ရဲဆိုးတယောက်အကြောင်း

ညီလင်းအိမ်

by The Call
1 views
“ရဲဆိုးတယောက်အကြောင်း”
◾️ ညီလင်းအိမ်
လွန်ခဲ့တဲ့လေးနှစ်လောက်က ထင်ပါရဲ့။ 1992 က ထွက်တဲ့ ဒါရိုက်တာကြီး Abel Ferrara ရဲ့လက်ရာ Bad Lieutenant ရုပ်ရှင်ထဲက ဇာတ်ကောင်အကြောင်းကို ကျနော် တခုတ်တရ ရေးဖူး ပြောဖူးတယ်။ ဒါပေမဲ့ လူသိများတဲ့ ရုပ်ရှင်မဟုတ်တော့ ဘယ်သူမှတောင် မဖတ်ကြဘူးထင်တာပဲ။
ထားပါတော့။ အဲဒီနောက်မှာပဲ ဒီရုပ်ရှင်နဲ့ ကာရိုက်တာချင်းဆင်တဲ့ 2009 ခုနှစ်ထွက် Bad Lieutenant ရုပ်ရှင်ကို ဆက်ကြည့်ဖြစ်တယ်။ကျနော်ပြောချင်တာက ဇာတ်လမ်းသွား တူကြပေမယ့် မတူညီတဲ့ ဒါရိုက်တာတွေရဲ့ ကာရိုက်တာ တည်ဆောက်ပုံတွေအကြောင်း။ စိတ်ဝင်စားစရာက နစ်ကိုလပ်ကေ့ခ်ျကို ဇာတ်ဆောင်ထားပြီး ရိုက်တဲ့ ဂျာမန်ဒါရိုက်တာကြီး Herzog ကတော့ သူ့ရဲ့ ဒီရုပ်ရှင်က 92 နှစ်က လက်ရာကို ပြန်ပြီးဆင့်ပွားမွမ်းမံထားတာ မဟုတ်တဲ့အကြောင်း ငြင်းချက်ထုတ်တာပဲ။ သို့ပေတဲ့လည်း 92 က လက်ရာပိုင်ရှင် ဒါရိုက်တာကြီးကတော့ Herzog က သူ့လက်ရာကို ပြန်မှီးတာ မဟုတ်တဲ့အကြောင်း ငြင်းတာကို ကြားလို့ဖြစ်မှာပေါ့ ပက်ပက်စက်စက်ကို ဆဲရေးပါသတဲ့။
ခေတ်အရ ပြောမယ်ဆိုရင် 92 လက်ရာကလည်း အင်မတန်မှ ဂေါ်တယ်လို့ပြောရမှာပါ။ အစိုးရက ပေးထားတဲ့ အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဘိန်းရှု၊ ဘောပွဲလောင်း။ အဆင်ပြေပြေသလို ငွေညှစ်။ မကောင်းမှုမှန်သမျှကို ရထားတဲ့အာဏာကလေးကို ကာဗာပြု အသုံးချပြီး ဘဝကို လည်ပတ်နေတဲ့ ရဲအရာရှိဆိုးတယောက်အကြောင်း။ ဒီလိုကာရိုက်တာကိုပဲ ဒစ်ဇယ်ဝါရှင်တန်က Training Day ရုပ်ရှင်မှာ ဆက်ပြီးတင်ဆက်ပြနိုင်လို့ အော်စကာတောင် ပေးလိုက်ရတယ်။
မည်သို့ပင် ဖြစ်ပါစေပေါ့လေ။ ကျနော်ကျတော့ Herzog ရဲ့ လက်ရာတွေကို အရမ်းစွဲလို့လားမသိပါဘူး။ ဒီလို အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး မကောင်းမှုလုပ်ကြတဲ့ ရဲအရာရှိဆိုး ဇာတ်ရုပ်မှာ ဒီနစ်ကိုလပ်စ်ကေ့ခ်ျ ဇာတ်ကောင်ကို ပိုလို့သဘောအကျမိတယ်။ ပြောမယ်ဆို လူတယောက်ရဲ့ အမှောင်ဘက်ခြမ်းကို ပိုပြီး မြင်ရတယ်။ စောစောကပြောခဲ့တဲ့လက်ရာတွေကျ ကိုယ်တွေရဲ့ အမြင်သက်သက်ကနေပဲ မခံချိမခံသာဖြစ်ရတာမျိုး။ ရွံရှာစိတ်မဖြစ်ဖြစ်အောင် တွန်းပြသလိုမျိုး ခံစားရတာ။
