗျားသိမလား။ ကျနော်မသိဘူး။ ဒါပေမယ့် ကျနော် ရူးနေပြီဆိုတာ နေကြာပန်းလေးတပွင့်ကဖြစ်ဖြစ် သိခဲ့မှာပါ။ အဲ့ဒီနေကြာပန်းဟာ နေထွက်ရာအရပ်ကို မျက်နှာမူသလား။ ရူးနေတဲ့လူတယောက်ကို ချစ်စိတ်ရှိဖို့ အန္တရာယ်ကင်းတဲ့ ဆက်ဆံရေးတခု ပျက်ဆီးသွားပါပြီ။ ကျနော် ရှေ့ဆက်တိုးဖို့ ချစ်တယ်ဆိုတဲ့ စကား ကျနော် ဆက်လက်ပြောပြနေဦးမှာပါ။ ဒါပေမယ့် ရှင် ဘယ်တော့မှ မကြားစေရဘူးရှင်ရယ်။
ကျနော်လေ တခုခုကို စောင့်မျှော်ရင်း ကျနော် သိသိသာသာ အိုမင်းသွားတာကို သိလာရတယ်။ စိတ်ဖိစီးမှု သုံးပိဿာလောက် ကျနော် ဈေးတခုထဲ ရောင်းကြည့်တယ်။ ရတဲ့ငွေနဲ့ မုန့်ဟင်းခါးအတူ(စား)မယ်။ ပြီးတော့ ဟင်းရည်အတူ(သောက်)မယ်။ ပျော်စရာကောင်းတဲ့ ဖျော်ရည်*ဆိုတာလည်း ကျနော် မော့သောက်ခဲ့ဖူးပြီးပါပြီ။ တပတ်အတွင်းမှာပဲ မန္တလေးရမ် နှစ်ဂါလံလောက် ကုန်သွားခဲ့တယ်လေ။ ဒါပေမယ့် မူးယစ်ရီဝေနေတဲ့ အချစ်တေလေတယောက်လိုပါပဲ။ အိမ်တအိမ် ဒါမှမဟုတ် မိသားစုတခုမှာ လိုအပ်နေတာ နွေးထွေးမှု။
အခုလို ရူးနေတဲ့ အရေးအသားကိုရေးနေသူလူတယောက်တောင် ဒါကိုသိတယ်ဆိုရင် ခင်ဗျားရော ကျနော့်ကို သတိရရဲ့ မဟုတ်လား။ အခုတော့ ကျနော် ပိုက်စိပ်တိုက် လိုက်ရှာနေမိပါတယ်။ စစ်မှန်သောမိတ်ဆွေ၊ မိသားစု၊ ဘဝ၊ အနာဂတ် အရာအားလုံး ပျောက်ဆုံးနေတဲ့ ကိုယ့်ကိုယ်ကိုယ်။ အခုထိ ရှာမတွေ့သေးဘူး။
ဒုက္ခတွေထဲ ခင်ဗျား ပျော်ပါစေ။
About The Call 767 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*