Herzog ရဲ့ ကာရိုက်တာမှာတော့ နစ်ကိုလပ်ကေ့ခ်ျက ရဲကောင်းတယောက်လို့ ယေဘုယျအားဖြင့်ကောက်ချက်ပြုရပေမဲ့ သူ့ပုံစံက မြင်ဖူးနေကြဇာတ်ရုပ်တွေလို ရဲအရာရှိ ပုံစံသက်သက်နဲ့အလုပ်လုပ်ပုံလောက် ရိုက်ပြတဲ့ သဘောမျိုးမဟုတ်ဘူး။ သက်မွေးဝမ်းကြောင်းမှုအရသာ ရဲအလုပ်လုပ်နေပေမဲ့ သူလည်း လူသားသက်သက်ဆိုတဲ့ အမြင်ကို ခံစားမိလာအောင် ပြတယ်။ နောက်တခုက ဇာတ်ညွှန်းတခုလုံးမှာ သူ့ရဲ့ ရဲလုပ်ငန်းစုံစမ်းပုံ၊ ကယ်တင်ပုံတွေနဲ့ ရဲအသိုင်းအဝိုင်းကြီးက ကျယ်ကျယ်ပြန့်ပြန့် အလုပ်လုပ်နေတာမျိုးတွေ ပြတဲ့ ဇာတ်အိမ်ပိုမိုခိုင်ကျည်စေတဲ့သဘောမျိုးဆိုပါတော့။ လူဆိုးဂိုဏ်းသားတွေရဲ့ အလုပ်လုပ်ပြမှု ရက်စက်တာမျိုးကို မည်ကာမတ္တသဘောပဲ ပြပြီး နစ်ကိုလပ်ကေ့ခ်ျရဲ့ ဇာတ်အိမ်ကိုပဲ အဓိက ဇောင်းပေးပြတာတွေနဲ့ သူ့ရဲ့ ရှုပ်လေပုံလေ ဖြစ်နေတဲ့ ဘဝအမျောကြီးကို မြင်နေအောင် ဖော်ပြနိုင်မှုတွေဟာ Herzog ရဲ့ လက်ရာ ဖြစ်နေလို့ပဲ။
သူဟာ အလုပ်လုပ်ရင်း ကိုကင်းစွဲတယ်။ သူတို့ဆီက ရဲတွေမှာ ကိုယ်တွေဆီက မြန်မာရဲတွေလိုလည်း ဗြောင်လိမ်ဗြောင်စား ထင်ရာလုပ်မရတော့ သူ့ဘဝက ဒီထဲမှာပဲ ချောင်ပိတ်မိရေစုန်မျောနေတဲ့ပုံစံ။
မုန်တိုင်းတွေဖြစ်တော့ သူက ထောင်သားတယောက်ကို ကယ်တင်ခဲ့ရာကနေ ကျောမှာအတွင်းဒဏ် ဖြစ်သွားတယ်။ ရေရှည်ဆေးကြိတ်ကုရင်းကနေ ကိုကင်းစွဲသွားတယ်။ ရဲတယောက် ကိုကင်းစွဲတာဆိုတော့ ကိုယ့်ပြေမှာတော့ အလွယ်ကလေးပေါ့။ ရှာရဘာခက်မှာလဲ။ သူလို ရဲဝန်ထမ်းကောင်းတံဆိပ်ရ အရာရှိခမျာမှာတော့ ဆေးငတ်ယင်းထချိန် ကိုကင်းကလေးစဉ်းငယ်မျှ ရဖို့အရေးအတွက် ရှာဖွေရတာဟာ သွေးစုပ်‌ဖုတ်ကောင်ထက် အခြေအနေဆိုးနေတာ မြင်ရတယ်။
သူ့မှာအတူနေတဲ့ ပြည့်တန်ဆာမလေးလည်းရှိတယ်။ ဒီကောင်မလေးကတော့ သူဟာ ဘာပဲဖြစ်နေပါစေ။ ဘယ်လိုပဲ အကျင့်တွေပျက်စီး ယိုယွင်း။လက်တွေ့လူမှုကမ္ဘာကြီးက လူသားတွေမကောင်းဘူးလို့ သတ်မှတ်ထားတဲ့ စံတွေအောက်မှာ အလုံးစုံ နစ်မြုပ်ပြီး ဘာတခုမှ လိုက်မမီ။ ဘာတခုမှ မအောင်မြင်ဘဲ ရဲဝန်ထမ်းကောင်းတံဆိပ်ကလေးနဲ့ လောင်းကစားလုပ်ရင်း အကြွေးတွေနွံနစ်နေသူ။ ကိုကင်းပြတ်လပ်ပြီဆို နိုက်ကလပ်လိုနေရာတွေသွားပြီး အဲဒီကို ပျော်ပါးဖို့ရောက်လာကြတဲ့ လူငယ်တွေဆီက အရာရာ အနိုင်ကျင့်ဖို့ ဝန်မလေးသူ စတဲ့ အကျင့်စာရိတ္တ ပေါင်းစုံ ပျက်စီးနေတဲ့သူ့ကို သူကလေးကတော့ သူက သူဖြစ်နေဖို့ပဲ ဆိုတဲ့ မေတ္တာတရားတွေပဲ မပြောင်းလဲပဲ ထားရှိတာမို့ မစွန့်ပစ်ရက်ရှာဘူး။ ပြသာနာတွေတက်နေတာ လာပျော်ပါးတဲ့ ဖောက်သည်တွေက အနိုင်ကျင့်တာမျိုးဆို ချက်ချင်းသွားပြီး ပါဝါပြပေးရတယ်။ ကောင်မလေးမှာလည်း သူ့ကို အားကိုးပြီးပဲ ရပ်တည်နေရတာဖြစ်တယ်။
ပြောမယ်ဆိုရင် Herzog ရဲ့ ဇာတ်ကောင်ဟာ ကိုယ်တို့လို မကောင်းမှုအစုစုတွေကြား ပျင်းရိထုံထိုင်းမှုတွေ။ ဘဝအတွက် ဘယ်လိုရည်ရွယ်ချက်ခိုင်ခိုင်မာမာရယ်လို့ ချနိုင်စွမ်း မရှိ။ဘယ်လိုချရမယ်လို့လဲ မသိတဲ့ လူသားပီသတဲ့ ပုံစံကို အပြည့်အဝမြင်ရတယ်။ သူ့မှာ အသိဉာဏ်ရှိတဲ့ လူသားပီပီ သူဖြစ်နေတဲ့ လက်ရှိ ဒုက္ခနွံတွေထဲကနေ ရုန်းကန်လိုစိတ်ရှိတယ်ဆိုတာကို တချက်တချက်မှာ မြင်နေရပေမဲ့ ဒီလိုမကောင်းတဲ့ အကျင့်ဝဲဂယက်ထဲမှာ ရုန်းထွက်လို့ မစွမ်းသာတာကို ‌တွေ့ရတယ်။
ဘော်ဒါတကောင်ပြောသလိုပေါ့ ခု ငါတို့ မြင်းဆေးတွေ ချတယ်။ ဈေးကြီးမှန်းလည်း သိတယ်။လူထိခိုက်မှန်းလည်းသိတယ်။ ဥပဒေကြောင်းအရ ဆွဲစိခံရနိုင်တာလည်းသိတယ်။ ဒီလိုဆေးစွဲနေတဲ့ကောင်ဆို လူ့ပတ်ဝန်းကျင်က လူရာမသွင်းတော့တာလည်း သိတယ်။ ဒီလို အရာရာပေးဆပ်ပစ်လိုက်ရတဲ့၊ အလိုလိုနစ်ဝင်သွားရတဲ့ မကောင်းမှုတွေ။ လောင်းကစားတွေ။ ဘာလို့ စိတ်က စွဲသလဲ ဆို ကောင်းလို့ပဲ။ အဖြေက သုံးလိုက်ရတဲ့ခဏမှာ အဲဒါတွေနဲ့ အသာတကြည် လဲလှယ်မေ့ပစ်လို့ရအောင်ကောင်းနေလို့ပဲ။ ငါတို့လူ့ကမ္ဘာက လူသားတွေသတ်မှတ်ထားတဲ့ ခုလို အပျော်အပါးမလုပ်ဘဲနေတာ၊ မိန်းမမလိုက်စားတာ၊ ဆေးမချတာ၊ ဘာသာရေးပဲ ကုပ်လုပ်ရင်း။ အဲဒီလိုလုပ်နေတာကနေ ပြောခံရတဲ့ ချီးကျူးစကား။ စိတ်အေးချမ်းသာမှုတွေကနေ ရတယ်ဆိုတဲ့ ဖီလင်တွေထက် ခုငါတို့ချနေတဲ့ဟာတွေက ပိုကောင်းတယ်လို့ပဲ ထင်မိလို့ အဲဒီစံဆိုတာတွေကို အရေးမစိုက်အားတော့တာပေါ့ကွာ။ ဒါကြောင့်လည်း တကယ့်ဆေးဂျိုးတွေ ယင်းမှ ထပြီဆို အိမ်သာခွက်ထဲ ဆေးမှုန်တွေပုံထားလည်း လျှာနဲ့ပြေးယက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ အဓိကကတော့ ပြန်ရလိုက်တဲ့ ဖီလင်ဟာ အရာအားလုံးထက် ကောင်းနေလို့ ပေါ့ကွာ ဆိုသလို မျိုးပေါ့။သူဟာ ဒီကိုကင်းစွဲနေတဲ့ ဖီလင်နောက်ကိုပဲ ရုန်းလို့မရ လိုက်နေရတာ။ ဆေးဆာလာပြီဆို သေနတ်ပြ၊ တံဆိပ်ပြပြီး လိုက်ညှစ်ရတော့တာပဲ။ ဆေးညှစ်နေရင်း စော်ကိုရလိုက်ရင်လည်း Public လား ဘာလား နားမလည်ဘူး။ ကြိတ်လိုက်တာပဲ။ ဖြစ်ခါမှဖြစ်စေတော့ပေါ့ကွာ အနေအထားပေါ့။ လက်တွေ့ဘဝက မှားနေတဲ့သူတွေ မှားမိတဲ့သူတွေလည်း အဲသလိုပဲ မဟုတ်လား။ ဖီလင်မှ ငြိပြီဆိုလို့ကတော့ ဖြစ်ခါမှဖြစ်စေတော့ လုပ်မိလိုက်ကြတာပဲ။
Immigrant တွေကို ကလေးပါ မချန် သတ်ဖြတ်သွားတဲ့ ကိစ္စမှာလည်း သူကိုယ်တိုင် လိုက်ပါနေပေမဲ့ အမှုအတွက်လည်း သူ့မှာ ဒေါသဖြစ်နေတာမျိုး စိတ်အားထက်သန်တာမျိုး မြင်ရပေမဲ့ လက်တွေ့ကမ္ဘာကြီးထဲက လူသားတွေဟာ တကယ်ဖြစ်လာတဲ့အခါမှာ ဒီလိုသနားဖွယ်ရာ ရက်စက်စွာသေဆုံးသွားရတဲ့ ကလေးငယ်တွေကိုလည်း သနားဖို့ ဝေးစွ။ ကိုယ်ကိုယ်ကျိုးနဲ့ ကိုယ့်ဘဝသက်ဆိုင်ရာနယ်ပယ်ကိုသာ ပြန်ကြည့်တတ်တာမျိုးတွေကိုပဲ တွေ့ရတော့ သူဟာ ဒေါသထွက်ပေါက်ကွဲရတယ်။
ဒါပေမဲ့လည်း သူဟာ အမှုဖော်နိုင်ဖို့ အသာထားဦး။ သူ့ဘဝအတွက်တောင် ဘယ်သို့ဘယ်ပုံ ဆက်လျှောက်ရမယ် မသိနိုင်သေးဘူး။ အကြွေးမပေးတဲ့လူဆိုးတွေက နှစ်ရက်အတွင်းမပေးရင် သတ်မယ်လို့ ခြိမ်းခြောက်သွားတယ်။ အိမ်က ဖခင်အိုကြီးနဲ့ ဘီယာစွဲနေတဲ့ မိထွေးကလည်း ‌အိမ်က ခွေးကို မစောင့်ရှောက်နိုင်ဘူးဆိုလို့ သူ့မှာ ခွေးကို ကားပေါ်တင်ပြီး ကြောင်ပျောက်နေရတယ်။
ဆိုတော့ ရာဇဝတ်မှုဆိုတာမျိုးတွေဟာ သူလိုက်လို့ ပေါ်သွားသည် ဖြစ်စေ ဖမ်းမမိသည်ဖြစ်စေ ရပ်တန့်နေဦးမှာလည်း မဟုတ်ဘူးပေါ့။သူကိုယ်တိုင်မှာတောင် ခါးကြီးကိုင်းကိုင်းနဲ့ ဘဝကို ဘယ်လို ဆက်သွားရမယ် မသိဘူး။ နောက်ဆုံးတော့ စစ်ကြောရေးက သိမ်းထားတဲ့ သေနတ်ကြီး မလိမ့်တပတ်နဲ့ သွားတောင်းပြီးတော့ပဲ ရှိရင်းစွဲ အာဏာလုပ်ပိုင်ခွင့်ကလေးကို ကာဗာပြုရင်း စားပေါက်စားလမ်း ထွက်ရှာရတော့တယ်။ ခေါင်းထဲမှာတော့ သမ္မာကျမ်းစာထဲက ဘယ်လိုဘုရားဟော အဆုံးအမမျိုးမှာ မရှိတော့တဲ့ ဦးဏှောက် အလွတ်ကြီးပဲ သယ်သွားတော့တဲ့ အနေအထား။
လူဆိုးတွေနဲ့ပေါင်း အင်ဖော်မာလုပ်ပေးမယ်။ကပ်ဝါးရင်း ကိုကင်းကလေးရမယ်။ ပိုက်ဆံကလေးရရင်လည်း အကြွေးတွေဆပ်မယ်ပေါ့။
ဟိုတယ်မှာထားဖို့ မလုံခြုံတော့လို့ အဖေ့အိမ် အစုတ်အပဲ့ကြီးထဲကို ခေါ်လာချိန်မှာ သူ့ရဲ့ ပြည့်တန်ဆာမလေးကို ပြောတဲ့စကားတွေမှာတော့ သူကိုယ်တိုင်မှာလည်း မက်ဖူးခဲ့တဲ့ရွှေသားအိပ်မက်တွေ ရှိခဲ့ကြောင်းကို မြင်ရတယ်။
အချစ်ရေ ဒီနေရာကလေးက ကိုယ့်အတွက်တော့ အမှတ်တရတွေအပြည့်နဲ့ ရဲတိုက်ကြီးတခုလိုပဲပေါ့ကွာ။ ကိုယ်ငယ်ငယ်က အချိန်တိုင်းလိုလို ဒီအိမ်ကလေးထဲမှာပဲ အချိန်ကုန်ခဲ့တာ။ ကိုယ်က အဲဒီတုန်းက ဒီနေရာလေးကို ပင်လယ်ဓားမြတွေ မြှုပ်နှံသိမ်းဝှက်ထားမဲ့ ရတနာသိုက်လို ‌နေရာကြီးလို့ပဲ အောက်မေ့လာတော့တာမျိုး။ အဖေကတော့ ကိုယ်ပြောတာတွေကို သဘောကျပုံမရှိပေမဲ့ အမေက သဘောပေါက်နားလည်ရှာတယ်။ အဲလိုနဲ့ ကိုယ့်အတွက် ‌သတ္တုတွေ ရှာပေးနိုင်တဲ့ စက်ကိရိယာလေး ဝယ်ပေးတယ်။ ကိုယ်ထင်နေတာ‌ကလေ မစ္စစ္စပီ မြစ်ကနေဆန်တက်လာမယ့် ဟိုးအိမ်ကလေးဘက်စွန်းက သစ်ပင်တွေအနားမှာ ရတနာတွေဖွက်ထားမယ်လို့ ယူဆခဲ့မိတယ်။ အဲလိုနဲ့ မေမေပေးထားတဲ့ စက်ကလေးအကူအညီနဲ့ တူးလိုက်တော့လေ ငွေရောင် ဇွန်းကလေးတချောင်းကို ရလိုက်တယ်။ ကိုယ်လေ ပျော်လိုက်တာများ။ ခုန်ပေါက်ပြီးကို ပျော်မိလိုက်တာ တဲ့။
သူ့မှာ ခုကြီးပြင်းလာတော့ ဘဝအိမ်အကြီးကြီးထဲကနေ ရတနာသိုက်တွေ ရှာရဖို့ ဖြစ်လာရတယ်။ ဒါပေမဲ့လည်း ငယ်ငယ်ကလို ငွေရောင်ဇွန်းကလေးတချောင်းတောင် ရှာမတွေ့နိုင်သေးဘူး။
ဒါဟာ ရက်စက်နာကျင်ဖွယ်ရာ ကံအကြောင်းဖေးမမှု ချို့တဲ့ရတဲ့ ဖြစ်ရပ်ပေါ့။ ခုတော့ သူ့ဆီကိုပဲ သူ့ဆင်းကူးရင်း နစ်နစ်လာခဲ့တဲ့ နွံတွေကြားထဲကနေ အဲဒီနွံတွေကပဲ ရေဘဝဲလက်တံတွေလို အလုံးစုံ ဆွဲနှစ်ပစ်ဖို့ အလုံးအရင်းနဲ့ ဦးတည်လာပြီပဲလေ။
ငွေရောင်ဇွန်းကလေးကတော့ ဘယ်မှာရောက်နေသေးသလဲ မသိနိုင်သေးဘူး။
ရုပ်ရှင်ရည်ညွှန်း- Bad Lieutenant: Port of Call New Orleans Movie ( 2009 )

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment